သတင်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး တင်ပြရန် NDF ပြင်ဆင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ကန့်သတ်ထားသော အချက်အလက်များ ပြင်ဆင် ရေးဆွဲနိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက  ကြိုးပမ်းသွားမည်ဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ တခုခုကို ပြင်ဆင်လိုပါက “လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမှုရပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ပြုလုပ်၍ ပြင်ဆင်နိုင်မည်” ဆိုသော အချက်နှင့် တခြား အချက် တချို့ကို ပြင်ဆင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဧရာဝတီသို့ ပြောသည်။

“အရေးကြီးတဲ့ ပုဒ်မ တခုခုကို ပြင်ချင်ရင် ၇၅ ရာခိုင်နှုန်း ထောက်ခံမှုရှိရမယ်၊ ပြီးမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ပြီးတော့ မဲပေးနိုင်သူ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမှုနဲ့ ပြင်ဆင်ရမယ်ဆိုပြီး ရေးထားတယ်။ အဲဒါကို ပြည်လုံးကျွတ် ဆန္ဒခံယူစရာ မလိုဘဲ ၇၅ ရာခိုင်နှုန်း ထောက်ခံရင် လွှတ်တော်ထဲမှာပဲ ပြင်ဆင်နိုင်အောင် ကျနော်တို့ပါတီက တင်ပြသွားဖို့ ပြင်ဆင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

NDF ပါတီ၏ ပြင်ဆင်ရန် အဆိုပြုချက်များတွင် နိုင်ငံတော် သမ္မတအား စစ်သေနာပတိချုပ်အဖြစ် ထားရှိရေး၊ ရွေးကောက်ခံစရာ မလိုဘဲ လွှတ်တော်ထဲ၌ စစ်တပ် ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းအား လျော့ချရေး၊ နိုင်ငံတော် သမ္မတ၏ အရည်အချင်း ကန့်သတ်ထားမှု စသည့်အချက်များ ပါဝင်သည်။

သို့သော် သမ္မတ ဦးသိန်းစိန်က မကြာသေးမီက အမေရိကန် ခရီးစဉ်အတွင်း ပြောကြားရာတွင် မြန်မာ့လွှတ်တော်များ၌ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းသည် လတ်တလောတွင် ရှိသင့်ကြောင်း ပြောကြားသွားခဲ့သေးသည်။

ထို အချက်အလက်များသည် ပြင်ဆင်ရန် ခက်ခဲသော်လည်း လွှတ်တော် ကိုယ်စားလှယ်များ၏ ပြင်ဆင်လိုစိတ် ရှိပါက ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “ဖွဲ့စည်းပုံ ဥပဒေရဲ့ ပုဒ်မတခုခုကို ပြင်ဆင်ချင်တယ်ဆိုရင် အလွယ်တကူ ပြင်ဆင်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ကန့်သတ်ထားတဲ့ အချက်တွေကို ကနဦး ပြင်ဆင်ဖို့ ကြိုးပမ်းရတာပါ” ဟု ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ၌ ပြည်နယ်၊ တိုင်းဒေသ ဝန်ကြီးချုပ်များကို နိုင်ငံတော် သမ္မတက တိုက်ရိုက် ရွေးချယ်ပိုင်ခွင့် ပေးထားခြင်းကိုလည်း ပြင်ဆင်၍ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း လွှတ်တော်များက တိုက်ရိုက် ရွေးချယ်ရန်လည်း NDF က အဆိုပြုထားသည်။

လက်ရှိ အစိုးရအဖွဲ့၏ ပြည်နယ်၊ တိုင်းဒေသ ဝန်ကြီးချုပ်များသည် သမ္မတ ဦးသိန်းစိန်က ရွေးချယ် ခန့်အပ်ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ ဖြစ်ကြသည်။ ၎င်းတို့အနက် အများစုသည် ယခင် စစ်တိုင်းမှူးဟောင်းများနှင့် စစ်တပ် အရာရှိဟောင်းများ ဖြစ်ကြသည်။

ပြည်နယ်၊ တိုင်းဒေသ ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ လွှတ်တော်များမှ ရွေးကောက် တင်မြှောက်နိုင်ရေးအပြင် လုပ်ပိုင်ခွင့် အာဏာ အပြည့်အ၀ ခွဲဝေပေးနိုင်ရေး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူပါတီ၏ ပြောခွင့်ရသူ ဦးစောသန်းမြင့်က ဧရာဝတီကို ပြောသည်။

“(ပြည်နယ်နဲ့ တိုင်း) ဝန်ကြီးချုပ်တွေက ဘယ်သူတွေပဲ ဖြစ်ဖြစ်ပေါ့၊ လုပ်ပိုင်ခွင့် မရှိရင် ဘာမှဖြစ်မလာပါဘူး။ အဓိကတော့ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်ထားမှုကို လျော့ချပြီး လုပ်ပိုင်ခွင့် အာဏာ ခွဲဝေပေးရေးက ပိုပြီးတော့ အရေးကြီးပါတယ်။ လက်ရှိ ဝန်ကြီးချုပ်တွေဟာ ရုပ်သေးအဆင့်ပဲ ရှိပါတယ်” ဟု ဆိုသည်။

လွှတ်တော်နိုင်ငံရေး၌ စစ်တပ်၏ ပါဝင်မှုကဏ္ဍ လုံး၀ ရပ်ဆိုင်းရေးနှင့် တိုင်းရင်းသား တန်းတူရေးအတွက် ပြင်ဆင်ရမည့် အချက်အလက်များကိုလည်း ၎င်းတို့ပါတီ အနေဖြင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီကလည်း ဖွဲ့စည်းပုံ ပြင်ဆင် သုံးသပ်ရန် အဆိုပြုထားပြီး ဖြစ်၍ လာမည့်လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်မည့် အကြောင်းအရာ အများအပြား လုပ်ဆောင်ကြမည်ဟု ယူဆကြောင်း ဦးစောသန်းမြင့်က ပြောသည်။

မြန်မာနိုင်ငံအား ပြည်နယ် ၇ ခုနှင့် တိုင်း ၇ တိုင်း တို့ဖြင့် ဖွဲ့စည်းထားခြင်းကို ပြည်နယ် ၁၄ ခုအဖြစ် ပြောင်းလဲ သတ်မှတ်ရန် အတွက်လည်း NDF ၏ သဘောထား ထုတ်ပြန်ချက်၌ ထည့်သွင်းထားသည်။

အမေရိကန်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန် စသည့် နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံ အများစုသည် ပြည်နယ်များဖြင့်သာ ဖွဲ့စည်းထားကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု အသွင်ဆောင်သော တတန်းတည်း ပုံစံဖြင့် တည်ဆောက်ရန် အကြံပြုရခြင်း ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ရှင်းပြသည်။

ထို့အတူ ဗဟိုအစိုးရနှင့် ပြည်နယ်၊ တိုင်းဒေသ အစိုးရတို့အကြား သယံဇာတ ခွဲဝေရေး၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာများ ခွဲဝေကျင့်သုံးရေး စသည်တို့လည်း ပြင်ဆင်ရန် တိုက်တွန်းသွားမည်ဖြစ်ပြီး ပြည်နယ်များ၏ ရုံးသုံး စာပေတွင် မြန်မာဘာသာအပြင် သက်ဆိုင်ရာ လူမျိုးစုကြီး၏ ဘာသာစာပေကိုပါ ထည့်သွင်း အသုံးပြုရန် အတွက်လည်း NDF က အဆိုပြုထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် NDF ပါတီ ၏ ကြိုးပမ်းချက်သည် လာမည့် လွှတ်တော် အစည်းအဝေးများတွင် ဖွဲ့စည်းမည့် “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ” ကို တရားဝင် ဖွဲ့စည်းပြီးမှသာ လွှတ်တော်သို့ တင်ပြသွားမည်ဟု ဦးခင်မောင်ဆွေက ဆိုသည်။

ပြည်ထောင်စုအဆင့် လွှတ်တော် အစည်းအဝေးများကို လာမည့် ဇွန်လ ၂၅ ရက်နေ့တွင် ပြန်လည် စတင် ကျင်းပမည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading