ကချင်ပြည်နယ်တွင်းရှိ မြစ်ဆုံ ရေကာတာ စီမံကိန်းနှင့် ယုဇန ကုမ္ပဏီ၏ စိုက်ပျိုးရေး စီမံကိန်းများကို လုံးဝရပ်ဆိုင်းပေးရန် ဒေသခံ များက သမ္မတနှင့် ကချင်ပြည်နယ်အစိုးရသို့ တင်ပြတောင်းဆိုမည်ဟု Mungchying Rawt Jat(MRJ) ကွန်ရက်အဖွဲ့က ဧရာဝတီ သို့ ပြောသည်။
မြစ်ဆုံ စီမံကိန်းအပါအဝင် ရေကာတာစီမံကိန်း ၇ ခုအပြင် ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေရှိ ယုဇနကုမ္ပဏီ၏ ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်းများကြောင့် ဒေသခံများကို ၂၀၁၀ ပြည့်နှစ်က စံပြကျေးရွာစခန်းများ တည်ဆောက်ပေးပြီး ပြောင်းရွှေ့စေခဲ့ သော်လည်း ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သောက်သုံးရေနှင့် စားဝတ်နေရေးအခက်အခဲများ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ Excel Tower တွင်ပြုလုပ်သည့် MRJ အဖွဲ့၏ ရှင်းလင်းပွဲတွင် ဒေသခံများ ကိုယ်တိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ပြော ဆို ရှင်းလင်းသည်။
MRJ သည် အစိုးရ၏ ကချင်ပြည်နယ်အတွင်း အကြီးစား ဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် တိုက်ရိုက်ဆိုးကျိုး ခံစားနေရသော ဒေသခံပြည်သူများဖြင့် ၂၀၁၂ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းထားသော အဖွဲ့တခု ဖြစ်သည်။
ကိုယ်တိုင် အောင်မြင်သာ စခန်းသို့ ရွှေ့ပြောင်းခံထားရသူ MRJ အဖွဲ့ဝင် ဒေါ်ဂျာခေါန်က“ကျမတို့အားလုံး တိုင်ပင်ပြီးတော့ သမ္မတ နဲ့ ကချင်ပြည်နယ်အစိုးရကို တောင်းဆိုသွားမယ်။ ဒေသခံတွေကို အကျိုးမပြုတဲ့ မြစ်ဆုံ စီမံကိန်းကို လက်ရှိ သမ္မတကြီး ပြောတဲ့ အတိုင်း တကယ်ရပ်တန့်ပေးဖို့ တောင်းဆိုချင်တယ်”ဟု ပြောပြသည်။
ပြောင်းရွှေ့ခံရစဉ်က ဒေသခံများ၏ သန်းခေါင်စာရင်းနှင့်မှတ်ပုံတင်(မူရင်း) များကိုလည်း ယခုအချိန်အထိ သိမ်းဆည်း ထားကြောင်း၊ စီမံကိန်း ကန့်သတ်နယ်မြေများကြောင့် လုပ်ကိုင်စားသောက်၍ မရတော့ကြောင်း၊ ဒေသခံများ၏ လယ်ယာမြေများကို လည်း သိမ်းဆည်း ထားကြောင်း၊ ဟူးကောင်းနှင့် မြစ်ဆုံဒေသတွင် တရားမဝင် အကြီးစားရွှေတူးဖော်ရေး လုပ်ငန်းဆောင်ရွက်သူများလည်း ရှိနေပြီး အဆိုပါရွှေတူးဖော်လုပ်ငန်းများကြောင့် ဒေသခံများ၏ သောက်သုံးရေကန် ပျက်စီးခြင်း၊ ကျွဲ ၊ နွား၊ ငါး ၊ စသည့် သားရဲ တိရစ္ဆာန်များလည်း သေကြေ ပျက်စီးနေရကြောင်း ယမန်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်း ရှင်းလင်း သည်။
ဧရာဝတီ မြစ်ဆုံံ စီမံကိန်းကို မြန်မာနှင့် တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI တို့က ၂၀၀၆ ခုနှစ် တွင် သဘော တူ စာချုပ် ချုပ်ဆိုခဲ့ပြီး မေခမြစ်ကြောင်းတလျှောက်တွင် ရေကာတာ ၅ခုနှင့် မလိခမြစ်ကြောင်းတလျှောက် တွင် ရေကာတာ ၂ ခု တည်ဆောက်မည်ဟု နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ၂၀၀၇ ခုနှစ် မေလပိုင်းက ဖော်ပြခဲ့သည်။
မြစ်ဆုံ စီမံကိန်းကို ဒေသခံများနှင့်နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက ဝိုင်းဝန်း ကန့်ကွက်မှုကြောင့် သမ္မတ ဦးသိန်းစိန်က ၎င်း၏ အစိုးရ လက်ထက်အတွင်း ရပ်ဆိုင်းထားမည်ဟု ကြေညာထားသော်လည်း လက်ရှိတွင်မှု အဆိုပါ ဒေသတဝိုက် စီမံကိန်းများကို ဆက်လက် လုပ်ကိုင်နေကြကြောင်း အမှန်တကယ်ရပ်တန့် ထားစေလိုခြင်းဖြစ်သည်ဟု ဒေသခံများ၏ အဆိုအရ သိရသည်။
ယုဇန စိုက်ပျိုးရေး စီမံကိန်းကြောင့် နေရပ်မှပြောင်းရွှေ့ခဲ့ရသည့် ဟူးကောင်းဒေသခံ ဦးလဆိုင်းကလည်း “စံပြကျေးရွာဆိုတာ ပုံထဲမှာပဲ လှတယ်၊ တကယ့် လက်တွေ့မှာတော့ ဒေသခံတွေရဲ့ ဝမ်းစာ ရှာဖို့ခက်ခဲတယ်၊ ကလေးတွေကိုလည်း ကျောင်းမထားနိုင် တော့ဘူး၊ ရေရှားတယ်၊ အလုပ်အကိုင် အဆင်မပြေဘူး။ ဘာမှလည်း လုပ်ကိုင်စားသောက်လို့ မရကြဘူး”ဟု ဆိုသည်။
ပီလောပီနံ စိုက်ပျိုးရေးစီမံကိန်းကြောင့် ပြောင်းရွှေ့ခဲ့ရသည့် နေရာများသည် ဒေသခံများ လုပ်ကိုင်စားသောက် မရသည့် ဒေသများဖြစ်နေသည့်အတွက် မူးယစ်ဆေးဝါး မှောင်ခို ရောင်းဝယ်ခြင်း၊ လုပ်ခနည်းပါးသည့် နေ့စားအလုပ်သမားများအဖြစ် အသက်မွေးနေရခြင်း၊ တခြားသော ဒေသများသို့ သွားရောက်၍ အသက်မွေးဝမ်းကျောင်း နေရခြင်းများ စသည့် ပြဿနာရပ်များ ဖြစ်ပေါ်နေကြောင်း သိရသည်။
ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေမှ မြေဧက နှစ်သိန်း ကျော်ကို ယုဇန ကုမ္ပဏီက ကြံနှင့် ဇီဝလောင်စာဆီ ထုတ်လုပ်ရန် အတွက် ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ၂၀၀၆ ခုနှစ်တွင် အစိုးရထံမှ လုပ်ကိုင်ခွွင့်ရရှိခဲ့သည်ဟု ကချင် လူမှုဖွံ့ဖြိုးရေးကွန်ရက်က ထုတ်ပြန်သည့် “Tyrants, Tycoons and Tigers ” အစီရင်ခံစာတွင် ပါရှိသည်။
စံပြစခန်းနေ ဦးလမုန်တန်ဂွန်းကလည်း “ကျနော်တို့ကို ဒီလိုလုပ်တာက ဟူးကောင်း လီဒိုလမ်းမ လမ်းပန်းဆက်သွယ်ရေး ကောင်း အောင်၊ ဘဝပြောင်းလဲအောင် လာလုပ်တယ် ဆိုပြီး ပြောကြတယ်၊ အခုတော့ ပိုပြီးချွတ်ခြုံကျတဲ့ ဘဝကိုပဲ ရောက်နေရတယ်”ဟု ပြောဆိုသည်။
မြစ်ဆုံ စီမံကိန်းနှင့် ယုဇန ကုမ္ပဏီ စိုက်ပျိုးရေး စီမံကိန်းများကြောင့် ဟူးကောင်းနှင့် မြစ်ဆုံဒေသရှိ မဇွပ်ရွာ၊ တန်ဖဲ၊ ပဒန်၊ ဒေါင်ပန်၊ အောင်ဂျာယာန်၊ ဒိန်ဂါဇွပ်၊ ဘန်ကောက်၊ အောင်ရာယန်၊ နာမ့်ဆိုင်၊ လောတ်ဂျာပါ၊ ဝါရာဇွပ်၊ ဂျထူးဇွပ် ကျေးရွာများမှ ဒေသခံ ၂၅၀၀ ကျော် ကို အောင်မြင်သာ စခန်း၊ မလိယာန် စခန်းများသို့ ၂၀၁၀ ပြည့်နှစ်တွင် အစိုးရက ပြောင်းရွှေ့စေခဲ့သည်။
တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီမှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ သို့ ယခု လဆန်းပိုင်းက အလည်အပတ်ခရီး သွားရောက်ခဲ့စဉ် မြစ်ဆုံ စီမံကိန်းကို ပြန်လည် ဆောင်ရွက်လိုသည်ဟု တရုတ် အာဏာ ပိုင်များက ထုတ်ဖော်ပြောဆိုကြောင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နှင့် NLD ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးညီပု က ဧရာဝတီသို့ က ပြောဆိုခဲ့ဖူးသည်။