သတင်း

ဧရာဝတီတိုင်းအနှံ့ ထွန်တုံးတိုက်ပွဲ ဆင်နွဲှမည်ဟု လယ်သမားသမဂ္ဂပြော

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လယ်သမားများထံမှ သိမ်းဆည်းထားသော လယ်ယာမြေများအား မိုးရာသီ စိုက်ပျိုးချိန်အမီ ပြန်လည်ပေးအပ်ခြင်း မရှိသည့်အတွက် ဆုံးရှုံးခဲ့သည့် လယ်ယာမြေများအား ထွန်တုံးတိုက်ပွဲ ဆင်နွှဲကာ ပြန်လည်ရယူလုပ်ကိုင်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး တောင်သူလယ်သမားနှင့် ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂက ပြောဆိုလိုက်သည်။

“တောင်သူလယ်သမားတွေက ဌာနဆိုင်ရာတွေကို လူနဲ့စာနဲ့ အမျိုးမျိုးပြောတယ်။ ပြောတဲ့အခါ အာဏာပိုင်တွေက ကျနော်တို့လုပ်ပေးပါ့မယ်၊ စုံစမ်းစစ်ဆေးပေးပါ့မယ်၊ ခဏစောင့်ပါဦးဆိုလို့ စောင့်ခဲ့ပါတယ်။ အခုက မိုးရွာလာတဲ့အခါမှာ ကျနော်တို့ သည်းခံနိုင်တဲ့ အတိုင်းအတာ ကုန်ဆုံးသွားပါပြီ။ အဲတော့ တောင်သူတွေဟာ သူတို့ပိုင်တဲ့ လယ်ထဲကို သူတို့ ဆင်းထွန်ကြပါတော့မယ်။ ဒါကို ထွန်တုံးတိုက်ပွဲလို့ ခေါ်မယ်ဆိုရင်လည်း ခေါ်ဆိုနိုင်ပါတယ်”ဟု သမဂ္ဂ ဥက္ကဋ္ဌ ဦးဝင်းသိန်းက ဧရာဝတီကို ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးအစိုးရအနေဖြင့် နိုင်ငံတော်သမ္မတ လမ်းညွှန်ချက်အတိုင်း မလုပ်ဆောင်၍သာ မိုးမကျမီ  လယ်ယာမြေပြဿနာများ မပြေလည်ခြင်းဖြစ်ကြောင်း လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောသည်။

“တိုင်းဒေသကြီးအစိုးရက နိုင်ငံတော်သမ္မတကြီးညွှန်ကြားထားတဲ့ လယ်ယာမြေတွေကို အကြောင်းအမျိုးမျိုးကြောင့် သိမ်းဆည်းထားတာတွေကို စုံစမ်စစ်ဆေး ဖော်ထုတ်ပြီးတော့ မူရင်းပိုင်ဆိုင်တဲ့ တောင်သူတွေဆီကို လွှဲပြောင်းပေးရေးဆိုတဲ့ ညွှန်ကြားချက်တွေကို အတိအကျ လိုက်လုပ်ခဲ့မယ်ဆိုရင် အခုမိုးကျတဲ့အချိန်မှာ အားလုံးက ပြီးစီးနေရမှာပါ။ အခုကတော့ လယ်သမားတွေက စိုက်စရာ လယ်ပျောက်နေပါတယ်”ဟု သူက ပြောသည်။

ဧရာဝတီတိုင်းအနှံ့အပြားတွင် လယ်သိမ်းမှုများစွာရှိသည့်အတွက် ယင်းလယ်ယာမြေများကို မူလပိုင်ရှင် လယ်သမားနှင့် လယ်သိမ်းကုမ္ပဏီ ၂ ဘက်စလုံးက ထွန်ယက်စိုက်ပျိုးရန် ကြိုးပမ်းလာပါက တိုင်းအနှံ့အပြားတွင် ပဋိပက္ခများဖြစ်ပွားလာဖွယ်ရာ ရှိနေသည်။

လက်ရှိတွင် ပန်းတနော်၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ကန်ကြီးထောင့်၊ သာပေါင်းနှင့် ငပုတောမြို့နယ်ရှိ လယ်သမားများက ထွန်တုံးတိုက်ပွဲဆင်နွှဲ၍ လယ်ယာမြေများ ပြန်လည်ရယူရန် ပြင်ဆင်နေကြောင်း သိရသည်။

