ရှမ်းပြည်နယ် မြောက်ပိုင်း သိန်းနီမြို့နယ် နားဆော့ကျေးရွာတွင် လက်နက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ နယ်မြေခံ ရဲနှင့် အစိုးရတပ်မတော် ပူးပေါင်း၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ နံနက်၂ နာရီခွဲ အချိန်ခန့်က လားရှိုးမြို့မှ သိန်းနီမြို့ဘက်သို့ မောင်းနှင်လာသော လိုင်စင်မဲ့ မတ်တူး အဖြူရောင်ယာဉ်အား လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှားဝေါလ် တိုးဂိတ်တွင် သတင်းအရ တာဝန်ရှိသူများက ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်မှာ အစစ်ဆေးမခံဘဲ တရကြမ်း မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိန်းနီရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်ကို တာဝန်ရှိသူများက ရဲကင်း၊ ရေပူ အစရှိသည့် လမ်းကြောင်းများ ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း လိုင်စင်မဲ့ မတ်တူး အဖြူရောင်ကားကို မတွေ့ရှိခဲ့သဖြင့် ၎င်းလာရာ လမ်းကြောင်း အတိုင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နားဆော့ကျေးရွာ ဘုန်းကြီးကျောင်းအနီးနားတွင် ၎င်းကားကို နံနက် ၄ နာရီတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“အဲဒီကားကို စတွေ့တုန်းက ကားနားကို ဘယ်သူမှ တန်းပြီး မကပ်ရဲသေးဘူး။ ကားကို ဗုံးထောင်ထားသလိုလို ဘာလိုနဲ့ လုပ်ထားတာ။ နောက်မှ တဖြည်းဖြည်းချင်း ကပ်ပြီး စစ်ဆေးတော့မှ ကားထဲမှာ သေနတ်တွေ၊ ကျည်ဆန်တွေကို တွေ့ရတာ။ ကားနောက်ဖုံးထဲမှာ လက်နက်တွေ အများဆုံးပဲ။ တရားခံတွေကတော့ ထွက်ပြေးသွားပြီ။ ကျနော်တို့ ရောက်သွားတော့ ကားထဲမှာ လူမရှိတော့ဘူး။ တိုးဂိတ်က လူတွေရဲ့ ပြောပြချက်အရတော့ ဒီကားကို မောင်းနှင်လာတာ နှစ်ဦးလို့ ပြောတယ်” ဟု သိန်းနီရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။
သက်သေခံ ပစ္စည်းများအဖြစ် ကားပေါ်တွင် အမ် ၂၂ ခေါက်ဒင် ၁၁ လက်၊ အမ် ၂၂ ခေါက်ဒင် မပါ ၃ လက်၊ အမ် ၇၉ (၄၀) မမ ဗုံးပစ်လောင်ချာ ၃ လက်၊ အမ် ၁၆ မောင်းပြန်ရိုင်ဖယ် ၄ လက်၊ ပစ္စတို ၁ လက်နှင့် လက်နက် ခဲယမ်းတို့ကို သိမ်းဆည်းရမိကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ထို့နောက် ပတ်ဝန်းကျင်မှ သတင်းပေးမှုအရ နားဆော့ကျေးရွာ ဘုန်းကြီးကျောင်း အနောက်ဘက် ချုံပုတ်အတွင်းမှ အမ် – ၂၂ အမျိုးအစား ၁၀ လက်နှင့် ၅.၅၆ ကျည် ၁၃၀ တောင့် ထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း လက်နက် ၃၂ လက်၊ ကျည်မျိုးစုံ ၂၇၃၉ တောင့် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
