စိမ်းလဲ့ရယ်တဲ့ညိုမှောင် …
ပင်ဝါးရုံ လေယူတိမ်းတယ်ကွယ်
စိမ်းလဲ့မြောက်တောင်
မြူခိုးရယ်မှောင် … ဟိုတောင်ကြော့ခါးပန်း
ရွှေဥဒေါင်းငယ်တို့
နေစောင်းရင် မြည်သံချိုလှတယ်
အိုကွယ် … ဝဲခိုတဲ့လမ်း…။
ကျနော် နေထိုင်သော မန္တလေး အောင်ပင်လယ်ကန်ပေါင်ရိုး အနီး၊ လယ်တောအိမ်လေး ဝန်းကျင်မှာ သည်နှစ်ပိုင်း သိသိသာသာ ကျေးငှက်သာရကာတွေ ပေါများလာသည်။ အိမ်ကလေး၏ အရှေ့ဘက်ခြမ်းမှာက ခြံဝင်းကွက်များနှင့်အတူ သရက်ကုန်း ဘုန်းတော်ကြီး ကျောင်းဝင်းနှင့် အောင်ပင်လယ်တောတွေ ရှိသည်။ တောင်ဘက်မှာက ခပ်စိပ်စိပ် လူနေအိမ်ဝင်းများ …။ မြောက်ဘက်မှာ သပြေခြံတွေ၊ သစ်ခွခြံတွေရှိသည်။ အနောက်ဘက်မှာက ဧကကွက် အကျယ်အဝန်း ရှိသည့် တောရိုင်းခြံကြီး တခြံရှိသည်။ သည်ခြံကြီးထဲမှာ ငါးကန်တွေလည်းရှိ၏၊ သရက်ပင်တွေလည်းရှိ၏၊ သပြေပင်တွေလည်း ရှိ၏။ အစောင့်တဲမျှပင် မရှိဘဲ ဝင်းခတ်ခြံဝင်းကြီး ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ်ကျော် သည်နေရာလေးသို့ ကျနော်တို့ ရောက်စအချိန်တွင် အိမ်ကလေး၏ အရှေ့ဘက်မှာ၊ တောင်ဘက်မှာ တွေက အခုလို ဝင်းတွေခြံတွေမရှိသေး …။ ပိတ်စွယ်ရိုင်းပင်တွေ တောထနေသည့် ကွင်းပြင်ကြီးပဲ ဖြစ်သည်။ အိမ့်တောင်ဘက် ခေါင်းရင်းမှာလည်း ရေအိုင်တအိုင်ရှိသည်။ ကြည်လင်သောရေမှာ ကြာပန်းတွေလည်း ပွင့်နေ၏။ ညနေစောင်းလျှင်ဖြင့် အနောက်ဘက် ရေကန်ကြီးတွေရှိသည့် ခြံကြီးထဲသို့ ဗျိုင်းအုပ်တွေ အိပ်တန်း လာတက်သည်။ ထိုနေရာရောက်မှ ဗျိုင်းအုပ်ကို တွေ့ဖူးခြင်းဖြစ်သည်။ ဗျိုင်းတွေလိုပဲ တခြားအမည်မသိ ငှက်တွေလည်း ညနေမှာ အုပ်လိုက် အိပ်တန်းတက်ကြတာ တအံ့တဩ မော့ကြည့်မိတော့ “အဲဒါ ရေဘဲအုပ်တွေလေ …။ ဗျိုင်းတွေရော၊ ရေဘဲတွေရော မနက်လင်းရင် အရှေ့တောင်ရိုးပေါ်နဲ့၊ မတ္တရာဘက်က ချောင်းမြောင်းတွေဘက် အစာရှာထွက်ကြမှာ …” ဟု ရွာခံ လယ်သမားကြီးတဦးက ရှင်းပြသည်။
အဲဒီလိုခြံကြီးတွေ ထဲမှာသာ မဟုတ်။ ခေါင်းရင်းက ရေအိုင်ကလေးမှာလည်း ရေကြက်တအုပ် ရေသောက်ဆင်းကြ၊ ရေချိုးကြသည်။ ထိုနေရာလေးမှာ မနက်လင်းလျှင် နေ့စဉ်မပြတ် ကြားနေရတာက ချိုးကူသံလေးပဲ ဖြစ်ပါ၏။ အောင်ပင်လယ် လမိုင်းလယ်များ၏ အမွေအနှစ်နေရာမို့ လယ်တောဘဝက လယ်ကော ဖြစ်ခဲ့သော်လည်း သစ်ရိပ် ဝါးရိပ် ရေရိပ်တွေကြောင့် ကျေးငှက်သာရကာတို့၏ ပျော်ရွှင်မြူးတူး ကျက်စားရာနေရာ ဖြစ်သည်။ ယခုကဲ့သို့
ကျေးငှက်သာရကာတို့ မြူးတူးပျော်ရွှင်သောနေရာ ဖြစ်ခဲ့ခြင်းမှာလည်း ကနဦး အစကတည်းက အစဉ်အလာရှိခဲ့သည်။ ပုဂံခေတ် ၅၁၃ ခုနှစ်ကတည်းက ဆိုပါတော့ …။ သည်နေရာသို့ ပုဂံပြည်မှ မင်းရှင်စော ရောက်ရှိခဲ့၏။ ဖခမည်းတော် “သီရိတြိဘာဝနာ ဒိတျာပဝရပဏ္ဍိတ သုဓမ္ဓရာဇာ” ဘွဲ့ခံ အလောင်း စည်သူ မင်းကြီး၏ အမျက်တော်ရှ မှုကြောင့် ပုဂံပြည်မှ ပြည်နှင်ဒဏ် ခံရရှာသော မင်းရှင်စော တယောက် ဆင်မြင်းဗိုလ်ပါ အလုံးအရင်းနှင့် (ယခု) မန္တလေး ဒေသဝန်းကျင်သို့ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ပထမဦးစွာ မြစ်ငယ် မက္ခရာအနီး မြို့သာမြို့၊ ဒုတိယမြို့သစ်မြို့၊ တတိယ မြစ်ငယ်မြစ် တောင်ဘက် တပျက်သာမြို့ သုံးမြို့ တည်ထောင်ခဲ့သည်။ ထို့နောက် စတုတ္ထမြို့ဖြစ်သော ပူတက်မြို့ကို တည်ထောင်ပြီး အလျားအနံ တာထောင်စီရှိသော ကန်တိလိ (ခေါ်) အောင်ပင်လယ်ကန်ကို ဆည်တော် မူခဲ့ခြင်းဖြစ်သည်။ မြောင်းကြီး သုံးသွယ်၊ လယ်ပယ်သုံးသောင်း၊ သီးထပ်သီးညှပ်ဖြင့် တနှစ်လျှင် သုံးသီးစား စိုက်ပျိုး လုပ်ကိုင်နိုင်ခဲ့သည်။
အဆိုပါ အောင်ပင်လယ် ကန်တော်ကြီးကို သက္ကရာဇ် ၁၁၅၁ ခု၊ နယုန်လပြည့် တနင်္လာနေ့တွင် အမရပူရ နန်းစံ ဘိုးတော်ဘုရားက နောက်ပါ ဗိုလ်ခြေထုနှင့် ထပ်မံဆည်ဖို့ ပြင်ဆင်တော်မူပြန်၏။ ဘိုးတော်ဘုရား၏ ကောင်းမှု မဟာမုနိ ဘုရားကြီး အနီး၌ ယာယီ စံနန်းနှင့် စံမြန်းတော်မူပြီး မင်းမိဖုရား၊ မင်းညီမင်းသား၊ မူးတော် မတ်တော် ကတော်စိုးတို့နှင့် တကွ အမရပူရ နေပြည်တော်မှ တအိမ်တယောက် မကသော ပြည်သူများနှင့်အတူ လယ်ထွန်မင်္ဂလာ ဆင်းတော်မူ၍ ကျောက်စာများ ရေးထိုးစိုက်ထူခဲ့သည်ဟု မှတ်သားရသည်။ ကျောက်စာကို ဖတ်ကြည့်ကြဦးစို့ …။