“ကျနော်တို့ တောင်သူလယ်သမားတွေဟာ ပဋိပက္ခကို တာစူတာမဟုတ်ပါဘူး။ စားဝတ်နေရေး ခက်ခဲကြလွန်းလို့သာ ကိုယ့်လယ်ကို ကိုယ်ပြန်ထွန်ကြမှာဖြစ်ပါတယ်။ အဲတော့ တဖက်နဲ့ တဖက် ပဋိပက္ခမဖြစ်ခင်၊ ထိပ်တိုက်ရင်ဆိုင်မှုတွေမဖြစ်ခင် တိုင်းဒေသကြီးအစိုးရအနေနဲ့ အကုန်လုံး မျှမျှတတဖြစ်အောင် မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ပြုလုပ်ဆောင်ရွက်ပေးပါလို့ ပြောချင်တယ်။ လုပ်ပေးပါမယ်ဆိုပြီးတော့ ရက်မရှိ၊ လမရှိနဲ့ သတ်မှတ်နေတာမျိုးဟာ ပြည်သူတွေကို လှည့်စားနေတာမျိုး ဖြစ်နေပါတယ်”ဟု သမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောသည်။

ဧရာဝတီတိုင်း အနှံ့အပြားတွင် စစ်တပ်၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာစသဖြင့် အဖွဲ့အစည်းမျိုးစုံက အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသည့် လယ်ယာမြေဧက ၁ သိန်းကျော်ရှိနေကြောင်း ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်က ထုတ်ဖော်ပြောဆိုထားသည်။

မိမိတို့ တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်ထောင်စုလွှတ်တော်လယ်ယာမြေကော်မရှင်မှ တင်ပြလာသည့် လယ်ယာမြေသိမ်းဆည်းခံရမှုများကို စိစစ်ဆောင်ရွက်နေဆဲဖြစ်ပြီး ရသင့်ရထိုက်သည့် လယ်ယာမြေများအား ဥပဒေနှင့်အညီ လယ်သမားများထံ ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးဆန်းမောင်က ဧရာဝတီကို ပြောသည်။

“လယ်သိမ်းခံရမှုတွေက အကြောင်းအမျိုးမျိုးတွေ ရှိပါတယ်။ အကြောင်းရင်း တခုတည်းကြောင့် မဟုတ်ပါဘူး။ လွှတ်တော် မြေယာစုံစမ်းရေး ကော်မရှင်ကနေ တိုင်းဒေသကြီးအစိုးရကို တင်ပြထားလို့ စစ်ဆေးဆဲတွေလည်း ရှိနေတယ်။ တချို့ကျတော့လည်း တကယ့်ကို ဥပဒေနဲ့အညီ ပြန်လည်ရသင့်တာတွေ ရှိပါတယ်။ ဥပဒေရှိနေတာပဲ။ ရသင့်ရထိုက်တာတွေ ပြန်ရရမှာပေါ့”ဟု သူက ပြောသည်။

မိမိတို့ လယ်သမားများထံမှ လယ်ယာမြေများ သိမ်းဆည်းစဉ်က ဥပဒေနှင့်အညီ သိမ်းဆည်းခဲ့ခြင်း မဟုတ်ဘဲ ပြန်ပေးရန် တောင်းဆိုသည့်အခါတွင်မှ ဥပဒေနှင့်အညီ ပြန်ပေးပါမည်ဟု သုံးနှုန်းခြင်းမှာ တရားမျှတမှုမရှိကြောင်း လယ်သမားသမဂ္ဂခေါင်းဆောင်က ပြောသည်။

“ဒီကုမ္ပဏီတွေ ကျနော်တို့တောင်သူလယ်သမားတွေရဲ့မြေတွေကို လာရောက် သိမ်းဆည်းစဉ်က မြေတွေကိုသိမ်းရုံတင်မကဘူး ကျနော်တို့စိုက်ပျိုးထားတဲ့ သီးနှံတွေကိုပါ ဖျက်ဆီးသွားတာ။ အဲဒီအချိန်တုန်းကတော့ ကျနော်တို့တိုင်လို့လည်း အရေးမယူပါဘူး။ အဲဒီလူတွေကို ဘယ်ဥပဒေ၊ ဘယ်ပုဒ်မနဲ့မှ ဖမ်းတာမရှိပါဘူး”ဟု ဦးသိန်းဝင်းက ပြောသည်။

ထွန်တုံးတိုက်ပွဲဆင်နွှဲရာတွင် လယ်သမားများဘက်မှ ဥပဒေနှင့်အညီ မှန်ကန်စွာ လုပ်ဆောင်ပါက ပြဿနာမရှိသော်လည်း သူတပါးပိုင်ဆိုင်သည့် လယ်ယာမြေများပေါ် ဝင်ရောက်ထွန်ယက်မိပါက ဥပဒေကြောင်းအရ အရေးယူခံရမှုများဖြစ်လာနိုင်ကြောင်း ဝန်ကြီး ဦးဆန်းမောင်က ပြောသည်။

