သတင်း

မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကုလသမဂ္ဂ ကိုယ်စားလှယ် တက်ရောက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ယနေ့ စတင်ပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား ပထမဆုံးအကြိမ် တက်ရောက်လာပြီး တရုတ်နိုင်ငံမှ ကိုယ်စားလှယ်ကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များနှင့်အတူ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သည်ကို မြင်တွေ့ရသည်။

ဝ၊ ကရင်၊ ရှမ်း၊ ကရင်နီ၊ မွန် အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် နိုင်ငံခြား လေ့လာသူများမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဖိတ်ကြားထားသူများဖြစ်သည်။

ယခင် ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ဥရောပသမဂ္ဂမှ ကိုယ်စားလှယ်များ အပါအဝင် “စောင့်ကြည့်လေ့လာရေး အဖွဲ့” ကို ဖွဲ့စည်းရန် KIO ဘက်က တောင်းဆိုသော်လည်း တရုတ်ဘက်မှ ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။ ဆွေးနွေးဝိုင်းများနှင့် နီးစပ်သူတဦး၏ အဆိုအရ ပြီးခဲ့သည့် ဆွေးနွေးပွဲရလဒ်အပေါ် နှစ်ဘက်သဘောတူ ထုတ်ပြန်မည့် ကြေညာချက်ပါ စာသားများကို ပြုပြင်ရန်အထိပင် တရုတ်ဘက်က ဝင်ရောက် စွက်ဖက်ခဲ့ကြောင်း သိရသည်။

ယခု ဆွေးနွေးပွဲသည် မြန်မာနိုင်ငံအတွင်း ဆွေးနွေးမှုအား KIO ဘက်မှ ပထမဆုံးအကြိမ် လက်ခံခဲ့ခြင်းလည်း ဖြစ်သည်။ ယခင် ဆွေးနွေးပွဲများကို တရုတ်နိုင်ငံတွင်သာ ကျင်းပခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသော နှစ်ဘက်အသိုင်းအဝိုင်း၏အဆိုအရ စစ်ရေးကိစ္စများကို အဓိက ဦးစားပေး ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် KIO ဘက်မှ ဗိုလ်ချုပ်ဂွမ်မော်က တပ်နေရာချထားရေးအတွက်သာ ဦးတည်ဆွေးနွေးမည် မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေး အစစ်အမှန် ရနိုင်ရန် အတွက်သာ ဦးစားပေး ဆွေးနွေးမည်ဟု ဆွေးနွေးပွဲ မစမီ ပြောဆိုသည်။

မြန်မာ့တပ်မတော် ကိုယ်စားလှယ် အထူးစစ်ဆင်ရေးတပ်မှူး ဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း “ ကိုယ်တွေဘက်ကလည်း တကယ့်ကို ငြိမ်းချမ်းရေးရချင်တာကြောင့် အတတ်နိုင်ဆုံး အကောင်းဆုံး ဆွေးနွေးမှာပါ။ ဒီမှာ စစ်ဦးစီးချုပ် မင်းအောင်လှိုင်ရဲ့ကိုယ်စား အာဏာကုန်လွှဲအပ်ထားတဲ့သူအနေနဲ့ တက်ခဲ့တာမို့ ဒါဟာ စစ်ဦးစီးချုပ်ရဲ့သဘောနဲ့ တထပ်တည်းပါ”ဟု ဧရာဝတီသို့ ပြောဆိုသည်။

ဆွေးနွေးပွဲကို မေ၂၉ တွင် KIO မှ ရပ်မိရပ်ဖများ၊ ခရစ်ယာန်သာသနာပြု အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ၃၀၊ ၃၁ ရက် နေ့များတွင် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မတီနှင့် KIO ထပ်မံတွေ့ဆုံမည် ဖြစ်သည်။

ယခု ဆွေးနွေးပွဲသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် လဂျွန်ငွန်ဆိုင်းအပါအဝင် ကချင် လေ့လာသူများလည်း တက်ရောက်သည်။

တင်္နလာနေ့က မြစ်ကြီးနားသို့ ဆိုက်ရောက်လာသော KIO ကိုယ်စားလှယ်များကို မြစ်ကြီးနားမြို့ခံများ ထောင်ချီ၍ ဆီးကြိုနှုတ်ဆက်ခဲ့ကြသည်။  KIO အလံများကို လူများက ဝှေ့ရမ်းနှုတ်ဆက်ကြပြီး ကချင်အမျိုးသားသီချင်းကို သီဆိုကြသည်။

KIO အဖွဲ့အနေဖြင့် ၁၇ နှစ်ကြာ မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ခဲ့ရာ လွန်ခဲ့သော ၂ နှစ်က အပစ်ရပ်သဘောတူညီချက် ပျက်ခဲ့ပြီး တိုက်ပွဲများ နှစ်ဘက်ကြား အပြင်းအထန် ပြန်လည်ဖြစ်ပွားခဲ့သည်။

သမ္မတ ဦးသိန်းစိန်က အပစ်ရပ်ရန် တိုက်တွန်းခဲ့ပြီး နှစ်ဘက်ကြား ဆွေးနွေးဝိုင်းများ ပြန်လည်စတင်နိုင်ခဲ့သည်။ သို့ရာတွင် ရလဒ် တစုံတရာ မပေါ်ထွက်သေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading