အိမ်ရှေ့တွင် ကားရပ်သည့် ဇနီးမောင်နှံ နှစ်ဦးအား ရိုက်နှက် ထိုးကြိတ်ခဲ့သည့် ဧရာဝတီ တိုင်း ပုသိမ်မြို့ရှိ လေတပ်စခန်း ဌာနချုပ် မှ ဗိုလ်ကြီး ဖြိုးပြည့်အောင် ဆိုသူကို မိခင်တပ်ရင်း လေတပ်ဌာနချုပ်မှ ခုံရုံးဖွဲ့၍ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ပုသိမ်မြို့ အောင်ဧရာဈေး (ဘူတာဈေး) အနီးတွင် မေလ ၂၃ ရက်နေ့ မနက်ပိုင်းက အခင်းဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နေ့တွင်းချင်း ပင် ပုသိမ် လေတပ်စခန်း ဌာနချုပ်က စုံစမ်း စစ်ဆေးရေး ခုံရုံးဖွဲ့၍ ဗိုလ်ကြီး ဖြိုးပြည့်အောင် ကိုယ်ပိုင်အမှတ်(လေ – ၃၂၆၂) ကို စစ်ဆေးနေခြင်း ဖြစ်ကြောင်း ပုသိမ် လေတပ်မှ အမည်မဖော်လိုသည့် အရာရှိတဦးက ဧရာဝတီကို ပြောသည်။
“သူ့ကို စုံခုံ (စုံစမ်း စစ်ဆေးရေး ခုံရုံး) ဖွဲ့ပြီးတော့ စစ်နေတယ်။ ၂၃ ရက်နေ့ အားချင်းပဲ ခုံရုံးဖွဲ့ပြီး စစ်နေတာ”ဟု သူက ဆိုသည်။
ခုံရုံးဖွဲ့ စစ်ဆေးနေမှုကို ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ တပ်ရင်းတခုမှ အရာရှိတဦး ကလည်း အတည်ပြုခဲ့ပြီး ဗိုလ်ကြီး ဖြိုးပြည့်အောင်အား စစ်ဆေးပြီးပါက ရိုက်နှက်ခံခဲ့ရသူနှင့် အရပ်သား မျက်မြင် သက်သေများကို ပါ ဆက်လက် စစ်ဆေးဖွယ်ရှိကြောင်း ပြောသည်။
လုပ်ထုံးလုပ်နည်းများအရ စစ်ဆေးမှုများပြီးစီးပါက ခုံရုံးအဖွဲ့မှ သက်ချုပ် (သက်သေခံ အကျဉ်းချုပ်) ရေးသားရပြီး အပြစ်ရှိကြောင်း ယူဆပါက စစ်ဘက်တရားရုံးများတွင် စစ်ဥပဒေဖြင့် အမိန့်ချ စီရင်လေ့ရှိကြောင်း သိရသည်။
စစ်ဥပဒေ ချိုးဖောက်သည့် တပ်မတော်သားများကို အမိန့်ချသည့် စစ်ဘက်တရားရုံးများမှာ အကျဉ်းစစ် တရားရုံး၊ တိုင်းစစ်တရားရုံးနှင့် တပ်တွင်းစစ်တရားရုံးဟူ၍ ၃ မျိုးရှိ၍ အကျဉ်း စစ်တရားရုံးမှာ အမြင့်ဆုံးဖြစ်ပြီး တပ်တွင်းစစ်တရားရုံးမှာ အနိမ့်ဆုံးဖြစ်ကြောင်း နတခ အရာရှိက ဆိုသည်။
“ခုံရုံး အနေနဲ့ကတော့ အမှုတိုင်းမှာ ၂ ဘက်စလုံးကို ခေါ်ယူပြီး စစ်ဆေးလေ့ ရှိပါတယ်။ အပြစ်ရှိကြောင်း ထင်ရှားရင်တော့ အဲဒီ တပ်မတော်သားကို ရာထူးက ထုတ်ပယ်ပြီး စစ်ဥပဒေနဲ့ ပြစ်ဒဏ်ချတယ်။ ပြီးရင် အရပ်ဘက်ကို ပြန်လွှဲပြီး အရပ်ဘက်က စွဲထား တဲ့ပုဒ်မတွေကို ဆက်လက် တရားရင်ဆိုင်ရတယ်။ အရပ်ဘက်ကလည်း အပြစ်ထင်ရှားလို့ ပြစ်ဒဏ် ထပ်ချခဲ့ရင် စစ်ဘက်ကပေး တဲ့ အပြစ်ဒဏ်ရော၊ အရပ်ဘက် က အပြစ်ဒဏ်ရော ၂ ခုစလုံး ပေါင်းပြီး ကျခံရတယ်”ဟု နတခ အရာရှိက ရှင်းပြသည်။