“ဘာပဲဖြစ်ဖြစ် ဥပဒေနဲ့ပဲ ဖြေရှင်းရမှာလေ။ ဥပဒေအရမဟုတ်ဘဲ အဓမ္မဖြေရှင်းမယ်ဆိုရင် မဖြစ်ဘူးလေ။ သူများလယ်ထဲ ဝင်ထွန်မိရင်တော့ ဥပဒေကြောင်းအရ အရေးယူခံရတာတွေ ဖြစ်လာနိုင်ပါတယ်”ဟု ဝန်ကြီး ဦးဆန်းမောင်က ပြောသည်။

မိမိအနေဖြင့် လယ်ယာမြေပိုင်ဆိုင်ကြောင်း သက်သေပြနိုင်သူ လယ်သမားများက ထွန်တုံးတိုက်ပွဲဆင်နွှဲရန် အကူအညီ တောင်းခံလာပါက ကူညီပေးသွားမည်ဖြစ်ကြောင်း လယ်သမားအရေး ကူညီပေးနေသည့် ဦးနေမျိုးဇင်က ဆိုသည်။

“လယ်သမားတွေ ညီညွတ်စွာနဲ့ မတရားမလုပ်ဘဲ အကြမ်းဖက်မှု မကျူးလွန်ဘဲ ကိုယ်ပိုင်ဆိုင်တဲ့မြေကို ကိုယ့်ဘာသာဝင်ထွန်ယက်မှာ ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ အခုမိုးတွေရွာနေပါပြီ။ လယ်သမားတွေအတွက်က ထွန်တဲ့အချိန်နောက်ကျရင် စိုက်ပျိုးရိတ်သိမ်းချိန်မှာ ပြဿနာတွေဖြစ်မှာပါ။ ဒါပေမယ့် အမှန်တကယ် ပိုင်ဆိုင်ကြောင်း အထောက်အထားရှိသူကိုသာ ကျနော်တို့ကူညီမှာပါ။ သူခိုးအားပေးတော့ မလုပ်ပါဘူး”ဟု သူက ပြောသည်။

လယ်ယာမြေသိမ်းဆည်းခံရမှုများအား လယ်သိမ်းခံရသူ လယ်သမား၊ လယ်သိမ်းသူ အဖွဲ့အစည်း၊ လယ်သမားသမဂ္ဂနှင့် တိုင်းဒေသကြီးအစိုးရတို့ စားပွဲဝိုင်းတခုထဲတွင် တွေ့ဆုံညှိုနှိုင်းအဖြေရှာပါက အမြန်ဆုံးပြေလည်နိုင်မည်ထင်မိကြောင်း လယ်သမားသမဂ္ဂ ခေါင်းဆောင်များက ပြောသည်။

မိုးမကျမီ လယ်ယာမြေများ ပြန်လည်ပေးအပ်ရေးနှင့်ပတ်သတ်၍ ပန်းတနော်အခြေစိုက် တောင်သူလယ်သမားနှင့်ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂက ယခုလ ၂၇ ရက်နေ့တွင်  ပန်းတနော်မြို့နယ် အကယ်ချောင်းကျေးရွာ၌ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ မအူပင်ခရိုင်၊ ပုသိမ်ခရိုင်၊ ဖျာပုံခရိုင်၊ မြောင်းမြခရိုင်တို့မှ လယ်သိမ်းခံရသူ လယ်သမား ၂၀၀ ကျော် တက်ရောက်၍ လယ်သိမ်းခံရမှု အကြောင်းများ ရှင်းလင်းပြောဆိုခဲ့ကြသည်။

ထို့ပြင် မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဦးဆောင်သည့်အဖွဲ့၊ ပုသိမ်မြို့မှ လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်နှင့် အမျိုးသားဒီမိုကရေစီကွန်ရက်တို့လည်း တက်ရောက်ခဲ့ကြပြီး လယ်သမားတို့၏ ကြုံတွေ့နေရသော လယ်ယာမြေပြဿနာများ တင်ပြခဲ့ကြသည်။

ပန်းတနော်မြိုအခြေစိုက် တောင်သူလယ်သမား၊ ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြို့နယ် ၁၈ မြို့နယ်၌ သမဂ္ဂအဖွဲ့ဝင်အင်အား ၃ သောင်းကျော်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading