သတင်း

မြန်မာသည် ဘင်္ဂလားဒေ့ရှ်နှင့် ပိုတူ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ စီးပွားရေးသည် အရှိန်အဟုန်နှင့်တိုးတက်နေသော ၎င်း၏ အရှေ့ဖက် အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့ မဟုတ်ဘဲ သွေးရူးသွေးတန်းသဖွယ်ဖြစ်နေသည့် အနောက်ဖက်အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လမ်းစဉ်ကိုလိုက်ကာ အန္တရာယ် ထဲသို့ ရောက်နေသည်။ ပြဿနာ၏ အရင်းခံမှာ ရင်းနှီးမြှုပ်နှံမှု နည်းပါး၍ မဟုတ် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းသည် အဆန်းတကြယ် ကိစ္စရပ်တခု မဟုတ်ပါ။ သို့သော်လည်း တိုင်း ပြည်၏ စီးပွားရေးဖွံ့ဖြိုးလာသည်နှင့် အမျှ အလုပ်ပိုများလာသော စက်ရုံများကိုလည်ပတ်ရန်၊ ဟိုတယ်အခန်းများတွင် အအေးဓာတ်ရရှိရန်၊ မြို့ကြီးများတွင် မီးထွန်းရန် လျှပ်စစ်စွမ်းအင်ကို ပိုမိုလိုအပ်လာသည်။ အထူးသဖြင့် ရန်ကုန်နှင့် မန္တလေး လိုမြို့တွေအတွက် ဖြစ်သည်။

လျှပ်စစ်ဓာတ်အားချို့တဲ့ခြင်းသည် ရင်းနှီးမြှုပ်နှံမှု ချို့တဲ့ခြင်းနှင့် ထပ်တူပင်ဖြစ်ကြောင်း ထုတ်လုပ်မှု ကုန်ကျစားရိတ်ကြီးမြင့် နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တွေ့မြင်နိုင်သည်။

လွန်ခဲ့သောနှစ်က လျှပ်စစ်ဓာတ်အားပေးစက်ရုံသစ် ဆောက်လုပ်ရန် စီစဉ်နေကြောင်း ကြေညာချက်တွေကို မြန်မာနိုင်ငံ မှာ မြင်ခဲ့ရသည်။ ကျောက်မီးသွေး လောင်စာသုံးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံနှင့် နေစွမ်းအင်ကဲ့သို့ စွမ်းအင်သုံး စက်ရုံတွေက စုစုပေါင်း ၂၀၁၀ မီဂါဝပ် ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။

ထိုပမာဏသည် မြန်မာနိုင်ငံတွင် လက်ရှိထုတ်လုပ်နေသော ပမာဏထက် ၆၀ရာခိုင်နှုန်း ပို၍များသည်။

သို့သော်လည်း အဆိုပါစက်ရုံများသည် အစည်းအဝေးခန်းမတွင်းမှ စီမံကိန်းများအနေဖြင့်သာ ဆက်ရှိနေပြီး လက်တွေ့ အကောင်အထည်ပေါ်မလာခဲ့ပေ။ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်မှ တာဝန်ရှိသူများက ကာလရှည်ကြာလျှပ်စစ် ဖြတ်တောက်ထားမှုများ ဆက်လက်ရှိနေမည်ဆိုလျှင် စက်ရုံများ ပိတ်သိမ်းလိုက်ရခြင်းနှင့် အတူ အလုပ်လက်မဲ့ ပြဿနာများလည်း ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးပြောဆိုထားကြသည်။

ကုန်ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်နေကြသော စက်ရုံများသည် ၎င်းတို့၏ အရန်ဓာတ်အားပေးစက်များကို မောင်းနှင်ရန်အတွက် ဒီဇယ်ဆီများကို ဈေးကြီးပေးကာ ဝယ်ယူသုံးစွဲကြရခြင်းကြောင့် ထုတ်လုပ်မှု ကုန်ကျစားရိတ် ပိုကြီးသွားစေသည်။ ဒီဇယ်ဈေးကလည်း (ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့်အတူ) တနေ့တခြား မြင့်တက်လာနေသည်။ လှိုင်သာယာ စက်မှုဇုန်မှ စက်ရုံပိုင်ရှင် တဦးက သူ၏ ဓာတ်အားပေးစက်သည် တနာရီလျှင် ဒီဇယ် ၁၆ ဂါလံ စားကြောင်းပြောသည်။

“ပြဿနာက ဘာလဲဆိုတော့ ဓာတ်အားပေးစက်ရုံသစ် ဆောက်မယ်ချည်းပဲပြောနေပေမယ့် တကယ်တန်းကျတော့ ဘာမှ မဆောက်တာပဲ” ဟု ဘန်ကောက်မြို့မှ ဒေသဆိုင်ရာ စွမ်းအင် အကြံပေးပုဂ္ဂိုလ် Collin Reynolds က ဧရာဝတီ သို့ပြောသည်။

“ခုချိန်မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်က ထုတ်လုပ်ပေးနိုင်တာထက်ကို အများကြီးပိုများနေတယ်၊ ထုတ်လုပ်မှုကလည်း ကျဆင်းလာနေတယ်။ ဘင်္ဂလားဒေ့ရှ်မှာလည်း ဒီလိုဖြစ်နေတာ နှစ်တွေကြာခဲ့ပြီ။ ဒက္ကာ အစိုးရကလည်း ဓာတ်အားပေးစက်ရုံသစ်တွေအကြောင်း ပြောတယ်၊ ဒါပေမယ့် နည်းနည်းလေးပဲဖြစ်လာတယ်။ အကျိုးဆက်ကတော့ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ အရေးအပါဆုံး ချည်ထည်နဲ့ အထည်ချုပ်စက်ရုံတွေရဲ့ ထုတ်လုပ်မှုဟာ သာမန်ရဲ့ အောက်ကို ကျဆင်းသွားတယ်” ဟု Collin Reynolds က ဆိုသည်။

စာရွက်တွေပေါ်မှာ မြင်တွေ့နေရသည်များကတော့ မြန်မာနိုင်ငံအတွက် အားရဖွယ်ဖြစ်သည်။ ပြီးခဲ့သော ၁၂ လတာ ကာလအတွင်းတွင် ဂျပန်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများက ဓာတ်အားပေးစက်ရုံသစ်များ ဆောက်လုပ်ရန် အဆိုပြုခဲ့ကြသည်။ အချို့ဆိုလျှင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော်လည်း ထို့ထက်ပို၍ ဘာမှဖြစ်မလာခဲ့ပေ။

မလေးရှားနိုင်ငံမှ Mudajaya Group က မန္တလေးတွင် ၅၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သည့် ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံတရုံ တည်ဆောက်လိုသည်ဟု ဆိုသည်။ အင်ဒိုနီးရှား ကျောက်မီးသွေးကုမ္ပဏီ Bukit Asam က ၂၀၀ မီဂါဝပ် ထုတ်လုပ်မည့် စက်ရုံတည်ဆောက်လိုသည်ဟု ပြောသော်လည်း မည်သည့်နေရာတွင် လုပ်ဆောင်မည်ကို ထုတ်ပြန် ပြောဆိုခြင်းမရှိပေ။ ဂျပန် လုပ်ငန်းစုတခုကလည်း ရန်ကုန်မြို့တွင် ၅၀၀ မီဂါဝပ် ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ထောက်ပံ့ပေးမည်ဟု ဆိုသည်။ ထိုင်းကုမ္ပဏီများကလည်း ထားဝယ်နှင့် နေပြည်တော်တွင် ၆၀၀ မီဂါဝပ်ကျော် ထုတ်လုပ်ပေးမည့် စက်ရုံများ တည်ဆောက်မည်ဟုပြောသည်။

သို့သော်လည်း ၎င်းတို့ထဲမှ တခုမျှ ဖြစ်နိုင်ချေကို လေ့လာခြင်းဆိုသည့် အဆင့်ထက် ကျော်လွန်မလာနိုင်ကြသေးပေ။ ထိုသို့ ဖြစ်ရခြင်းမှာ ဘဏ္ဍာရေး အခြေအနေနှင့် အစိုးရဖက်က ရင်းနှီးမြှုပ်နှံမှု အပေါ်တွင် အာမခံမပေးနိုင်ခြင်းတို့ ကြောင့်ဖြစ်သည်။

ထိုအဖြစ်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ခဲ့သည်များနှင့် ထပ်တူနီးပါးပင်။ ဘင်္ဂလားဒေ့ရှ် အစိုးရသည်လည်း ဓာတ်အားပေး စက်ရုံအသစ်များ အကြောင်းကို ကျယ်ကျယ်လောင်လောင် အမြဲလိုပြောတတ်သည်။ လက်တွေ့တွင်မူ လူဦးရေ သန်း ၁၅၀ ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ၅၀၀၀ မီဂါဝပ်ထက် မပိုပေ။

မြန်မာနိုင်ငံ၏ အရှေ့ဖက်မှ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် လူဦးရေ သန်း ၆၀ ခန့်ရှိပြီး တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားထုတ်လုပ် နိုင်မှုမှာ ၂၇၀၀၀ မီဂါဝပ်ရှိသည်။ ထိုအတွက်ကြောင့်လည်း ဂျပန်နိုင်ငံမှ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း များ ကဲ့သို့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ မလာဘဲ ထိုင်းနိုင်ငံတွင် စက်ရုံများသွားရောက် တည်ထောင် ကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒက္ကာမှ လမ်းများပေါ်တွင် မကြာခဏ မြင်တွေ့နေရသော လျှပ်စစ်ဓာတ်အားဖြတ်တောက်မှု ကြောင့် ထုတ်လုပ်မှုရပ်ဆိုင်းသွားကာ အလုပ်လက်မဲ့ဖြစ်ခဲ့ရသည့် ချည်မျှင်နှင့် အထည်လုပ်ငန်းများမှ အလုပ်သမားများ၏ ဆန္ဒပြပွဲများသည် ၎င်း၏ ဓာတ်အားမလုံလောက်မှုကို ကမ္ဘာသိအောင် ကြေညာခြင်းဖြစ်သည်။

တကယ်တန်းအားဖြင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဝေမှုသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံထက် ပိုဆိုးသည်။

၅၅ သန်းခန့် ရှိသော မြန်မာနိုင်ငံလူဦးရေ၏ ၂၆ ရာခိုင်နှုံးသည်သာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ကြောင်း မကြာသေးခင်က ပြုလုပ်ခဲ့သည့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ လေ့လာမှုတရပ် တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဝေမှုမှ အားနည်းချက်များကို ADB ၏ အစီရင်ခံစာတစောင်တွင် မီးမောင်းထိုးပြခဲ့သည်။ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးဖြစ်သော ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်နိုင်စွမ်းမှာ ၃၃၆၀ မီဂါဝပ်ဖြစ်သော်လည်း ယိုယွင်းကာ စနစ်မကျသည့် အခြေခံအဆောက်အဦများနှင့် အိုမင်းပြီး စွမ်းဆောင်ရည် ကျဆင်းနေသည့် စက်ရုံများကြောင့် ထုတ်လုပ်နိုင်မှုက ထိုပမာဏထက် များစွာ ကျဆင်းနေခဲ့ရသည်။ ခြောက်သွေ့ ရာသီတွင် ရေနည်းပြီး ရေအားလျှပ်စစ် စက်ရုံများ အပြည့်အ၀ မလည်ပတ်နိုင်ခြင်းကလည်း အဓိက ပြဿနာ တရပ်ဖြစ်သည်။

