မြန်မာနိုင်ငံတွင် နိုင်ငံခြား ခရီးသွားဧည့်သည်များ တိုးတက်လာသည့် အပြင် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲလည်း လက်ခံ ကျင်းပတော့မည် ဖြစ်သောကြောင့် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ ပုံရိပ် မကျဆင်းရန် ရဲတပ်ဖွဲ့၏ စွမ်းရည်နှင့် ကျင့်သုံးနေသည့် ပုံစံများကို ပြုပြင်ပြောင်းလဲရေး လိုအပ်သည်ဟု ကျွမ်းကျင်သူများက ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ခရီးသွားများအတွက် သင်တန်းပေးနေသော ခရီးသွား ရဲတပ်ဖွဲ့သာမက ဒေသအနှံ့ရှိ ရဲတပ်ဖွဲ့များ၏ စွမ်းရည်နှင့် အခြေခံ လိုအပ်ချက်များကိုပါ မြှင့်တင်ရန် လိုအပ်ကြောင်း ခရီးသွားရဲများကို သင်တန်းပေးနေသော အမေရိကန် အခြေစိုက် National First International Development Asia – NFIDAsia ကုမ္ပဏီ၏ ဒါရိုက်တာ မစ္စတာ Mark Wilson က မေ ၂၇ ရက်နေ့က ပန်ဒါဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဧရာဝတီနှင့် သီးသန့်တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
“ရဲဆိုတာ တကယ့်ကို ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းရဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေလို့ ဆိုလို့ရအောင် လုပ်ရမှာ။ ပြည်သူတွေ ဆီက လာဘ်စားတာတွေကို ကြားနေရတာပဲ။ ရဲတွေရဲ့ အသွင်အပြင်ကို ကြည့်လိုက်တာနဲ့ ကိုယ့်အခက်အခဲအတွက် ယုံကြည် စိတ်ချရအောင် လုပ်ကိုင်နေထိုင်ရမှာ။ အခု ကျင့်သုံးနေတဲ့ ရဲတွေရဲ့ စနစ်တွေ၊ ပုံစံတွေကို ပြုပြင်ပြောင်းလဲဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ ကာလတွင် နိုင်ငံခြားသား ခရီးသွားများအတွက် ရဲတပ်ဖွဲ့ သီးသန့် သင်တန်းပေးနေသော်လည်း ၎င်းတို့၏ အနေအ ထားနှင့် လုံလောက်မှု မရှိနိုင်သေးကြောင်း၊ နိုင်ငံခြားသားများ လက်တွေ့ပြဿနာ ဖြစ်လာလျှင် အဓိက ထိတွေ့ဆက်ဆံရ မည်မှာ ဒေသဆိုင်ရာ ရဲများပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ယခင်အစိုးရလက်ထက်က ပုံစံများ ခေါက်ရိုးကျိုးနေမှုကို ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း၊ လုံခြုံရေး ရဲများသာမက အရပ်ဝတ်ဖြင့် ထောက်လှမ်းနေသောရဲများ၊ အကြမ်းဖက် နှိမ်နှင်းရေးရဲများ ယာဉ်ထိန်း ရဲများ စသဖြင့် ရဲတပ်ဖွဲ့တခုလုံး၏ စွမ်းရည်နှင့် ကျင့်ဝတ်လိုက်နာမှု များကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။
လွန်ခဲ့သည့် ၄ နှစ်တာ ကာလက ၎င်း၏ ခရီးသွား ဧည့်သည်တဦး ခါးပိုက်နှိုက် ခံရမှုနှင့် ပက်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ သို့ အမှုဖွင့်ရန် ဆောင်ရွက်ခဲ့သော်လည်း ကျင့်သုံးနေသော စနစ်အရ အမှုဖွင့်လျှင် ထိုခရီးသွား ဧည့်သည် ပြန်ရန် အခက်အခဲ ရှိသောကြောင့် ခရီးသွားဧည့်သည်၏ အာမခံ ကိစ္စများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်ချက်ဖွင့်သည့် အဆင့်သာ ပြုခဲ့နိုင်ကြောင်း ၎င်းက ဆိုသည်။