မေ၂၃ ရက်နေ့ နံနက်ပိုင်းက ဘူတာဈေးအနီး ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ ပုသိမ် လေတပ်စခန်း ဌာနချုပ်မှ ဗိုလ်ကြီး ဖြိုးပြည့်အောင် က ၎င်း၏နေအိမ်ရှေ့တွင် ကားရပ်မိသူ ပုသိမ်မြို့ မျိုးစားသောက်ဆိုင်ပိုင်ရှင် ဦးမျိုးဝေ ကို ကားဖယ်ပေးရန် ပြောဆိုရာမှ အနည်း ငယ် စကားများခဲ့ပြီးနောက် ဦးမျိုးဝေအား ပါးရိုက်၍ ကားပေါ်မှဆွဲချကာ ထိုးကြိတ် ကန်ကြောက်ခဲ့ပြီး အနီးရှိ အုတ်နီခဲကျိုးဖြင့် ထုနှက်ခဲ့ကြောင်း ကာယကံရှင် ဦးမျိုးဝေက ဧရာဝတီကို ပြောသည်။
“ကျနော်က ဈေးလာဝယ်တာ လမ်းဘေးမှာပဲ ကားရပ်လိုက်တယ်။ ၁၀ မိနစ်လောက် နေတော့ အဲဒီအိမ်ထဲကနေ ဆိုင်ကယ်နဲ့ကောင်လေးတယောက် ထွက်လာတယ်။ အစ်ကို ကားရွှေ့ပေးပါတဲ့။ မင်းဆိုင်ကယ်ထုတ်ဖို့ကို အစ်ကို့ကားက အလွတ်ကြီးပါကွာလို့ ပြောတော့ သူက မဟုတ်ဘူး ကားရွှေ့ပေးပါလို့ပဲ ပြောတယ်။ အဲဒီမှာကျနော်က တကယ်လို့ မင်းကားနဲ့ ထွက်တာ မလွတ်ဘူးဆိုရင် ဖယ်ပေးမယ်လို့ ပြောတော့ သူ့ဆိုင်ကယ်ကို ပြန်သွင်းသွားပြီးတော့ ခြံတံခါးကိုဖွင့်လိုက်တယ်။ ပြီးတော့ ကျနော့်ဆီပြန်လာတယ်။ ကျနော့်ကားထွက်မယ် ခင်ဗျားဖယ်လိုက်တော့လို့ ပြောတယ်။ မင်းကားမှ ထွက်မလာသေးဘဲ။ မင်းကားထွက်လာရင် အလွတ်ကြီးရှိပေမယ့် ငါဖယ်ပေးမှာပါလို့ ပြောရော သူကဆဲပြီးတော့ ပါးကို စရိုက်တယ်”ဟု သူက ပြောပြသည်။
ခင်ပွန်းဖြစ်သူအား ရိုက်နှက်ထိုးကြိတ်နေသည့်အတွက် ဒေါ်ခင်သူဇာက ဝင်ရောက်တားမြစ်ရာ ယင်းဗိုလ်ကြီးက ဒေါ်ခင်သူဇာ ကိုလည်း အုတ်နီခဲဖြင့် ပစ်ပေါက်ခြင်း၊ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ကန်ကျောက်ခြင်းများ ပြုခဲ့ပြီး ဗိုလ်ကြီး၏ ဖခင် ဒေါက်တာ အောင်ငြိမ်း ကလည်း တုတ်ဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ကြောင်း ဘူတာဈေး အနီးရှိ မျက်မြင် သက်သေများက ပြောသည်။
“လေတပ်ကအရာရှိက အဖိုးကြီးနဲ့ပါလာတဲ့ အမျိုးသမီးကို ခဲနဲ့ကောက်ပြီးထုတာ တွေ့လိုက်တယ်။ အဲဒီအချိန်မှာ သူ့အဖေကထွက်လာပြီး အဲဒီအမျိုးသမီးကို ဝင်ပြီးတော့ ရိုက်တယ်။ အဲဒီမှာ အဘိုးကြီးကတားဖို့ ကြိုးစားရင်း လဲကျသွားတဲ့အချိန် ဝင်ပြီးတော့ တက်နင်းတာ။ ဒေါက်တာ အောင်ငြိမ်းနဲ့ သူ့သား စစ်ဗိုလ်နဲ့ ၂ ယောက် တက်နင်းကြတာပေါ့။ ဟိုလင်မယား ၂ ယောက်စလုံး ကတော့ လုံးဝကို ပြန်လည်ခုခံ တိုက်ခိုက်တာ မရှိပါဘူး။ ပက်လက်လန်နေတော့ ဘာမှကို ပြန်မလုပ်နိုင်တာ”ဟု မျက်မြင် သက် သေ တဦး ဖြစ်သူ ဘူတာဈေးရှိ အလုပ်သမားခေါင်းဆောင် ကိုဖိုးကျော်က ပြောပြသည်။
ဗိုလ်ကြီး ဖြိုးပြည့်အောင်နှင့် ဒေါက်တာ အောင်ငြိမ်းတို့ သားအဖ ၂ ဦး၏ ရိုက်နှက်မှုတို့ကြောင့် ဦးမျိုးဝေနှင့် ဇနီး ဒေါ်ခင်သူဇာ တို့မှာ ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး ပုသိမ်ဆေးရုံ ၌ တက်ရောက်၍ ဆေးကုသမှု ခံယူခဲ့ရသည်။
ဒေါ်ခင်သူဇာမှာ ဒဏ်ရာသက်သာသဖြင့် မေ ၂၄ ရက်နေ့တွင် ဆေးရုံကဆင်းခဲ့သော်လည်း ဦးမျိုးဝေမှာ ဦးခေါင်းဒဏ်ရာကြောင့် ရန်ကုန်မြို့ ဦးနှောက်နှင့် အာရုံကြော ဆေးရုံကြီးသို့ တက်ရောက်၍ ဆေးကုသမှုခံယူခဲ့ရပြီး ယမန်နေ့ကမှ ဆေးရုံ က ဆင်းခဲ့ ရကြောင်း သိရသည်။
ရိုက်နှက်ခံရသူများက ဗိုလ်ကြီး ဖြိုးပြည့်အောင်နှင့် ဒေါက်တာ အောင်ငြိမ်းတို့အား ပုသိမ်မြို့ အသည်ကြီး ရဲစခန်း၌ သွားရောက် တိုင် တန်း အမှုဖွင့်ခဲ့ရာ ပြစ်မှုအမှတ် (၉၉/၂၀၁၃) ဖြင့် ပြစ်မှုှဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာမှု)၊ ၃၂၅ (နာကျင် ဒဏ်ရာရအောင် လက်ရောက်ကျူးလွန်မှု)နှင့် ၃၅၄ (ကာယိန္ဒြေ ပျက်စီးသည်အထိ လက်ရောက်မှု) တို့ဖြင့် အမှုဖွင့် ထားကြောင်း ရဲစခန်းက ပြောသည်။
ဗိုလ်ကြီး ဖြိုးပြည့်အောင် တို့ ဘက်မှလည်း ဦးမျိုးဝေနှင့် ဒေါ်ခင်သူဇာ တို့အား ဥပဒေ ပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲရေး တိုင်းထွာမှု)
နှင့် ၄၂၇ (အကျိုး စီးပွား ဖျက်ဆီးမှု) တို့ဖြင့် ရဲစခန်း၌ ပြန်လည် အမှုဖွင့်ထားသည်။
ဗိုလ်ကြီး ဖြိုးပြည့်အောင်မှာ ယခင်ကလည်း နေအိမ်ရှေ့၌ ဆိုင်ကယ် ရပ်သူ၊ ဈေးရောင်းသူများကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ ရန်ပြုစော်ကားခြင်းများ ပြုလုပ်ခဲ့သည်မှာ ၄ ကြိမ်ခန့် ရှိခဲ့ပြီဖြစ်ကြောင်း ဘူတာဈေးမှ ဈေးသည်များက ပြောဆိုသည်။
“သင်္ကြန် မတိုင်ခင်လောက်ကပေါ့။ ဆိုင်ကယ်တက္ကစီ ကောင်လေးတယောက်ကို သူတို့အိမ်ရှေ့ ဆိုင်ကယ် ရပ်ရမလားဆိုပြီး သား အဖ ၂ ယောက် ဝိုင်းရိုက်တာ ကောင်လေးဆို ထွက်တောင် ပြေးရတယ်။ ဆိုင်ကယ်ကိုထားပြီး ထွက်ပြေးရတာနော်။ ဆိုင်ကယ် တောင် သူ့ဘာသာ ပြန်လာမယူရဲလို့ ရဲက ပြန်ယူပေးမှ ရတယ်”ဟု ဘူတာဈေးမှ ကုန်စိမ်းရောင်းသူ ကိုရန်အောင်ထွေး ဆိုသူက ပြောပြသည်။