သမ္မတ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးဟု ဆိုကာ အငြိမ်းစားပေး ဖယ်ရှားလိုက်သော ညွှန်ကြားရေးမှူးချုပ် ၅ ဦးနှင့် ပါမောက္ခချုပ် ၁ ဦး၏ ရာထူးနေရာများတွင် လူသစ်များ အစားထိုးခန့် အပ်လိုက်ကြောင်း သတင်းရရှိသည်။
သမ္မတ ဦးသိန်းစိန်က ညွှန်ကြားရေးမှူးချုပ် ၅ ဦး၊ ပါမောက္ခချုပ် ၁ ဦးတို့ကို မတ်လ ၂၉ ရက်နေ့တွင် မယူမနေရ အငြိမ်းစား ပေးကာ ရာထူးမှ ဖယ်ရှားလိုက်ပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ အပါအဝင် အစိုးရ အရာရှိပေါင်း ၄၀ ကို ရာထူးပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြောင်း၊ အငြိမ်းစားပေးခြင်းနှင့် ဌာန ပြောင်းရွှေ့မှုဖြင့် အရေးယူမှုခံရသော အစိုးရ အရာရှိများမှာ လာဘ်ပေး လာဘ်ယူမှုဖြင့် အတိုင်ကြားခံရခြင်း၊ ဌာနဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပြုပြင်ပြောင်းလဲရေး မလုပ်လိုဘဲ နောက်ကြောင်း ပြန်ဆွဲသော အလေ့အထများ ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။
အငြိမ်းစားပေး ဖယ်ရှားခံလိုက်ရသော အစိုးရအရာရှိများမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ မြန်မာ့ စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး ဦးစံသောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်မော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကုန်သွယ်မှု ညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူး၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကို၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အဆင့်မြင့် သိပ္ပံဦးစီးဌာန လက်အောက်ရှိ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်း တို့ဖြစ်သည်။
ဖယ်ရှားခံ ရာထူးနေရာများတွင် လူသစ်များဖြင့် အစားထိုးခန့်ထားရာ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်ယဉ်မြကို လည်းကောင်း၊ ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးမင်းထွဋ်ကိုလည်း ကောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးလှမော်ဦးကိုလည်းကောင်း၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် စီးပွား/ကူးသန်း ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးတိုးအောင်မြင့် ကိုလည်းကောင်း၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် မန္တလေးကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မီမီသက်သွင်ကို လည်းကောင်း အသီးသီး အစားထိုး ခန့်အပ်လိုက်ခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာနများ ထံမှ သိရှိရသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကို၏ ရာထူးနေရာအတွက်မူ ယခုအချိန်အထိ လူသစ် အစားထိုးနိုင်ခြင်းမရှိသေးဘဲ ဗဟိုစာရင်း အင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းနိုင်က ယာယီ တာဝန်ယူထားသည်ဟု သိရှိရသည်။
လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က အစိုးရက ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား ဖြစ်ပေါ်စေရေးအတွက် လူဟောင်းများ ထုတ်ပယ်ပြီး လူသစ်များ အစားထိုးခြင်းကို ကြိုဆိုသော်လည်း အစားထိုး ဝင်ရောက်လာသော အစိုးရဝန်ထမ်းများအနေဖြင့် ပြည်သူလူထု အခြေခံသော ရွေးကောက်ပွဲစနစ်၊ ဒီမိုကရေစီစနစ် အုပ်ချုပ်ရေး ယန္တရား၏ သဘောတရားကို သေချာစွာ နားလည်ရန် လိုအပ်ကြောင်း၊ လူသာပြောင်းပြီး ယခင်ပုံစံ၊ ယခင်မူဝါဒ ဖြင့်သာ ဆက်သွားမည် ဆိုလျှင် ရွေးကောက်ပွဲတွင် ပြည်သူ၏ ဒဏ်ခတ်မှုကို ခံရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
“ညွှန်ချုပ်ဆိုတာ ဝန်ကြီးဌာနမှာ ဝန်ကြီးပြီးရင် အဆင့်အမြင့်ဆုံး အရာရှိတွေပဲ။ သူတို့တွေရဲ့လုပ်ရည်ကိုင်ရည်က အစိုးရ အုပ်ချုပ်ရေး ယန္တရားကောင်း၊ မကောင်း၊ သန့်ရှင်း၊ မသန့်ရှင်း ဆိုတာကို သက်သေပြနိုင်တယ်။ လူသစ်တွေ ဝင်လာပေမယ့် အရင်ပုံစံ၊ သူများကို အပြစ်တင်၊ ကိုယ့်အပြစ်လွတ်အောင် ရှောင်တဲ့ပုံစံမျိုးတွေ၊ ကိုယ့်ဖို့ ကိုယ့်အတွက် ကြည့်တဲ့ ပုံစံမျိုးဆိုရင် လာမယ့် ရွေးကောက်ပွဲတွေမှာ လက်ရှိ အာဏာရပါတီအတွက် ရလဒ်မကောင်းနိုင်ဘူး” ဟု ဦးကြည်မြင့်က ဆိုသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းကလည်း ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်းအပါအဝင် ဆက်သွယ်ရေး အရာရှိတချို့ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ရာထူးမှ ဖယ်ရှားခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခဲ့သည်။