လွှတ်တော်က အရေးတကြီး ကော်မရှင်ဖွဲ့ လိုက်ရှာခဲ့တဲ့ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ သိနေပြီဖြစ်လို့ လာမယ့် ဇွန် ၂၅ ရက်နေ့မှာ အားလုံး သိရအောင် ဖွင့်ချတော့မှာ ဖြစ်ပါတယ်။
ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို မြန်မာ့အရေး စိတ်ဝင်စားသူတွေက မေးနေကြပြီး သူ့ကိုဘာကြောင့် လွှတ်တော်က ဒီလောက် အရေးတကြီး လိုက်ရှာနေရလဲ ဆိုတာကို အများက သိချင်နေကြပါတယ်။
ဒေါက်တာ ဆိတ်ဖွားဆိုတဲ့သူဟာ ဒီနှစ် ဇန်နဝါရီလထဲမှာ Above the Law ဆိုတဲ့ ဆောင်းပါးတပုဒ်ကို Myanmar Express လို့ခေါ်တဲ့ ဝက်ဘ်ဆိုက် တခုမှာရေးခဲ့ပါတယ်။ အဲဒီဆောင်းပါးမှာ လွှတ်တော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖောက်ဖျက်ရုံသာမက အခြေခံဥပဒေက မည်သို့ပင်ဆိုစေကာမူ လွှတ်တော် ဥက္ကဋ္ဌနဲ့ အပေါင်းအပါတွေ မဲခွဲ ဆုံးဖြတ်တာသာ အတည်ဖြစ်တယ်လို့ ရေးခဲ့တာပါ။
ဒေါက်တာဆိတ်ဖွားရေးတဲ့ Above the Law ဆိုတဲ့ ဆောင်းပါးဟာ လွှတ်တော်နဲ့ ပြည်သူအကြားမှာ အထင်မှားစေတဲ့ အတွက် ပြည်သူလူထုအနေနဲ့ လွှတ်တော်အပေါ်မှာ အထင်မမှားအောင် ဒေါက်တာဆိတ်ဖွားကို ကော်မရှင်ဖွဲ့ပြီး ရှာနေရတာလို့ ဆိတ်ဖွား စုံစမ်းရေးကော်မရှင် အဖွဲ့ဝင် အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေက ပြောပါတယ်။
“သူက သမ္မတပြောတာပဲ မှန်တယ်။ လွှတ်တော်က မှားတယ်လို့ ပြောတာသည် ကျတော်တို့ လုံးဝလက်ခံနိုင်ခြင်း မရှိပါဘူး။ဒါကြောင့် မို့လို သူကို ကျနော်တို့က စုံစမ်းပြီးတော့ မင်းပြောတာ မဟုတ်ဘူး၊ လွှတ်တော်က ဒီလိုလုပ်တာဆိုပြီး ရှင်းပြဖို့ လိုတယ်။ ပြည်သူလူထုကိုလည်း ချပြဖို့လိုတယ်လို့ လွှတ်တော် နာယကကြီးက သုံးသပ်ပါတယ်” လို့ ဦးလှဆွေက ဆိုပါတယ်။
ဒေါက်တာဆိတ်ဖွားကို ရှာဖွေတဲ့အခါမှာ အစိုးရဝန်ကြီးဋ္ဌာနက အဆင့်မြင့်အရာရှိ ၆ ဦးကို ကော်မရှင်က ခေါ်မေးလိုက်တော့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြားမှာ အားပြိုင်မှု ဖြစ်လာပါတယ်။ ခေါ်မေးခံရသူတွေထဲမှာ ကျန်တဲ့ သူတွေက ပုဂ္ဂလိက ဂျာနယ်က အယ်ဒီတာချုပ် ၇ ဦးပါ။ ဂျာနယ်တွေမှာ လိုက်ပြီး ပရုဖတ်တဲ့ ဦးသိန်းတင်သန်းက အစ ပါတယ်လို့ သိရပါတယ်။
ဒေါက်တာဆိတ်ဖွား ဆိုသူဟာ တိုင်းပြည် ပြုပြင် ပြောင်းလဲနေတာကို မသိဘဲနဲ့ သမ္မတနဲ့ အစိုးရအဖွဲ့ကို ဖားချင်တဲ့ စိတ်နဲ့ ရေးပြီးတော့ နောက်ကြောင်း ပြန်လှည့်ချင်နေသူလို့ ကော်မရှင်အဖွဲ့ဝင် တဦးက ပြောပါတယ်။
“ဆိတ်ဖွားက အရင်ခေတ်က ပြန်ကြားရေးဋ္ဌာနမှာ ရေးတဲ့ စတိုင်မျိုးနဲ့ အစိုးရပဲမှန်တယ်၊ အတိုက်အခံတွေရော ဘာတွေရော အကုန်မှားတယ် ပေါ့နော်။ အဲဒီရေးတဲ့ ဆောင်းပါးရှင်က စာမူခကို ပြည်သူ့ ဘဏ္ဍာနဲ့ ရတာ။ ပြည်သူ့ဘဏ္ဍာနဲ့ ရပြီး အစိုးရကို ဖားရေးတာပေါ့။ အဲဒီလို ဖားရေးတဲ့ သူတွေကို ပြန်ကြားရေး ဝန်ကြီးဋ္ဌာနက အကြံပေးအဖွဲ့ဆိုပြီး မွေးထားတယ်။ အရင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း လက်ထက်မှာ အများဆုံးဖြစ်ခဲ့တယ်” လို့ ဦးလှဆွေက ဆိုပါတယ်။
ဆိတ်ဖွားကို ရှာဖို့ ကြိုးစားရာမှာ နည်းပညာ အခက်အခဲကြောင့် Soft ware ကို မသုံးနိုင်ဘဲ Hard ware သုံးပြီး ရှာခဲ့ရတယ်လို့ သိရပါတယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အကူအညီတောင်းပြီး ဖိုက်ဘာ ဆက်ကြောင်းကနေ ရှာဖွေခဲ့သလို၊ ကမ္ဘာကျော် Google ကုမ္ပဏီကို အကူအညီ တောင်းခံခဲ့ပါတယ်။
“ကျနော်တို့ Google နဲ့ ချိတ်မယ်လို့လည်း ပြောလိုက်ရော၊ ဆိတ်ဖွားကြီးက အင်တာနက်ကနေ ပျောက်သွားရော။ ကျနော်တို့မှာက ဖိုက်ဘာ ဆက်ကြောင်း ရှိတယ်လေ။ ဆက်ကြောင်းကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထိန်းချုပ် ထားတာဆိုတော့ ဆိတ်ဖွားသုံးနေတဲ့ အချိန်မှာ ဘယ်က သုံးနေလဲ ဆိုတာ ထောက်လှမ်းနိုင်တဲ့ စနစ်ရှိတယ်။ အခု အဲဒါကို ဖမ်းနိုင်ဖို့ လုပ်နေတယ်။ မြန်မာ့ ဆက်သွယ်ရေးက လုပ်ပေးမယ်လို့ ပြောတယ်။ တကယ်လုပ် မလုပ်တော့ မသိဘူး” လို့ ကော်မရှင်အဖွဲ့ဝင် တဦးက ပြောပါတယ်။
Google ကလည်း ဒေါက်တာဆိတ်ဖွားဟာ အကြမ်းဖက် ဗုံးခွဲတဲ့သူ မဟုတ်လို့ ရှာမပေးနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ကြောင်း သိရပါတယ်။
“Google ကိုမေးတော့လည်း အကြမ်းဖက် ဗုံးခွဲတဲ့သူတွေကိုပဲ ရှာပေးနိုင်မယ်လို့ ပြောတယ်။ ကျန်တာက ပုဂ္ဂလိက ကိစ္စတွေဖြစ်လို့ မဖြေလိုဘူးလို့ ပြောတယ်” လို့ ဆိတ်ဖွား စုံစမ်းရေး ကော်မရှင်ဝင်တဦးက ဆိုပါတယ်။
တိုင်းပြည်မှာ နည်းပညာ အားနည်းချက်တွေရှိလို့ လွှတ်တော်လို နေရာကြီး တခုကို ဒေါက်တာဆိတ်ဖွားက စော်ကားရဲတာလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
“ကျနော်တို့မှာ သူဘယ်သူဆိုတာ သိနိုင်တဲ့ နည်းပညာမရှိဘူး။ ကျနော်တို့ ဆက်သွယ်ရေးက အားနည်းတာကို သိတဲ့အတွက် အခွင့်အရေးယူ တိုက်ခိုက်တာပါ” လို့ သူက ဆက်ပြောပါတယ်။
ဆိတ်ဖွား နေပြည်တော် လာဖို့အတွက် တည်းခိုခ လမ်းစရိတ်ကအစ ထမင်းကျွေး၊ လက်ဖက်ရည်တိုက် အဆုံး ကော်မရှင်က တာဝန်ယူ ပေးခဲ့ရတာလို့ ဦးဖုန်းမြင့်အောင်က ဆိုတယ်။
“ကျနော်တို့က လူပေါင်းစုံခေါ်ပြီး လက်ဘက်ရည်တိုက်၊ ကော်ဖီတိုက်၊ ရထားလက်မှတ် စီစဉ်ပေးပြီးတော့ ခေါ်မေးရတာ။ ကားသွားကြိုရတယ်၊ ပြီးရင်ပြန်ပို့ရတယ်။ ရဲမေးတာ မဟုတ်တော့ လွှတ်တော် ကိုယ်စားလှယ်လို လုပ်ရတာပေါ့။ မေးမြန်း ချက်တွေကို အသံသွင်းတာတွေ လုပ်၊ လက်မှတ်ထိုးခိုင်းတာတွေ လုပ်ပြီးတော့မှ ကျနော်တို့ သုံးသပ်ချက်တွေနဲ့ အစီရင်ခံစာကို လွှတ်တော်ကို တင်ရမှာ” လို့ သူက ပြောပါတယ်။
နောက်ဆုံးတော့ ဆိတ်ဖွားဘယ်သူလဲဆိုတာ ကော်မရှင်က ရှာတွေ့ခဲ့ပါတယ်။ ဆိတ်ဖွားကလည်း ဆောင်းပါးအတွက် သူ တာဝန်ယူကြောင်း ထုတ်ပြောခဲ့တယ်လို့ သိရတယ်။
“Soft ware ပိုင်း လိုက်ဖို့ခက်တော့ သူရေးထားတဲ့ ဆောင်းပါးက ခင်မောင်ညို (ဘောဂဗေဒ) အယ်ဒီတာချုပ်လုပ်တဲ့ ဂျာနယ်မှာ ပါလာတယ်။ ကျနော်တို့က အဲဒီဆောင်းပါး ဘယ်သူရေးတာလဲ လိုက်ရင်းနဲ့ သူ့ကို ခေါ်မေးလိုက်တော့ အဖြေပေါ်တာပေါ့” လို့ ဦးလှဆွေက ပြောပါတယ်။
ဧရာဝတီက ဆရာခင်မောင်ညို (ဘောဂဗေဒ) ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ကော်မရှင်က တွက်ထားတဲ့သူနဲ့ ဒေါက်တာဆိတ်ဖွားပါလို့ လာဝန်ခံတဲ့သူ တထပ်တည်း ကျတယ်လို့ ဦးလှဆွေက ပြောပါတယ်။
ဒေါက်တာဆိတ်ဖွားကို အရေးယူနိုင်မယ့် ဥပဒေ ရှိမရှိကိုတော့ ဥပဒေ ပညာရှင်တဦးဖြစ်တဲ့ ဦးမြညိမ်းက လွှတ်တော်မှာ တခါတည်း တင်ပြသွားဖို့ ရှိတယ်လို့ သိရပါတယ်။
ဒေါက်တာဆိတ်ဖွားကို ဘယ်လိုဥပဒေမျိုးနဲ့ အရေးယူသင့်တယ် ဆိုတာကို အကြံပြုဖို့ လွှတ်တော် နာယကကြီးက ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ကို တာဝန်ပေးထားပါတယ်။
လာမယ့် ဇွန် ၂၅ ရက်နေ့ လွှတ်တော်ပြန်ခေါ်ရင်တော့ အားလုံးသိချင်နေတဲ့ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲဆိုတာ ပေါ်လာတော့မှာပါ။
ဒေါက်တာဆိတ်ဖွားကို သေဒဏ်တောင် ပေးနိုင်တယ်လို့ အင်တာနက် စာမျက်နှာတွေမှာ ပြောဆိုနေကြပေမယ့် ဆိတ်ဖွား စုံစမ်းရေးကော်မရှင်ဝင် ဦးလှဆွေကတော့ အဲဒီလောက် အပြစ်ပေးစရာမလိုဘဲ နောက်မလုပ်ရင် တော်ပါပြီလို့ ဧရာဝတီကို ပြောပါတယ်။
“ဒေါက်တာဆိတ်ဖွား ပြဿနာက ဘာနဲ့တူသလဲဆိုတော့ သူငယ်တန်းကနေ ဆယ်တန်းအထိ ဗိုင်းကောင်း ကျောက်ဖိ နေလာတဲ့ ကျောင်းသူလေးက ဂုဏ်ထူးတွေအများကြီး ရပြီး တက္ကသိုလ်လည်းရောက်ရော ပျက်စီးသွားရော၊ အရင်တုန်းက ကျနော်တို့ တိုင်းပြည်က မလွတ်လပ် မပွင့်လင်းဘူး၊ ဒီမိုကရေစီ ဒိုင်းဆို ရလာတဲ့ အချိန်မှာ ရေးချင်ရာ အကုန်လျှောက်ရေး၊လွှတ်တော်ကို စော်ကား၊ သမ္မတကို နှိပ်ကွပ်တာတွေ ဖြစ်လာတာပေါ့။ ရင့်ကျက် တည်ငြိမ်ဖို့တော့ အချိန်ယူရဦးမှာပါ” လို့ ဦးလှဆွေက ဆိုပါတယ်။
ဒေါက်တာဆိတ်ဖွားက သမ္မတပဲ မှန်တယ်၊ ကျန်တဲ့သူ အကုန်မှားတယ်ဆိုတဲ့ ပုံစံမျိုး ရေးထားတဲ့ အပေါ် သမ္မတလည်း လူသားတယောက်ဖြစ်လို့ သူလည်း မှားရင် မှားနိုင်တာပဲလို့ လွှတ်တော် ကိုယ်စားလှယ်တဦးက ထောက်ပြပါတယ်။
“လွှတ်တော် ဆိုတာကတော့ လူ ၆၆၀ လောက် ရှိတဲ့အခါကျတော့ ပြည်သူ့ ကိုယ်စားလှယ်ပေါင်း ၆၆၀ က စဉ်းစားပြီးတော့မှ ဆုံးဖြတ်ကြတာ ဆိုတော့ အုပ်ချုပ်ရေးပိုင်းမှာ အကြီးဆုံးဖြစ်တဲ့ သမ္မတကို လွှတ်တော်က ထောက်ပြဖို့ တာဝန်ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။
ပြန်ကြားရေး ဝန်ကြီးဋ္ဌာန ဒုဝန်ကြီး ဦးရဲထွဋ်လည်း ဆိတ်ဖွားစုံစမ်းရေး ကော်မရှင်ကို ရောက်ရှိလာပြီး ဒေါက်တာဆိတ်ဖွားကို တွေ့ရှိဖို့ ပူးပေါင်း ကူညီမယ်၊ သူကိုယ်တိုင် ကူရှာပေးမယ်လို့ ပြောပြီး တကယ်လည်း အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်တယ်လို့ ကော်မရှင်ဝင် တဦးက ပြောပါတယ်။