သတင်း

ကြံ့ခိုင်ရေးပါတီကို အရေးယူရန် တောင်ဥက္ကလာ ပြည်သူများ ဆန္ဒထုတ်ဖော်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တောင်ဥက္ကလာပမြို့နယ်ရှိ အများပိုင် ပန်းခြံမြေနေရာကို အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) က သိမ်းယူပြီး ကွန်ဒိုအိမ်ရာ တည်ဆောက်မှုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံရေး ပါတီ ဥပဒေအရ ကြံ့ခိုင်ရေးပါတီကို အရေးယူဆောင်ရွက်ပေးရန် တောင်ဥက္ကလာ ပြည်သူများက ဆန္ဒထုတ်ဖော် တောင်းဆို မည် ဖြစ်ကြောင်း သိရှိရသည်။

၁၉၉၂ ခုနှစ် နိုင်ငံရေး ပါတီအဖြစ် အသွင်မပြောင်းမီ ကြံ့ခိုင်ရေး အသင်းက တောင်ဥက္ကလာပမြို့နယ် အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့် ပန်းခြံမြေနေရာကို အသင်းမြို့နယ်ရုံး အဖြစ် ဆောက်လုပ်ပြီး မြေကွက်ကို သိမ်းယူခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် ပြည်ထောင်စု ကြံ့ခိုင်ရေး အသင်းကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းသောအခါ ပန်းခြံမြေနေရာတွင် ဆောက်လုပ်ထားသော အဆောက်အအုံကို ပါတီရုံးခန်း အဖြစ် အသုံးပြုခဲ့ပြီး  ယခုအခါ ကြံ့ခိုင်ရေး ပါတီရုံးခန်းနှင့် မြေနေရာတွင် ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပူးပေါင်း၍ အဆင်မြင့်ကွန်ဒို အိမ်ရာ စီမံကိန်း တခု စတင်တည် ဆောက်နေကြောင်း၊ ထို့ကြောင့် အများပိုင်မြေကွက်ကို မတရားသိမ်းယူခဲ့သော ကြံ့ခိုင်ရေး ပါတီကို နိုင်ငံရေး ပါတီများ ဥပဒေနှင့် အရေးယူပေးရန် တောင်ဥက္ကလာပ ပြည်သူများက ဆန္ဒပြတောင်းဆိုမည်ဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်မည့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။

“အများပိုင် ပန်းခြံမြေကို ကြံ့ခိုင်ရေးပါတီက သိမ်းတယ်။ အခု ကွန်ဒိုအိမ်ရာစီမံကိန်းကြီး ဆောက်နေပြီ။ ဒီမြေသိမ်း ကွန်ဒို ဆောက်တဲ့ ကိစ္စကို ကျနော် သမ္မတဆီလည်း စာတင်တယ်။ လွှတ်တော်ကိုလည်း စာတင်မေးတယ်။ ဒါပေမယ့် ဘာမှ အကြောင်းမပြန်ဘူး။ တဘက်မှာလည်း ကွန်ဒိုအိမ်ရာ စီမံကိန်းကို စလုပ်နေပြီ ဆိုတော့ ၉ ရပ်ကွက် ပြည်သူတွေနဲ့ တောင်ဥက္ကလာက ပြည်သူတွေက ဆန္ဒပြဖို့ လုပ်နေပါပြီ။ ဆန္ဒပြပွဲကို ကျနော်ကိုယ်တိုင် ဦးဆောင်မှာပါ” ဟု ဦးဖုန်းမြင့်အောင်က ဆိုသည်။

အများပိုင် ပန်းခြံ ပြန်လည်ရရှိရေးနှင့် ကြံ့ခိုင်ရေးပါတီကို နိုင်ငံရေးပါတီ ဥပဒေနှင့် အရေးယူရေး ဆန္ဒပြပွဲ တရားဝင် ပြုလုပ်ခွင့် ရရှိရန်အတွက် တောင်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှူးထံ စာတင်ပြ ခွင့်ပြုမိန့် တောင်းခံထားပြီး ဆန္ဒပြပွဲကို ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကာ လူဦးရေ အင်အား ၁၀၀ ဆန္ဒပြရန် စီစဉ်ထားကြောင်း၊ သို့ရာတွင် တောင်ဥက္ကလာပ ပြည်သူ အများစု ပူးပေါင်း ပါဝင်လာနိုင်ခြေ ရှိသဖြင့် အင်အားပိုမို များပြားနိုင်ကြောင်း၊ ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ် သူများတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီသစ် ပါတီတို့မှ ပါတီဝင်နှင့် လွှတ်တော်အမတ်တဦး ပါဝင်မည် ဖြစ်သော်လည်း နိုင်ငံရေး ပါတီများကို ကိုယ်စားပြုမည် မဟုတ်ဘဲ သာမန်ပြည်သူများ အနေဖြင့်သာ ကြံ့ခိုင်ရေးပါတီ၏ မတရား မြေကွက်သိမ်းမှုကို ကန့်ကွက်ရန် စီစဉ်ကြမည်ဖြစ်ကြောင်း တောင်ဥက္ကလာ ဒေသခံများက ဆိုသည်။

“ကျနော်က တောင်ဥက္ကလာမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်ပါ။ ဒါပေမယ့် အခုလို ပြည်သူပိုင် ပန်းခြံကို ကြံ့ခိုင်ရေးပါတီက သိမ်းဆည်းပြီး ကွန်ဒိုဆောက်တာကို ကန့်ကွက်ဖို့လုပ်တာက နိုင်ငံရေးပါတီဝင် တဦးအနေနဲ့ လုပ်တာမဟုတ်ဘူး။ တောင်ဥက္ကလာ ပြည်သူတဦးအနေနဲ့ ကန့်ကွက်တာ။ ဒီမြေကွက်က အများပိုင် မြေကွက်ဆိုတာ တောင်ဥက္ကလာက ပြည်သူတွေအားလုံး သိတယ်” ဟု တောင်ဥက္ကလာပ မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အမှုဆောင်တဦးဖြစ်သူ ဒေါက်တာစောနိုင်က ဆိုသည်။

ဆန္ဒပြပွဲ ပြုလုပ်မည့်အပြင် ကြံ့ခိုင်ရေးပါတီကို အရေးယူပေးရေးအတွက် တောင်ဥက္ကလာပ မြို့နယ်လုံးကျွတ် လက်မှတ် ရေးထိုးပွဲများကိုလည်း ဆက်တိုက်ပြုလုပ်မည်ဖြစ်ပြီး လက်မှတ်များကို ကြံ့ခိုင်ရေး ပါတီခေါင်းဆောင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် လွှတ်တော်သို့ ပေးပို့သွားမည်ဟု သိရှိရသည်။

ဇွန်လ ၂ ရက်နေ့တွင် ဆန္ဒပြကြမည့် တောင်ဥက္ကလာ ဒေသခံများသည် တောင်ဥက္ကလာပ မြို့နယ် စည်ပင်သာယာရေးရုံး၊ ကြံ့ခိုင်ရေးရုံး၊ မတရားသိမ်းယူထားသော ပန်းခြံမြေကွက် နေရာများသို့ စီတန်းလှည့်လည် သွားမည်ဖြစ်ကြောင်း၊ အာဏာပိုင် များက ဆန္ဒပြပွဲပြုလုပ်ရန် တရားဝင် ခွင့်ပြုခြင်းမရှိပါက သတင်းစာရှင်းလင်းပွဲ တရပ်ကျင်းပပြီး လွှတ်တော်တွင် အဆိုနှင့် မေးခွန်းများ တင်သွင်းသွားရန် ရှိကြောင်းလည်း ဒေသခံများက ပြောသည်။

ကြံ့ခိုင်ရေး ပါတီမှ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်၊ တောင်ဥက္ကလာ မြို့နယ် ကြံ့ခိုင်ရေးပါတီ၏ တာဝန်ခံလည်း ဖြစ်သူ ဦးအောင်သိန်းလင်းကမူ ၉ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးမြေကွက်သည် ဂရန်ရှိ မြေကွက်ဖြစ်ပြီး ကြံ့ခိုင်ရေး ပါတီအနေဖြင့် ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပူးပေါင်း၍ အခန်းပေး၊ အခန်းယူစနစ်ဖြင့် ကွန်ဒိုအိမ်ရာ စီမံကိန်း တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ကွန်ဒိုဆောက်လုပ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုခဲ့သည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကမူ “အရင်တုန်းက ကြံ့ခိုင်ရေးအသင်းဆိုတာ နိုင်ငံတော် အဖွဲ့အစည်း အနေနဲ့ ရှိခဲ့တော့ အများပိုင် ပန်းခြံမြေကွက်ကို သိမ်းတာ သိပ်ပြောစရာ မရှိပေမယ့် နိုင်ငံရေးပါတီ တခုအဖြစ် အသွင်ပြောင်းတဲ့ အခါ နိုင်ငံပိုင်ပစ္စည်းကို ထားပစ်ခဲ့ရမယ်။ ပြည်သူကို ပြန်ပေးရမယ်။ အခု အဲဒီလို မဟုတ်ဘဲ သူတို့ကိုယ်တိုင် ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများ ဥပဒေကို ချိုးဖောက်တယ်။ ဒါက ဘယ်လိုမှ လက်ခံလို့မရဘူး” ဟု ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂၊ ၅ (က) အရ နိုင်ငံရေး ပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအနေဖြင့် ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading