မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)က လွန်ခဲ့သော နှစ် ၂၀ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် သွေးထွက်သံယိုမှုများ၊ သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ ပြန်လည်ဖော်ထုတ်ရန် ကာယကံရှင်များနှင့်တွေ့ဆုံကာ အချက်အလက်များ စတင်စုဆောင်းနေပြီ ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက ကျောင်းသားတပ်ဦးအတွင်း သူလျှိုစစ်ဆေးဖော်ထုတ်ခြင်းများကြောင့် ကျောင်းသားများ သေဆုံးခဲ့ရခြင်းများ၏ အသေးစိတ် အချက်အလက်များကို ကာယကံရှင်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု ABSDF ၏ အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ် ရေးအဖွဲ့မှ တာဝန်ခံညှိနိုင်းရေးမှူး ရဲဘော်ကျော်ကျော်လင်းက ပြောသည်။
“ခုချိန်ထိတော့ တွေ့ဆုံမေးမြန်းပြီးတာ ရဲဘော် ၆ ယောက်ရှိပြီ။ မိသားစုဆိုလို့ မငယ်(မနန်းအောင်ထွေးကြည်)ရဲ့ အမေနဲ့ သွားတွေ့ပြီးပါပြီ။ ဒီကိစ္စကြီးက သူတို့မှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီး ရှိခဲ့တယ်လေ။ ဒါကြီးကို ထပ်ခါတလဲလဲ ပြောပြောနေရတဲ့အတွက် အရမ်း စိတ်ထိခိုက်တယ်” ဟု ရဲဘော် ကျော်ကျော်လင်းက ဧရာဝတီသို့ ပြောသည်။
ABSDF ကျောင်းသားတပ်မတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လူထုအုံကြွမှုကို စစ်တပ်က သွေးထွက်သံယို နှိမ်နှင်းပြီးနောက်ပိုင်း တောခိုသွားခဲ့သည့် ကျောင်းသားလူငယ်များနှင့် ဖွဲ့စည်းထား ခြင်းဖြစ်ပြီး ယခုအခါ လက်ရှိအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် သူလျှိုစစ်ဆေးဖော်ထုတ်ခြင်းများကြောင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၅ ဦး သေဆုံးခဲ့သည်။
အဆိုပါ အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေးအဖွဲ့ကို ၂၀၁၂ခုနှစ် ဇန်နဝါရီတွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းခဲ့ပြီး မြောက်ပိုင်းကိစ္စတွင် နည်းအမျိုးမျိုးဖြင့် ပါဝင်ပတ်သက်ခဲ့သည့် ကာယကံရှင်များ၊ သေဆုံးသွားခဲ့သူများ၏ မိသားစုဝင်များကို အဓိက အပိုင်း ၄ခုခွဲကာ အစိုးရက တရားဝင်ခွင့်ပြုထားသည့် ရက်သတ္တပတ် ၃ ပတ်အတွင်း ရန်ကုန်၊ မန္တလေးနှင့် မွန်ပြည်နယ်များတွင် မေးမြန်း အချက်အလက် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
တဦးချင်းစီ သီးသန့်တွေ့ဆုံမေးမြန်းမည့် ယင်းအစီအစဉ်တွင် တဦးချင်းစီ၏ နောက်ခံသမိုင်းကြောင်း၊ သူတို့သိသော ABSDF အကြောင်း၊ ယင်းဖြစ်စဉ် အပြီးတွင် နောက်ဆက်တွဲ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် အကြံပြုချက်ဟူ၍ ၄ ပိုင်းခွဲကာ မေးမြန်းသွားမည်ဖြစ်ကြောင်း ရဲဘော် ကျော်ကျော်လင်းက ပြောသည်။
ထိုသို့ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းများကို ယခုနှစ်အတွင်း အပြီးသပ်နိုင်ရန်ကြိုးစားမည်ဟု သူက ဆက်လက်ပြောသည်။
“အခုက မေ ဆိုတော့၊ ဒီနှစ်ထဲမှာ ဖြစ်နိုင်ပါတယ်။ ဖြစ်အောင် ကြိုးစားရမှာပေါ့။ နည်းနည်းလေး ဖြည့်ပြောချင်တာက ဒီအစီရင်ခံစာက အဆုံး မဟုတ်ဘူး။ ဒီအစီရင်ခံစာ ပြီးသွားတာနဲ့ ဒါကြီးက ပြီးသွားမှာ မဟုတ်သေးဘူး။ ကျနော်တို့ လုပ်ချင်နေတဲ့ အမှန်တရားနဲ့ တရားမျှတမှုတွေရဲ့ အစပဲ” ဟုလည်း ပြောသည်။
အချက်အလက် ကောက်ခံရာတွင် ပြည်တွင်းရှိ သက်ဆိုင်သူများနှင့် ပြည်ပရောက် ကျောင်းသားဟောင်းများကိုလည်း မေးမြန်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ဟော်လန်နိုင်ငံရှိ မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားသည့် ABSDF ၏မှတ်တမ်းများကို ကိုးကား အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်နက်ကိုင်တော်လှန်ရေးကာလ ၂၄ နှစ်အတွင်း ရဲဘော်စုစုပေါင်း ၆၂၇ ဦးကျဆုံးပြီး ၃၉၉ ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး – မကဒတ (ကျောင်းသားတပ်မတော်) အဖွဲ့အစည်းတည်ထောင်ခြင်း (၂၄)နှစ်မြောက် ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။
မြောက်ပိုင်းဖြစ်ရပ်များနှင့်ပတ်သက်၍ သေဆုံးခဲ့ရသည့် ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်၏ မိသားစုက မန္တလေးတိုင်းဒေသကြီး အမှတ်(၈) ရဲစခန်းတွင် ယခုလ ၁၇ ရက်က အမှုဖွင့်ထားသည်။