ယခုနှစ်တွင် ပြီးစီးမည်ဖြစ်သည့် တရုတ်-မြန်မာ ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းသည် အရေးကြီး သကဲ့သို့ နှစ်နိုင်ငံ အပြန်အလှန် အကျိုးရှိသည့် စီမံကိန်း ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။
သမ္မတ ဦးသိန်းစိန်က တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) မှ အထွေထွေ မန်နေဂျာ Mr. Liao Youngyuan နှင့် အဖွဲ့အား ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည် ဆင်ဟွာ သတင်းက ရေးသားဖော်ပြသည်။
ထို့အပြင် သမ္မတ ဦးသိန်းစိန်က ယနေ့အခါ မြန်မာနိုင်ငံအနေဖြင့် မျက်နှာစာအားလုံးကို တံခါးဖွင့်ထားကြောင်း၊ အိမ်နီးချင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာနှင့် တရုတ်-မြန်မာ ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားမည်ဟု ပြောဆိုသွားသည်။
တရုတ် ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကိုလည်း ကြိုဆိုကြောင်းနှင့် ရေနံသန့်စင်သည့် စက်ရုံလည်း တည်ဆောက်ရန် သမ္မတ ဦးသိန်းစိန်က CNPC အထွေထွေမန်နေဂျာနှင့် အဖွဲ့အား ပြောဆို ဆွေးနွေးသည်ဟု သိရသည်။
Mr. Liao Youngyuan ကလည်း CNPC အနေဖြင့် ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် အရေးကြီး သကဲ့သို့ ပိုက်လိုင်း တည်ဆောက်ရေးကြောင့် လူမှုဝန်းကျင်ဆိုင်ရာများကို တာဝန်သိစွာ ဖြည့်ဆည်းခဲ့ကြောင်း၊ ပိုက်လိုင်းတလျှောက်တွင် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းများကိုလည်း တည်ဆောက်ပေးခြင်းဖြင့် ထင်ဟပ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရှိရသည်။
တရုတ်နိုင်ငံသို့ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မည့် နှစ် ၃၀ လုပ်ပိုင်ခွင့် ပိုက်လိုင်းစီမံကိန်းသည် ယခု မေလကုန်တွင် အပြီးသတ်ပြီး လာမည့် ဇွန်လတွင် လုပ်ငန်း စတင်မည်ဖြစ်ကြောင်း တရုတ်သတင်းစာများက ဆိုသည်။
အဆိုပါ ပိုက်လိုင်းသည် ရခိုင်ပြည်နယ် ကမ်းလွန်ရှိ ရွှေဂက်စ် သဘာ၀ ဓာတ်ငွေ့ စီမံကိန်းစက်ရုံမှ တဆင့် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မှတဆင့် ရွှေလီ၊ ထိုမှတဆင့် တရုတ်နိုင်ငံ ကူမင်းကို ဖြတ်ကာ နန်နင်းအထိ သွယ်တန်းထားသည်။
ရွှေဂက်စ် လှုပ်ရှားမှု တာဝန်ခံ ကိုဝင်းအောင်က နှစ်နိုင်ငံ အကျိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုနှင့် အဆိုပါ စီမံကိန်းကြောင့် ဒေသခံများ၏ လယ်ယာမြေသိမ်းဆည်းခံရမှု၊ လူမှုဘ၀ ပတ်ဝန်းကျင် ထိခိုက် ဆုံးရှုံးမှုများကို ပြန်လည် ဖြည့်တင်းပေးသည် ဆိုသည့် ကျောင်း၊ ဆေးရုံ၊ ဆေးခန်း တည်ဆောက်ပေးမှုတို့သည် အပေါင်းလက္ခဏာ ဆောင်သော်လည်း မလုံလောက်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီ တရုတ်နဲ့ စီမံကိန်းတင် မကပါဘူး။ တခြားစီမံကိန်းတွေမှာလည်း တကယ့်တကယ် လူထုမှာ အကျိုးဖြစ်ထွန်းမှု သိပ်မရှိဘဲ ဖြစ်နေတဲ့ ပြဿနာတွေ၊ နောက် စီမံကိန်းတွေကြောင့် လူမှု ဝန်းကျင် ပြဿနာတွေ၊ သဘာ၀ ပတ်ဝန်းကျင် ပြဿနာတွေ ဖြစ်နေတာက ဒါ လက်တွေ့ မြင်နေရတာပဲလေ” ဟု သူက ဆိုသည်။
ထို့အပြင် အစိုးရအနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာများကို လျစ်လျူရှုနေသည်မှာ ကောင်းမွန်သည့် အစိုးရ ဖြစ်ရေးနှင့်လည်း သွေဖည်နေကြောင်း ကိုဝင်းအောင်က ဆက်ပြောသည်။
“စီမံကိန်းတွေမှာ တချို့ အကောင်းမြင်ပြီး စနစ်တကျ လုပ်တာမရှိဘဲ လက်တွေ့ဖြစ်နေတဲ့ ပြဿနာတွေကို မျက်လုံး စုံမှိတ်ပြီး ပြောတာတွေကတော့ သမ္မတ ဦးသိန်းစိန် လက်ရှိ ကျင့်သုံးနေတယ်ပြောတဲ့ ကောင်းမွန်တဲ့ အစိုးရဖြစ်ရေး ကျင့်ထုံးတွေနဲ့ နည်းနည်း သွေဖည်နေတယ်လို့ ထင်တယ်” ဟု သူက ဆိုသည်။
Mr. Liao Youngyuan သည် ဒု သမ္မတ ဦးဉာဏ်ထွန်းနှင့်လည်း တွေ့ဆုံကာ တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ စွမ်းအင်ကဏ္ဍတွင် တာဝန်သိ ရင်းနှီး မြှုပ်နှံရေးကိစ္စ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှုနှင့် နည်းပညာ လွှဲပြောင်းပေးခြင်း၊ သဘာ၀ ပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ဒေသခံ လူထု၏ လူမှုစီးပွားဘဝအပေါ် သက်ရောက်မှုစသည့် ကိစ္စများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေးနှင့် နှစ်ဖက် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းစာများက ဆိုသည်။
ထိုသို့ တွေ့ဆုံမှုများတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးလည်း တက်ရောက်ကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် မကြာမီက တွေ့ဆုံခဲ့ပြီး တရုတ် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ စီမံကိန်း စာချုပ်များ ပွင့်လင်းမြင်သာမှု ရှိစေရေး ပြောဆိုခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဦးဂျင်မီက ၎င်းတို့နေဖြင့် ရင်းနှီးမြှုပ်နှံမှုတိုင်းတွင် ပွင့်လင်းမြင်သာစေရန် အခြေခံမှု ၃ ချက်ကို ကိုင်စွဲကြောင်း ဧရာဝတီသို့ ပြောသည်။
“အမျိုးသား အကျိုးစီးပွား ဘယ်လောက်ရှိသလဲ၊ ဒေသခံ ပြည်သူတွေရဲ့ အကျိုးစီးပွား ဘယ်လောက် ဖြစ်ထွန်းသလဲနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို ဘယ်လောက် အကာအကွယ် ပေးသလဲဆိုတဲ့ အချက်တွေမှာ ပွင့်လင်းမြင်သာမှု ရှိဖို့ပါပဲ” ဟု သူက ဆိုသည်။
မြန်မာနိုင်ငံတွင် စီမံကိန်းများနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိ၍ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ မည်သည့်နိုင်ငံမဆို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း၊ သို့သော် ပွင့်လင်းမြင်သာမှု ရှိရန်လိုကြောင်း ဦးဂျင်မီက ဆက်ပြောသည်။
“တလျှောက်လုံးမှာ နားလည်မှု စာချွန်လွှာဆိုတာ ထိုးလိုက်ကြတယ်။ လက်မှတ်ရေးထိုးကြတယ် ဆိုတာပဲ သိရတယ်။ ဘယ်ဟာတွေပါမှန်း မသိသလို ယနေ့အထိ စီမံကိန်းတွေမှာ ကျနော်တို့ နိုင်ငံက ဘယ်လောက်ရသလဲ စတဲ့ ကိစ္စတွေ ဘာမှ ကျနော်တို့ မသိရဘူး” ဟုလည်း ဦးဂျင်မီက ဆိုသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် ပြည်သူများ၏ ကန့်ကွက် ဆန္ဒပြမှုကြောင့် တရုတ်က ဦးဆောင် အကောင်အထည်ဖော်နေသည့် ဧရာဝတီ မြစ်ဆုံစီမံကိန်းကို ယာယီ ရပ်တန့် ထားခဲ့ရပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်လည်း စုံစမ်းရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးခဲ့ရသည်။
ထို့နောက်ပိုင်းတွင် တရုတ် သံအမတ်ကြီး အပါအဝင် တရုတ်ပညာရှင်များ၊ တခြား တရုတ်အဖွဲ့များသည် မြန်မာ အတိုက်အခံ အဖွဲ့များနှင့် ဆက်ဆံရေး မျက်နှာစာများ ဖွင့်လှစ်ကာ တရုတ် ကုမ္ပဏီများ၏ အကျိုးစီးပွားအတွက် မဟာဗျူဟာ ပြောင်းလာခြင်းဖြစ်သည်ဟု ဦးဂျင်မီက ထောက်ပြသည်။
“အရင်က ပြည်သူချင်း ဆက်ဆံရေးဆိုတာ တရုတ်ဘက်က မရှိခဲ့ဘူး။ တခြားနိုင်ငံနဲ့ မတူဘဲ တရုတ်အပေါ် မြန်မာပြည်သူတွေ အမြင် မကြည်လင်တာတွေကလည်း အဲဒီ ပြည်သူချင်း ဆက်ဆံရေး မလုပ်ခဲ့လို့” ဟု သူက ဆိုသည်။