“ခါးပိုက်နှိုက် ခံရတာကို အမှုဖွင့်မယ်လို့ ဆိုတော့ အမှုက ကျန်နေခဲ့ရင် အထက်က သူတို့ကို ဆူမှာတဲ့။ ဒါကြောင့် အမှုမဖွင့်ဘဲ တိုင်ချက် သဘောမျိုးနဲ့ အဆင်ပြေအောင် လုပ်ပေးလိုက်တယ်။ အဲဒီလို စနစ်တွေကို ပြန်သုံးသပ်ဖို့လိုတယ်” ဟု သူက ပြောသည်။
ထို့အပြင် ခရီးသွား ဧည့်သည်များအတွက် သီးသန့် ဖွဲ့စည်း သင်တန်းပေးနေသော ရဲများကိုလည်း သင်တန်းပြီးဆုံးပြီးနောက် မိခင်တပ်ဖွဲ့သို့ ပြန်လည် စေလွှတ်ခြင်းကိုလည်း ပြန်သုံးသပ်ရန် လိုအပ်ကြောင်း အဆိုပါ ခရီးသွားလုပ်ငန်းရှင်က ဆိုသည်။
ထိုသီးသန့် ရဲများကို သင်တန်းကာလ ပြီးဆုံးလျှင် မိခင်တပ်ဖွဲ့သို့ စေလွှတ်မည့်အစား နိုင်ငံခြားသားများ အဓိက ခရီးသွားနေ သော နေရာများသို့ စေလွှတ်လျှင် သင်တန်းတွင် သင်ကြားခဲ့သည်များကို လက်တွေ့ကျင့်သုံးရန် အဆင်ပြေနိုင်ကြောင်း၊ သင်ယူခဲ့သော ဘာသာစကားများ အတွက်လည်း လက်တွေ့ကျကျ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အရည်သွေးပြည့်မီဖို့က သင်တန်းနဲ့တင် မလုံလောက်ပါဘူး။ တကယ် ကွင်းဆင်း လက်တွေ့လုပ်ရမှာ။ လက်တွေ့ကျတဲ့ သင်တန်းမျိုး ပုံစံတွေလိုတယ်။ နိုင်ငံခြား ခရီးသွားတွေ ရှိတဲ့နေရာမှာ ကွင်းဆင်း ဆောင်ရွက်တာမျိုး ဖြစ်ဖြစ်၊ နိုင်ငံခြားခရီး သွားတွေ ဖြစ်တတ်တဲ့ မှုခင်းမျိုး ပုံစံနဲ့ လက်တွေ့လုပ်တာမျိုးလိုတယ်” ဟု အဆိုပါ ခရီးသွားလုပ်ငန်း ပိုင်ရှင်က ဆိုသည်။
ထိုသို့ ရဲတပ်ဖွဲ့များ၏ ကျင့်သုံးမှုစနစ်နှင့် အခြေခံ လိုအပ်ချက်၊ စွမ်းရည်များကို မြှင့်တင်ရန် အမှန်တကယ် လိုအပ်ကြောင်း၊ မရှိသည်ထက် ရှိစေရန် ဆောင်ရွက်ရင်း တဆင့်ပြီးတဆင့် ပြုပြင်ပြောင်းလဲသွားရန် လိုအပ်ကြောင်း၊ သို့မှသာ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ် မကျဆင်းမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး ဦးကြည်သိန်းကိုက ပြောသည်။
ယခင် အချိန်များကဆိုလျှင် ထောက်လှမ်းရေးအဖွဲ့တွင် နိုင်ငံခြားသားများနှင့် စကားပြောဆို လိုက်ရုံဖြင့် သက်ဆိုင်ရာအဖွဲ့သို့ ပြန်လည် သတင်းပို့ရသည့် အနေအထားအထိ တင်းကျပ်မှုများရှိကြောင်း၊ ထိုစနစ်မျိုးကို မလွှဲမသွေ ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“မစ္စတာ Mark Wilson ပြောခဲ့တာတွေက အမှန်ပါပဲ။ ဒါကလည်း သူကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ တိုင်းပြီး ပြောတာပါ။ အောက်ခြေ အဆင့်တွေရော၊ အလယ်အလတ် အဆင့်တွေရော၊ အပေါ်အဆင့်တွေရော လက်ရှိ ဖြစ်ပျက်နေတာတွေက လည်း အပြစ်တော့ ပြောလို့မရဘူး။ ကျနော်တို့ကလည်း တဆင့်ပြီးတဆင့် လုပ်ယူရမယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။