သတင်း

မန္တလေး မြန်မာဓိက သတင်းစာ မထုတ်ဝေခင် ရပ်

This article has been converted from Zawgyi One to Unicode

ပြန်ကြားရေးဝန်ကြီးဌာန၏ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ပြုချက် ရရှိထားသော မန္တလေးမြို့ အခြေစိုက် မြန်မာဓိက နေ့စဉ် သတင်းစာသည် မထုတ်ဝေခင် အစုရှယ်ယာရှင်များအကြား အငြင်းပွားမှုကြောင့် မေလ ၁၇ ရက်နေ့တွင် ရပ်နား လိုက်ပြီ ဖြစ်သည်။

မန္တလေးမြို့တွင် မြန်မာဓိက အမည်ဖြင့် နေ့စဉ်ထုတ် သတင်းစာတစောင် ထုတ်ဝေရန် ပြင်ဆင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြန်ကြားရေး ဝန်ကြီးဌာနထံမှ  သတင်းစာ ထုတ်ဝေခွင့်ပြုချက် ရရှိခဲ့ကြောင်း၊ မြန်မာဓိက သတင်းစာ ထုတ်ဝေနိုင်ရေး အတွက် အစုရှယ်ယာရှင် ၉ ဦးဖြင့် မတည်ရင်းနှီးငွေ စုစုပေါင်း ကျပ်သိန်း ၆၀၀ ကျော် ထည့်ဝင်ခဲ့ကြ ကြောင်း၊ သတင်းစာ ထုတ်ဝေနိုင်ရေးအတွက် ပြင်ဆင်နေစဉ်မှာပင် အစုရှယ်ယာများ အငြင်းပွားမှုကြောင့် မေလ ၁၇ ရက် နေ့က  ရပ်နားလိုက်ခြင်း ဖြစ်ကြောင်း မြန်မာဓိကသတင်းစာ၏ အစုရှယ်ယာရှင် တဦးလည်းဖြစ်၊ ဘဏ္ဍာရေးတာဝန်ခံ လည်းဖြစ်သူ ဦးစူးမြင့်သိန်းက ရှင်းပြသည်။

“ပြီးခဲ့တဲ့အပတ် အစုရှယ်ယာရှင် အစည်းဝေးမှာ ရှယ်ယာတွေ နောက်ထပ် ထည့်ဝင်ဖို့ ပြောတယ်။ လုပ်ငန်း လည်ပတ်စဉ် အချိန်ကာအတွင်း ကုန်ကျငွေမှာ ကျပ်သိန်း ၃၀၀ ကျော်သွားပြီ။ ကျနော်တို့ လက်ရှိ ရှိနေတဲ့ ငွေအင်အားနဲ့ ဘယ်လိုမှ ဆက်ပြီး လည်ပတ်လို့ မရတော့လို့ပါ။ တကယ်လို့ လည်ပတ်ရင်လည်း အလွန်ဆုံး နောက်ထပ် တလပေါ့။ ရှယ်ယာရှင် တွေက နောက်ထပ် ထပ်ပြီး မထည့်ဝင်တော့တဲ့အတွက် လုပ်ငန်းကို ရှေ့မဆက်တော့ဘဲ ရပ်နားလိုက်တာပါ။ သတင်းစာထွက်ပြီးမှ ရပ်နားမယ်ဆိုရင် ပိုပြီး ဆိုးသွားမှာစိုးလို့ သတင်းစာ မထွက်ခင်ကစပြီး ရပ်နားလိုက်တာပါ” ဟု ဦးစူးမြင့်သိန်းက ပြောသည်။

မြန်မာဓိက သတင်းစာ၏ အယ်ဒီတာချုပ်လည်းဖြစ် အစုရှယ်ယာဝင်လည်းဖြစ်သူ ဦးတင်သစ်ကမူ သတင်းစာ ထုတ်ဝေခြင်းမပြုဘဲ ရပ်နားလိုက်ခြင်းကြောင့် နစ်နာမှုများစွာရှိပြီး နစ်နာမှုများအတွက် နစ်နာမှုများအတွက် ဥပဒေ ကြောင်းအရ တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

“မြန်မာဓိက သတင်းစာ ရပ်နားဖို့ကို ရှယ်ယာရှင် အားလုံးစည်းဝေးခေါ်ပြီး အားလုံးသဘောတူ ရပ်နားလိုက်တာ မဟုတ်ပါဘူး။  အစည်းဝေးဖိတ်ပြီး ရှယ်ယာ ထပ်ထည့်ခိုင်းတယ်။ လက်ရှိအနေထားအရ ကျပ်သိန်း ၃၀၀ ကုန်တယ်လို့ ပြောတယ်။  စာရင်း မထုတ်ပြပါဘူး။ ဒီသတင်းစာ ထုတ်ဝေမယ်ဆိုတဲ့ အချိန်တုန်းကလည်း အားလုံး သဘောတူညီမှုတွေနဲ့ နားလည်မှု ယူပြီး လုပ်ငန်းစခဲ့တာပါ။ လုပ်ငန်းရပ်နားတဲ့ အခါမှာလည်း အားလုံး သဘောတူညီမှုတွေနဲ့ ဖြစ်စေချင်တာပေါ့။ ခုဟာက သူတို့သဘောနဲ့ သူတို့ ရပ်နားပြီး ကျန်တဲ့ရှယ်ယာရှင် တွေကို နောက်ထပ် ငွေထည့်ခိုင်းတာတွေ လုပ်ခဲ့တာပါ။ အဲဒီလို တော့ မလုပ်သင့်ဘူးပေါ့ဗျာ။ အချင်းချင်း ထိုက်သင့်တဲ့ လေးစားမှုရှိဖို့တော့ လိုအပ်တာပေါ့။ ဝန်ထမ်းတွေကိုလည်း တွေ့ဆုံပြီး အကျိုးကြောင်းတွေနဲ့ သေချာရှင်းပြသင့်တယ်။ ခုတော့ အားလုံးက နစ်နာကုန်ကြတယ်။ နစ်နာမှုတွေ ရှိတဲ့ အတွက် တရားဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဦးတင်သစ်က ပြောသည်။

မြန်မာဓိက သတင်းစာတိုက်တွင်  မေလ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး သတင်းစာ ရပ်နားလိုက်ပြီ ဖြစ်သည့်အတွက် ဝန်ထမ်းများကို တလစာ ကြိုတင်ပေးသွားမည်ဆိုသော  နှိုးဆော်စာများ ကပ်ထားကြောင်း သိရှိရသည်။

မြန်မာဓိက သတင်းစာမှ သတင်းထောက်တဦးက “အဲဒီနေ့က  ပုံမှန်အတိုင်း ရုံးသွားတက်တာ။ ရုံးကို ပိတ်ထားပြီး နံရံမှာ ကပ်သွားတဲ့စာကြောင့် တော်တော် စိတ်မကောင်း ဖြစ်လိုက်ရတယ်။ ဒီတိုက်မှာ သတင်းထောက် ၁၀ ယောက်ကျော် လောက် ရှိတယ်။ တချို့ သတင်းထောက်တွေကတော့ တလစာကို ယူခဲ့ကြတယ်။ တချို့သတင်းထောက် တွေကတော့ ၃ လစာ တောင်းနေတာတွေ ရှိတယ်။ ကျနော်တို့ကို မြန်မာဓိက ဘက်က ကမ်းလှမ်းခဲ့လို့ တခြားသတင်းဌာနက နေထွက်ခဲ့ပြီး သူတို့နဲ့ အလုပ်လုပ်ခဲ့တာပါ။ ခုတော့ မြန်မာဓိက ပျက်သွားတယ်ဆိုတော့ ဘာဆက်လုပ်ရမလဲတော့ သေချာ မသိသေးပါဘူး” ဟု ပြောသည်။

မြန်မာဓိက သတင်းစာ ရပ်နားလိုက်ရခြင်းနှင့် ပတ်သက်ပြီး မန္တလေးမှ စာရေးဆရာ ညီပုလေးက စိတ်မကောင်းဖြစ်မိပြီး မန္တလေးတွင် သတင်းစာ တစောင် ထွက်ပေါ်လာစေရန် မျှော်လင့်မိကြောင်း ပြောသည်။

“မန္တလေးမှာ သတင်းစာ ထုတ်ဝေလိုက်တယ်ဆိုရင် အနည်းဆုံး မန္တလေးက သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ သတင်းစာရဲ့ အတွေ့ကြုံကောင်းတွေ အများကြီး ရနိုင်တယ်။ နောက်ပြီး အထက် မြန်မာပြည်ရဲ့ သတင်းတွေကို ပုံစံ မတူကွဲပြားစွာနဲ့ ဖော်ပြလို့ကောင်းတယ်။ ခုလို သတင်းစာ ထွက်မလာကတော့ သူတို့ရဲ့အပိုင်းပေါ့။ သူတို့မှာ အခက်ခဲတွေ ရှိချင်ရှိလိမ့်မယ်။ ဒါပေမဲ့ လုပ်ငန်းရဲ့ အတွေ့ကြုံတော့ လိုလိမ့်မယ်ထင်တယ်။ မန္တလေးအခြေစိုက် သတင်းစာ ဖြစ်မလာခဲ့တဲ့အပေါ်မှာတော့  စိတ်မကောင်း ဖြစ်မိတယ်” ဟု ဆရာ ညီပုလေးမှ ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ခွင့်ပြုထားသော မြန်မာဓိက  နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ကတ်နှင့် ပတ်သက်ပြီး အစုရှယ်ယာရှင်များအကြား အငြင်းပွားလျက်ရှိကြောင်း သိရှိရသည်။

Loading