သမ္မတ ဦးသိန်းစိန်ကို ယုံကြည်ပါသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် လက်တွေ့တွင် အလုပ်မဖြစ်သေးဘဲ အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်နေကြောင်း ဝေဖန်ပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ ခန်းမတွင် ယနေ့ ကျင်းပပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ အစည်းဝေးအပြီး ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အပေါ် ယင်းသို့ ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ အလုပ်မဖြစ်သေးကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာ ဆိုးဝါးလာခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး မရှိခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် မဖြစ်နိုင်သေးတို့ခြင်းကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များ အောင်မြင်မှု မရှိသည်ကို ပြသနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောသည်။
“ဦးသိန်းစိန်က ပြောပေမယ့် အလုပ် မဖြစ်သေးဘူး။ ပြုပြင်ပြောင်းလဲရေး သမားဆိုတာ စိတ်နဲ့တင် မပြီးဘူး။ အလုပ်လည်း လိုတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ချင်တယ် ဆိုပေမယ့် လုပ်နိုင်သလား ဆိုတာ ကြည့်ရမှာပေါ့။ လုပ်တဲ့နေရာမှာ ထိရောက်သလားဆိုတာလည်း ကြည့်ရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံတွင် ပြုပြောင်းလဲရေး လုပ်နေသည်ဟု ဆိုသော်လည်း ပြည်သူများအတွက် အပြောင်းအလဲ အလွန် နည်းပါးနေကြောင်း၊ ပြုပြင်ပြောင်းလဲရေး အောင်မြင်စေလိုပါက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေပါသည် ဆိုသောသူများ အားလုံးကိုယ်တိုင် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ ၃ နှစ်အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည် ဟုဆိုသော်လည်း ပြည်သူလူထု၏ ဘ၀ တိုးတက်မှု အလွန်နည်းပါးကြောင်း၊ ပြည်သူလူထုဘ၀ တိုးတက်မှသာလျှင် ထိရောက်သော ပြုပြင်ပြောင်းလဲရေး ဟုဆိုနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေး မိန့် ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသည်။
“ကျမတို့နိုင်ငံက ပြုပြင်ပြောင်းလဲရေးလမ်းစဉ် သွားနေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီလို ပြုပြင်ပြောင်းလဲရေး လမ်းစဉ် တကယ်သွားဖို့ဆိုတာက ပြုပြင်ပြောင်းလဲရေး လမ်းစဉ်မှာ ပါဝင်နေတဲ့သူအားလုံး က ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲနိုင်မှ အောင်မြင်နိုင်မှာပါ။ ပြုပြင်ပြောင်းလဲရေး ဆိုတာ အပြောနဲ့ တင်မပြီးပါဘူး။ အခုဆိုလို့ရှိရင် ပြုပြင်ပြောင်းလဲရေးလို့ ပြောခဲ့တာ ၃ နှစ်လောက်ရှိပါပြီ။ ၃ နှစ်အတွင်းမှာ ကျမတို့ ပြည်သူတွေအတွက် ဘယ်လောက် အပြောင်းအလဲ ရှိလဲဆိုတာ သေချာစဉ်းစားကြည့်ရင် စမ်းသပ်ကြည့်ရင် အင်မတန်မှ နည်းတယ်လို့ ပြောရမှာပါ။ တကယ်ပြုပြင်ပြောင်းလဲရေး ထိရောက်ဖို့ဆိုရင် ထိရောက်တယ်လို့ ပြောနိုင်ဖို့ဆိုရင် ကျမတို့ ပြည်သူတွေ ဘဝက တိုးတက်ရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
လတ်တလော နိုင်ငံ၏ အခြေအနေမှာ မူးယစ်ဆေးဝါး ပြဿနာ ဆိုးဝါးစွာ ကြုံတွေ့နေရကြောင်း၊ မူးယစ်ဆေးဝါး အမှုများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထား သကဲ့သို့ ဖြစ်နေပြီး မူးယစ်ဆေးဝါး လုပ်ကိုင်သူများနှင့်ပါ ပူးပေါင်း ဆောင်ရွက်နေသည်ဟု သိရှိရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“မူးယစ်ဆေးဝါး ကိစ္စမှာဆိုရင် ပိုပြီးတော့ ဆိုးသွားတာ တွေ့ပါတယ်။ ဘာဖြစ်လို့ အကောင်းဘက်ကို ဘာဖြစ်လို့ ပြောင်းလဲမလာ လဲဆိုတဲ့ မေးခွန်းထုတ်လိုက်တော့ ဥပဒေစိုးမိုးရေး မရှိဘူးဆိုတဲ့ အဖြေပဲရမှာဖြစ်ပါတယ်။ ကျမတို့ရဲ့ ပြည်နယ်တိုင်း ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး လိုက်တဲ့အခါမှာတော့ မူးယစ်ဆေးဝါး သုံးစွဲမှုဟာ အရင် ၃ နှစ်ကထက် စာလို့ရှိ ရင် အခုပိုပြီးတော့ ဆိုးဝါးနေတယ်လို့ ကျမတို့ နားလည်ရပါတယ်။ ဒီဟာက ဥပဒေစိုးမိုးရေးနဲ့လည်း အများကြီး သက်ဆိုင်တယ်။ နိုင်ငံတကာရဲ့ ထောက်ခံမှုကို လိုချင်တယ် ဆိုလို့ ရှိရင် ဒီမူးယစ်ဆေးဝါး ကိစ္စကို လျစ်လျူ ရှု ထားလို့ မရပါဘူး။ အုပ်ချုပ်ရေးပိုင်းက မူးယစ်ဆေးဝါး ပြဿနာကို သိသော်လည်း တမင် လျစ်လျူရှု ထားတယ်။ အရေးမယူတဲ့အပြင် အချို့နေရာတွေမှာ မူးယစ်ဆေးဝါး လုပ်ကိုင်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်လို့ ကြားရပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူလူထုက အပြောင်းအလဲများ ဆောင်ရွက် လာနိုင်မည်ဟု မျှော်လင့်ထားသော်လည်း လွှတ်တော်တွင် NLD အမတ် ၄၅ ယောက်ဖြင့် တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် လက်တွေ့ကျသော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံပြောဆိုလိုက်သည်။
“အထူးသဖြင့် ဥပဒေ စိုးမိုးရေးဘက်မှာ သိပ်ပြီးတော့ ပြောင်းလဲမှု မရှိဘူး။ နောက်ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးဘက်မှာ ဆိုရင် တိုးတက်သင့့်သလောက် တိုးတက်တာ မတွေ့ပါဘူး။ အဓိကအားဖြင့်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်ဆိုတဲ့ အချက်က ပေါ်လာပါတယ်။ ကျမတို့နိုင်ငံမှာ အထူးသဖြင့် ဥပဒေ စိုးမိုးရေးနဲ့ တိုင်းရင်းသားများကြားထဲမှာ ငြိမ်းချမ်းရေး ရှိရေး။ အားလုံးကြားထဲမှာ တဦးနဲ့တဦး တန်းတူရည်တူ ရှိတယ်ဆိုတဲ့ ယုံကြည်ချက်တွေ ကြီးပွားရေး၊ အပြန်အလှန် လေးစားရေး အပြန်အလှန် လေးစားမှုရှိရေး ဆိုတာကို ဦးတည်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကို စပြီးကိုင်တွယ်ရမယ်လို့ ယုံကြည်ပါတယ်” ဟု သူက ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟု ဆိုရာတွင် တိုင်းရင်းသားအားလုံးက ဖက်ဒရယ်စနစ် ပေါ်ပေါက်ရေး လိုလားနေကြကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကြေညာချက်တစောင် မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် ပူးတွဲဆောင်ရွက်သွား မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း ပြည်တွင်း နိုင်ငံရေးသမား တချို့ကမူ NLD ပြင်ဆင်လိုသော အချက်များကို ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များက ပြင်ဆင်ပေးရန် မဖြစ်နိုင်ဟု သုံးသပ် ပြောဆိုကြသည်။
သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ပထမဆုံး အကြိမ် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမားတဦး အဖြစ် ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးသမား တဦးအနေနှင့် သမ္မတ ဖြစ်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး သမ္မတ ဦးသိန်းစိန် ကလည်း ၎င်းအနေဖြင့် ကျန်းမာရေးအရ သမ္မတသက်တမ်း တခုသာ တာဝန်ထမ်းဆောင်ရန် ရည်ရွယ် ထားသော်လည်း ပြည်သူက လိုလားပါက နောက်တကြိမ် သမ္မတအဖြစ် ပြန်လည် ထမ်းဆောင်မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ယင်း နိုင်ငံရေး ရည်မှန်းချက်နှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား အားပြိုင်မှု ရှိနေသည်ဟုသည် နေပြည်တော်နှင့် ရန်ကုန် နိုင်ငံရေးသတင်းရပ်ကွက်က ပြောဆိုနေကြသည်။
(သာလွန်ဇောင်းထက် ပူးတွဲရေးသားသည်)