“… အလျား တာသုံးတောင် လယ်ပယ်သုံးသောင်း၊ မြောင်းသုံးသွယ်တို့ဖြင့် အလွန်ကြီးကျယ်သော ကန်တိလိ အမည်ရှိသော အောင်ပင်လယ် ကန်တော်ကြီးသည် ဆည်ရိုကန်ပိုင် မခိုင်လိုကွင်း ပျက်စီးသည်ကို ဖေလောင်တော်တို့ အရိုက်အရာမပျက် ကောင်ပလေဟု သဗ္ဗညုတ ဉာဏ်၏ အဆောက်အဦးကို ရည်သန်တော်မူလျက် ပြည်သူပြည်သားတို့ စီးပွားချမ်းသာ ဖြစ်စေလိုရယ် နှစ်သစ်အခါမှ ရက်သုံးဆယ် ရာသီမေထုန် နယုန်လပြည့် တနင်လာနေ့ပင်တို့ ဓမ္မတာ လယ်ထွန်မင်္ဂလာ ထွက်တော်မူရယ်…” ဟူသော ကျောက်စာပါ မူရင်းသတ်ပုံ စာသားများနှင့်အတူ ထူးခြားသော အပြုအမူတို့ကို ဘိုးတော်မင်းတရား ကိုယ်တိုင် ပြုမူဆောင်ရွက်ခဲ့သည်ကိုလည်း ကျောက်စာ၌ ဆက်လက်ရေးထိုးထား၏။
“… ဤကန်တော်အတွင်း နမိတ်၏ လေးရပ် သတ်မှတ်သည်နှိုက် နေပျော် ပိုက်ကုန်သော ရေပိုးရေမြွား သားငှက် တိရစ္ဆာန်တို့အား ဘေးမရှိစေဟု အာဏာထားတော်မူသည်ကား …” ဟူ၍ တမျိုး။
“… ကိုးထောင် ခုနစ်ရာ ခြောက်ဆယ်လေးတာ အပြန်အလှန်သော နိမိတ်အတွင်း၌ နေကုန်သော ရေပိုးရေမြွား သားငှက် တိရစ္ဆာန်တို့အား ဘေးမဲ့ဖြစ်စေ … ” ဟူ၍ တမျိုး ဘိုးတော်ဘုရား ကျောက်စာ၌ တိတိကျကျခိုင်ခိုင်မာမာ ပါရှိခဲ့သည်။
ဆိုလိုသည်က အလျားခုနစ်မိုင်ကျော်၊ အနံသုံးမိုင်ခွဲ နီးပါးရှိ အောင်ပင်လယ် ကန်တော်ကြီး နယ်နိမိတ်အတွင်း ရေပိုးရေမွှားမှအစ … ကျေးငှက်၊ တိရစ္ဆာန်များအထိ ဘေးမဲ့ပေးထားခဲ့ခြင်းကို ခိုင်မာစေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်လည်း မင်းတုန်းမင်းကြီးက ဤအရပ် ဤနေရာ၌ ရတနာပုံနေပြည်တော်ကြီး ထူထောင်လေသောအခါ … အရှေ့ဘက် အောင်ပင်လယ်ကန်၊ အနောက်ဘက် ဧရာဝတီမြစ်၊ တောင်ဘက် တောင်သမန်နှင့် ဇောင်းကလောကန်၊ မြောက်ဘက် နန္ဒာကန်နှင့် မတ္တရာ မြစ်တို့အကြားရှိသောကြောင့် ရာသီဥတု သပ္ပာယ ဖြစ်ခြင်းနှင့်အတူ နေ့စဉ် နေဝင်နေထွက် အိပ် တန်းတက်၊ အိပ်တန်းဆင်း ကြသည့် အမျိုးအမည်စုံ ကျေးငှက်သရကာတို့ကား ရွှေမြို့တော်ကြီး ကောင်းကင်ယံအတွင်း နေပြောက်ထိုးမကျ ရှိခဲ့သည်ဟု ဆိုကြ၏။ ထို့ကြောင့်လည်း မဟာဂီတလာ မန္တလေးမြို့ဘွဲ့ သီချင်းကြီးများ၌
“နန်းရွှေမြို့မှာ၊ အဏ္ဏဝါ ဝေလျှံဖြာမည့်၊ ရေနန္ဒာဝိုင်း၊ တိုင်းခြိမ့်ခြိမ့်တုန်၊ မြမန်းရွှေပြည်ဘုံသို့၊ အောင်ဇေယျုံ
ရတနာလျှမ်းတယ်၊ စံခန်းနဲ့နီး” ဟူ၍ လည်းကောင်း …။
“… အို … မယ်မောင် သံစာစာ၊ ကျူးလာဖော်ချင်းနွှဲ၊ လဲရွှေကကျံ၊ ငှက်သံကညင်း၊
ဖလ်ခိုးငယ် စီစီနှင့်၊ မှိုင်းဝေရီခါ နွေဆန်းငယ်ကို၊ ထုံပန်းကသင်း” ဟူ၍ လည်းကောင်း …။
“သေလာတောင်ရွှေမန်း၊ ဆန်းလေဆန်းစုံစွာ၊ ဝေယန်နတ်နန်းပုံသို့ပါ၊ နန္ဒာရေဝန်းရံခ၊ ပတ်လည်ကာ ရွှေမန်းတောင်တော်သာ…. ” ဟူ၍ လည်းကောင်း …။
“ရွှေကြာနီ၊ ရွှေကြာဖြူ၊ ကြူရရူငယ် လေသင်းသင်း၊ နံ့ရှင်းရှင်း၊ အိုင်မင်းအိုင်မင်းဆဒ္ဒန်၊ တူသည့် တူမောဟန်၊
ပုံသဏ္ဌာန်လေမကွဲ၊ ပြိုင်မသာလေဘဲ၊ ပျံဝဲယှဉ်နွှဲမောင်နှံ၊ ငှက်တည့်ငှက်ပေါင်းညံ၊ စာနှံတောင်ပံနီတွတ်၊ နှမနည်းသည့်မောင်ငယ်မှာ သင်တည့်သာ သင်တိုင်းဝတ်၊ ချည်ခင်စွပ်ကယ် ကြင်ဖော်သွေးဖို့လေး ကြာဖက်ကို
သင်ကာနွေးလို့လေး …” ဟူ၍ လည်းကောင်း …။
“တင်းကျမ်း၊ တင်းကျမ်း မြရည်ရောင်၊ ယဉ်ဘောင်ရေသီတာ၊ မယ်မောင်၊ သာခေါင်ကြံ အညာလေတည့်မှ၊ ယဉ်ဘောင်ရေသီတာ၊ သံသာဖိုမအေး၊ တွန်ကြော်ကျူးရင့်ကြွေး …” ဟူ၍ လည်းကောင်း … မြောက်မြားစွာ စပ်ဆိုခဲ့ကြသည်။
ထို … ထိုအတိတ်ကို စိတ်ကူး၍မျှပင် မှန်းဆကြည့်ကြပါဘိ …။ မန္တလေးမြို့၏ အနီးဝန်းကျင်သည် ရှေးရှေး မင်းအဆက်ဆက်၏ အမြော်အမြင် ကြီးမားမှုနှင့် ရွှေမြို့တော်သားတို့၏ ယဉ်ကျေးသော လူ့ကျင့်ဝတ်တို့ လိုက်နာမှု များကြောင့် တောနှင့်တောင်နှင့်၊ ရေနှင့်ကြာနှင့်၊ ကျေးငှက်နှင့် သာရကာနှင့် အံ့ချီးမခန်း ကြည်နူး သာယာသော သဘာဝ ပတ်ဝန်းကျင်ရှိခဲ့သည်မှာ သေချာလှသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်ကျော် ကာလကပဲ ယခုမန္တလေး နယ်နိမိတ်၏ မျဉ်းကြောင်းပေါ် မေးတင်နေသော ကျနော်တို့ လယ်တော အိမ်လေးဝန်းကျင်မှာ ရေနှင့်ကြာနှင့်၊ ကျေးငှက်နှင့် သာရကာနှင့် ရှိနေခဲ့ခြင်းမှာလည်း ထိုဘိုးဘွား အမွေအနှစ်၏ လက်မတင်လေး မျှသော လက်ကျန်အမွေအနှစ် ဖြစ်ချေလိမ့်မည်။
ပြီးခဲ့သည့် နွေရာသီမှာ ဥဩငှက်တသိုက် ကျနော်တို့ဝန်းကျင် ရောက်လာသည်။ ဆယ်နှစ်ဆယ်မိုး ပျောက်ဆုံးသွားသော ဥဩငှက်သံကို မနက်မိုးလင်း မိုးချုပ် လွမ်းဆွတ်စဖွယ် ကြားရ၏။ အိမ်ရှေ့လျှပ်စစ်ကြိုး လိုင်းတွေပေါ်မှာလည်း ချိုးငှက် လေးတွေ နားပြီး တကူကူးကူ တေးသီကြသည်။ ဆယ်နှစ်ကျော် ဝန်းကျင်ကလိုပဲ အိမ်ရှေ့သပြေခြံကြီးထဲ ဗျိုင်းအုပ် ရေသောက် ဆင်းသည်။ အမြီးရှည် ဗြွတ်မောင်နှံက အိမ်တံခါးမကြီး ဘေးက တည်ကုပ်ပင်ထဲ ရှာရှာဖွေဖွေ အသိုက် ဆောက်ပြီး ဗြွတ်သားသမီးတို့ မွေးဖွားသွားသည်။
အောင်ပင်လယ်သည် ၁၉၀၃ ခုနှစ် ဝန်းကျင်ကတည်းက လယ်တောဖြစ်သွားပြီပဲ။ အခုတော့ … လူနေရပ်ကွက်တွေ၊ စီမံကိန်း အဆောက်အဦးတွေ၊ ဆည်တော်ကြီး လျှပ်စစ်တာဝါ၊ ရဲရွာ လျှပ်စစ်တာဝါတွေ …၊ ပေါင်းစည်းလယ်ယာတွေ ဖြစ်ကုန်ပြီ။ အရှေ့ရိုးမ အစပ် နွားလဘို့တောင်၊ ဆိတ်သည်းတောင်၊ ဟင်္သာဂူတို့ဆီ အရောက်အပေါက် များသည့် တောမှီ လူသူတော် မိတ်ဆွေတွေက တောင်ပေါ်မှာလည်း ယခင်ကလို တောကြီး မျက်မည်းမဟုတ်လို့ ကြောက်စရာ မလိုတော့တဲ့ …။
ပြီးတော့ သူတို့က ထူးထူးခြားခြား ပြောသေးသည်။
“တောင်ပေါ်ကကြည့်တော့ … ကိုရင်တို့ရွာရိုး မြို့နယ်နိမိတ် ကလနား နေရာတွေမှာသာ တောရိပ်တောင်ရိပ်၊ သစ်ပင် သစ်တောတုတွေ၊ အနောက်ဘက် တကြော ကွန်ကရိတောကြီး ဟီးထလို့ …” တဲ့။
တောမှီ လူသူတော် မိတ်ဆွေ တယောက်က ကဗျာဓာတ်ခံလေးလည်း ရှိလို့ ဤသို့လည်း မြည်တမ်းသေး၏။ “ဆံပင်ဖြတ်တဲ့တောင်၊ ကွန်ကရစ်ဆောင်းတဲ့မြို့… ကြားက အစိမ်းရောင် နယ်နိမိတ်မျဉ်းပါးပါး” တဲ့လေ။ ကျနော် ကတော့ ငယ်ငယ်က ကြားဖူးသော သီချင်းတပုဒ်ကို သတိရမိ၏။
“ရွှေတိဂုံ၊ ရွှေတိဂုံဘုရားမှာလ…၊ ကျားတက်တာ … ငါးရက်ကြာသမျှ …” တဲ့။
ကျနော်တို့ လယ်တောအိမ် လေးဝန်းကျင်မှာတော့ သည်နှစ်ပိုင်း ကျေးငှက်သာရကာတွေ စုံလင်လာသည်။ တရွာမပြောင်း သူကောင်းမဖြစ် ဆိုသော မြန်မာစကားပုံကို ဟိုး … အရှေ့ရိုးမဆီက ကျေးငှက်သာရကာတို့ နားလည် သဘောပေါက်လို့ လေလားမသိ။