အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) အကြားမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအပြင် အစိုးရဘက်က ကရင်ခေါင်းဆောင်တွေကို ကားလိုင်စင် လက်ဆောင်ပေးပြီး ဆွဲဆောင်စည်းရုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒီနှစ် နေပြည်တော်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရဘက်က ပဏာမ အပစ်အခတ်ရပ်စဲ ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုပါ ဖိတ်ကြားခဲ့ပြီး အဲဒီ အခမ်းအနားမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ကားလိုင်စင်လုပ်ရာမှာ အခွန်လျှော့ပေါ့ခွင့်၊ အထူး အခမဲ့ လုပ်ခွင့်တွေပါတဲ့ စာအိတ်တွေကို တစ်ဖွဲ့ချင်းစီ လက်ဆောင်အဖြစ် ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ အဲဒီပွဲကို တက်ရောက်ခဲ့သူ တိုင်းရင်းသား ခေါင်းဆောင်တဦးက ပြောပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ပေးတဲ့ စာအိတ်ထဲမှာ အရင်က ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် အစိုးရကို နှစ်ပေါင်း ၆၀ ကျော်အကြာ လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီး လက်ရှိအစိုးရ လက်ထက်မှာ ပဏာမအဆင့် အပစ်ရပ်ထားတဲ့ KNU က ကားအစီးရေ ၁၂၀ အတွက် ရရှိခဲ့ကြောင်း သိရပါတယ်။
ကား အစီး ၁၂၀ အတွက် လိုင်စင်လုပ်ခွင့် ရရှိခဲ့ပြီး အထူးအခွင့်အရေးအဖြစ် ခေါင်းဆောင်ပိုင်းအတွက် အစီး ၄၀ အခမဲ့ လုပ်ခွင့် ရရှိခဲ့သလို တပ်ဖွဲ့ဝင်တွေအတွက် ကျန်တဲ့ အစီး ၈၀ ကိုလည်း အခွန် ၄၀ ရာခိုင်နှုန်း ကင်းလွတ်ခွင့် ပြုပေးထားတယ်လို့ KNU အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်း ပြောပါတယ်။
“အပစ်အခတ် ရပ်စဲရေး နောက်ပိုင်းမှာ မြို့ထဲမှာ အသွားအလာတွေ ရှိလာမယ်၊ အစည်းအဝေးရှိရင် သွားမယ်ဆိုတော့ ကားတော့ လိုအပ်တာပေါ့။ ကားမရှိသေးတဲ့အခါကျတော့ ဟိုကငှား၊ ဒီကငှားနဲ့ လုပ်နေတာပေါ့။ ကိုယ့်အဖွဲ့အစည်းက ကားဆိုတော့ သွားရေးလာရေး နည်းနည်း အဆင်ပြေတာပေါ့” လို့ ပဒိုစောကွယ်ထူးဝင်းက ဧရာဝတီကို ပြောပါတယ်။
KNU အနေနဲ့ လိုင်စင်လုပ်ခွင့်ရတဲ့ အထဲက အစီး ၂၀ သာ လုပ်ရသေးတယ်လို့ သိရပြီး ခရိုင်နဲ့ တပ်မဟာ တခုစီကို ၂ စီးနှုန်းခွဲဝေ ပေးထားကြောင်း၊ ကျန်တဲ့ အစီးရေ ၁၀၀ နဲ့ လုပ်ကိုင်ဆောင်ရွက်မယ့် အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ပဒိုစောကွယ်ထူးဝင်းရဲ့ ပြောပြချက်အရ သိရပါတယ်။
ရရှိထားတဲ့ ကားအစီးအရေအတွက်ကို သက်ဆိုင်ရာဒေသမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး (ကညန) ရုံးနဲ့ ဆက်သွယ်ပြီး နယ်စပ်ကနေတဆင့် အခွန်လျှော့ပေါ့ခွင့်တွေနဲ့ ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ရဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေကို ဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ “သူတို့ (KNU) လက်ရှိ သုံးနေတဲ့ ကားအချို့ကို Register (မှတ်ပုံတင်) လုပ်ပေးတာပေါ့။ လုပ်ပေးတဲ့နေရာမှာ လျှော့ပေးလို့ရတဲ့ဟာကို လျှော့ပေးတာပေါ့ဗျာ” လို့ ပြောပါတယ်။
ဒါပေမယ့် KNU ကို ပေးသလိုမျိုး တခြား လက်နက်ကိုင်အဖွဲ့တွေကို ပေးမပေး တိတိကျကျ မသိရဘူးလို့ ဦးလှမောင်ရွှေက ပြောပါတယ်။ MPC အဖွဲ့ဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်တွေကိုလည်း အဓိက လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။
ဝန်ကြီး ဦးအောင်မင်း ပေးတဲ့ ကားလိုင်စင် လက်ဆောင်စာအိတ်ကို ၎င်းအပါအဝင် KNU နဲ့ ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေလည်း ရရှိကြကြောင်း KNU က အဖွဲ့ကြီး ဖြစ်တာကြောင့် အစီးရေ ၁၂၀ ရရှိခဲ့တာ ဖြစ်ပေမယ့် အဖွဲ့ငယ်တွေကတော့ အစီးရေ ၆၀ လောက်ပဲရ ရှိတယ်လို့လည်း သိရပါတယ်။
“ပေးကတည်းက ကားလိုင်စင်တွေ ဖြစ်တယ်ဆိုတာကို ယူတဲ့လူတွေကလည်း သိပြီးသားပါ၊ ကျနော်တို့လည်း သိပါတယ်။ ဟိုကလည်း ပြောပြီးပေးတာပဲ” လို့ ဦးလှမောင်ရွှေက ဆိုပါတယ်။
အစိုးရ အနေနဲ့ KNU ကို တရားဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်း မရှိသေးပေမယ့် ကားတွေကိုတော့ တရားဝင် လိုင်စင် လုပ်ခွင့်ပေးလိုက်ခြင်းကတော့ လူအများစိတ်ဝင်စားစရာ ကွဲလွဲနေမှုတခု ဖြစ်ပါတယ်။
KNU အဖွဲ့ဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက် ၆၄ နှစ်အကြာ အစိုးရကို လက်နက်စွဲကိုင် တော်လှန်လာတာဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပဏာမအဖြစ် အပစ်အခတ် ရပ်စဲခဲ့ခြင်း ဖြစ်ပါတယ်။ KNU ရဲ့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။
အခုလို အရေးကြီးတဲ့ နိုင်ငံရေး၊ စစ်ရေး ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ တန်ဖိုးကြီးတဲ့ ကားလိုင်စင် လက်ဆောင်ပေးတဲ့ သတင်းဟာ တိုင်းရင်းသားအဖွဲ့တွေအကြားမှာ ပေါ်ပေါက်လာခဲ့ပြီး ဒီဖြစ်ရပ်ဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေရှိနိုင်ကြောင်း ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။