ကရင်ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို မြေသိမ်းမှု၊ လက်နက်ကိုင်ဆောင်သည့် ကိစ္စများနှင့် ပတ်သက်၍ အစိုးရ တပ်မတော်မှ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် ထင်မော်ထွန်းက ခေါ်ယူသတိပေးကြောင်း သိရသည်။
ပြီးခဲ့သည့် တနင်္လာနေ့က သင်္ကန်းညီနောင်ရှိ ရှေ့တန်စခန်းတွင် ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်သော KNU/KNLA ကရင် ငြိမ်းချမ်းရေး ကောင်စီ (PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်/DKBA တပ်ဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဗိုလ်မုတ်သုန် ဦးဆောင်သည့် နယ်ခြား စောင့်တပ်ဖွဲ့ (BGF) မှ တာဝန်ရှိသူများကို သတိပေး ပြောကြားခြင်း ဖြစ်သည်။
“မြေသိမ်းတဲ့ ကိစ္စကို DKBA နဲ့ ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က အများပြည်သူတွေ ပိုင်တဲ့မြေကို သိမ်းယူထားတဲ့ အတွက်ကြောင့် ဖယ်ရှားပေးရမယ်၊ ဒီလကုန်လို့မှ ဖယ်ရှား မပေးလို့ရှိရင် သူတို့က အင်အားသုံးပြီး ဖယ်ရှားရပါလိမ့်မယ် ဆိုတဲ့ စကားလေးတော့ ထွက်လာပါတယ်” ဟု KNU တပ်မဟာ (၇) နယ်မြေမှ စီးပွားရေးတာဝန်ခံ စောမိုးစက်က ဧရာဝတီသို့ ပြောသည်။
ယခုနှစ်ဆန်းပိုင်းမှ စတင်၍ ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်သော ကရင် ငြိမ်းချမ်းရေး ကောင်စီနှင့် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်/DKBA တို့က မြဝတီမြို့ အာရှလမ်းမကြီးဘေးရှိ ဒေါက်တာ စောဘဦး၊ မင်းပဒုံမာ ကုမ္ပဏီ လီမိတက်နှင့် မယ်သီလရှင် တပါးတို့ ပိုင်ဆိုင်သည့် မြေကွက်များကို အဓမ္မသိမ်းယူ၍ အဆောက်အဦးများ ဆောက်လုပ်သည့် ကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ် ထင်မော်ထွန်းက ခေါ်ယူ သတိပေးခြင်း ဖြစ်ကြောင်း သိရသည်။
သို့သော် ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့မှ နိုင်ငံခြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး တာဝန်ခံ ဒေါက်တာ စောတင်မိုသီက ၎င်းတို့ အဖွဲ့အစည်းအနေနှင့် အစိုးရက စွပ်စွဲသကဲ့သို့ အများပြည်သူပိုင် မြေများကို မတရား သိမ်းပိုက်ထားခြင်း မရှိကြောင်း ငြင်းဆိုသည်။
“သူတို့က စွပ်စွဲနေကျပါ။ ကျနော်တို့မှာ ရိုင်းရိုင်းစိုင်းစိုင်း အကျင့်တွေ မရှိဘူး။ ကျနော်တို့ လူတွေကို သေချာ ပြန်မေးကြည့်တော့ ဒါမျိုးတွေ မရှိဘူး။ နောက်ပြီးတော့ အမှန်တကယ် ဒီဟာက ကရင်မြေတွေ၊ သူများယူတာတောင်မှ ကျနော်တို့အဖွဲ့က ကလေးတွေကို ပြန်ဆုတ်ခိုင်းရင် လိမ်လိမ်မာမာနဲ့ အားလုံးနားထောင်ပြီး ပြန်ဆုတ်ပေးကြတယ်” ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ် ထိန်မောင်သည် ၂၀၀၇ နှစ်ဆန်းပိုင်းက တပ်သား ၃၀၀ ခန့်နှင့်အတူ KNU မှ ခွဲထွက်ခဲ့ပြီးနောက် ၎င်း၏ အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေး၍ အစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ခြင်း ဖြစ်သည်။
ကရင်ပြည်နယ်ရှိ ယင်း လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မြဝတီမြို့အတွင်း လက်နက်ကိုင်ဆောင်၍ သွားလာခြင်းများ မပြုလုပ်ရန်လည်း ဗိုလ်မှူးချုပ် ထင်မော်ထွန်း အသိပေး ပြောကြားကြောင်း သိရသည်။
“အဓိက သူပြောချင်တာက ဒီ ငြိမ်းချမ်းရေး အဖွဲ့တွေဟာ မိမိဒေသမှာသာလျှင် လက်နက် ကိုင်ဆောင်ဖို့၊ မြဝတီမြို့ထဲမှာ လက်နက် ကိုင်ဆောင်ခြင်းကို ခွင့်မပြုပါဘူးလို့ သူက အဲဒါကို ပြောချင်တာပါ” ဟု စောမိုးစက်က ဆိုသည်။