“တရားခံတွေက သူတို့နောက်ကို ရဲတွေ လိုက်နေတယ်ဆိုတာလည်း သိရော သူတို့ ပစ္စည်းတွေကို နိုင်သလောက် သယ်ပြီး ထွွက်ပြေးသွားတာ ဖြစ်နိုင်တယ်။ ဒီလက်နက်တွေ ဆိုတာကလည်း သူတို့ သယ်နေရင်းနဲ့ ရဲတွေလာလို့ နီးစပ်တဲ့နေရာထားပြီး ကိုယ်လွတ်ရုန်း ပြေးကုန်တာပါ။ တရားခံတွေကို မိဖို့ ကြိုးစားနေပါတယ်” ဟု သိန်းနီရဲစခန်းမှ ပြောသည်။
ကားအတွင်းရှိ ငွေဖြတ်ချလံ စာရွက်တွင် မင်းမျိုးအောင် ဆိုသော အမည်ကို တွေ့ရကြောင်း၊ ၎င်းအမည်ဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် အနီးရှိ ကမ္ဘောဇဘဏ် အကောင့်ဖွင့်ထားသော ဘဏ်စာအုပ်ကိုလည်း တွေ့ရှိရကြောင်း၊ ၎င်းအမည်နှင့် ဘဏ်ကို စုံစမ်းရာ မင်းမျိုးအောင်သည် မြဝတီမြို့တွင် နေထိုင်သူတဦး ဖြစ်ကြောင်း သိရသည်ဟု သိန်းနီ ရဲစခန်းမှ ပြောကြားသည်။
၎င်းအမှုကို ပ/၂၀ နှင့် အမှုဖွင့်ထားပြီး ပုဒ်မအနေဖြင့် လက်နက်ပုဒ်မ ၁၉ – က အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးခွန်စိုင်းကမူ အစိုးရကို ဆန့်ကျင်နေသည့် အဖွဲ့များနှင့် ပတ်သက်နိုင်ဖွယ် ရှိသည်ဟု ယူဆရကြောင်း၊ ပြည်သူ့စစ်အဖွဲ့နှင့် နယ်ခြားစောင့်တပ် အဖွဲ့ဝင် တချို့ ပါဝင်ပတ်သက်နိုင်ခြင်း မရှိကြောင်း ဆိုသည်။
“အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့ဆိုလို့ရှိရင် သူတို့က လက်နက်တွေ သွင်းယူတာရှိတယ်။ အစိုးရဖက်က သူတို့ကို ကြည့်နေတာ၊ ဘာလဲဆိုတော့ အဲဒီဖက်ပိုင်းမှာဆိုရင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းရော၊ နောက် တအောင်းအဖွဲ့ရော ကချင်အဖွဲ့ရော သူတို့က “ဝ” တပ်ဖွဲ့ (“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA) ဆီကနေပြီးတော့မှ အကူအညီ ရယူနေတယ်ဆိုတဲ့ သတင်းက အရင်ကရှိဖူးတယ်။ အစိုးရကလည်း အမြဲတမ်း စောင့်ကြည့် နေတယ်။ စောင့်ကြည့်နေတော့ ဒီကိစ္စဟာ “ဝ” တပ်ဖွဲ့ဆီက ရတယ်လို့တော့ ကျနော် မဆိုလိုဘူး။ သို့သော်လည်း သူတို့ စောင့်ကြည့်နေတဲ့ အချိန်မှာ ဖြစ်လာတယ်ဆိုတော့ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းကလုပ်တာ မဖြစ်နိုင်ဘူးလို့ ထင်တယ်” ဟု ဦးခွန်စိုင်းက ရှင်းပြသည်။
သိန်းနီရဲစခန်းမှ တာဝန်ရှိသူတဦးက ယင်းဒေသတွင် ရဲဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့်မှာ ၂ နှစ်ခန့်ရှိပြီး ဖြစ်ကြောင်း၊ သိမ်းဆည်းရမိထားသည့် လက်နက်များမှာ တရုတ်နိုင်ငံထုတ် အများဆုံးပါဝင်ကြောင်း ပြောသည်။
ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး ပူးပေါင်း ရေးသားသည်။