နေပြည်တော်အစိုးရက ရန်ကုန်ကဲ့သို့သော အရေးပါသည့်နေရာများကို လျှပ်စစ်ဓာတ်အား ပေးနိုင်ရန် အလျှင်အမြန် လုပ်ဆောင်ခဲ့သော်လည်း ၎င်းအစီအမံများသည် စနစ်တကျမရှိသလို ကုန်ကျစရိတ်လည်း ကြီးမားသည်။

မတ်လအတွင်းက ဂျပန်နိုင်ငံမှ အကြီးစားစက်မှုလုပ်ငန်းတခုဖြစ်သည့် Mitsubishi က ဒီဇယ်လောင်စာသုံး ဓာတ်အား ပေးစက် တဒါဇင်ကျော် ကို ရန်ကုန်မြို့အတွက်ပေးပို့ခဲ့သည်။ သို့သော်လည်း သီလဝါ အထူးစီးပွားရေးဇုန်မှ ဂျပန်စီမံကိန်း တာဝန်ခံများက လျှပ်စစ်ဓာတ်အား မလုံလောက်ခြင်းသည် စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးနေရခြင်း၏ အဓိက အကြောင်းများထဲက တခုဖြစ်သည်ဟု ဧပြီလအတွင်းက ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။

မစ်ဆူဘီရှီမှ ပေးပို့သော ဓာတ်အားပေးစက်များကို စုပေါင်းလိုက်လျှင် ၁၃၀၀၀ ကီလိုဝပ် (၁၃ မီဂါဝပ်) ထုတ်လုပ်နိုင်ပြီး ရာ ပေါင်းများစွာသော လူနေအိမ်များကို ၄၈နာရီနီးပါး ဓာတ်အားပေးနိုင်သည်။

၂၀၁၂ ခုနှစ် ဇွန်လတွင် နေပြည်တော်အစိုးရက ကြီးမားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတခုကို  ရန်ကုန်မြို့နှင့် သီလဝါဒေသ အတွက် ဂျပန်ဖက်စပ်လုပ်ငန်းတခုက တည်ဆောက်တော့မည်ဟု ပြောခဲ့သည်။

ယခုနှစ် မေလတွင် တောင်ကိုရီးယား ကုမ္ပဏီ ငါးခုပေါင်းစည်းထားသည့် ဖက်စပ်လုပ်ငန်းစုကြီးတခုက သီလဝါဒေသ အတွက် ၅၀၀ မီဂါဝပ် ထုတ်လုပ်နိုင်သည့် ဓာတ်အားပေးစက်ရုံတခု တည်ဆောင်မည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြပြန်သည်။

၎င်းတို့က ဒေါ်လာသန်း ၇၀၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားသော စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ Mizuho Corporate Bank ကို ဘဏ္ဍာရေးအတိုင်ပင်ခံ အဖြစ် ငှားရမ်းထားပြီး Mizuho သည် အစိုးရနှင့် ညှိနှိုင်းမှုများကို ကောင်းမွန်စွာ ကိုင် တွယ်နိုင်ပြီး စီမံကိန်းတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့် နေကြ ကြောင်း ရိုက်တာ သတင်းကဆိုသည်။

အဆိုပါ ရက်စွဲ နှစ်ခုနှင့် ၎င်းတို့ကြား ကွာခြားနေသည့် တနှစ်နီးပါး အချိန်ကာလက မြန်မာနိုင်ငံတွင်လည်း ဘင်္ဂလားဒေ့ရှ် ရောဂါ လက္ခဏာတွေရင်ဆိုင်နေရကြောင်း ထုတ်ဖေါ်ပြသနေကြသည်။

(William Boot ၏ ‘Bangladesh Syndrome’ Looms over Burma’s Electricity Crisis ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading