ကေအိုင်အေနှင့် မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေး စာချုပ် ထပ်မံချုပ်ဆိုမည်ဆိုပါက ကုလသမဂ္ဂ၊ တရုတ်၊ ဗြိတိသျှအပါအဝင် နိုင်ငံတကာက ပါဝင် လက်မှတ်ရေးထိုးမှသာလျှင် ကေအိုင်အေက အပစ်အခတ်ရပ်စဲရန် သဘောတူညီ မည်ဖြစ်ကြောင်း ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုလိုက်သည်။
ယနေ့ မြစ်ကြီးနား မြို့ မနောကွင်း တွင် ကျင်းပသော ကချင်ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်ဂွမ်မော်က ကချင်ပြည်သူများကို အထက်ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ယခင်က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော်လည်း ပျက်ပြယ်ခဲ့ရကြောင်း၊ ယခုတဖန် အပစ်အခတ်ရပ်စဲရေး ထပ်မံ လုပ်ဆောင်မည်ဆိုပါက တရုတ်၊ ဗြိတိသျှနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပါဝင်လက်မှတ်ရေးထိုးမှသာလျှင် အပစ်အခတ်ရပ်စဲရေး ခိုင်မြဲနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
“အလုံးစုံ အပစ် အခတ် ရပ်စဲရေးမှာ ကုလသမဂ္ဂ၊ ဗြိတိသျှ၊ တရုတ်တို့လိုနိုင်ငံတကာပါဝင်လာ မှပဲ လက်မှတ်ထိုးနိုင်မယ်။ ဘာကြောင့်လဲ ဆိုရင် အရင်ကတည်းက တခါပျက်ပြီးသွားပြီဖြစ်တဲ့အတွက် ဒီလိုလက်မှတ်ထိုးနိုင်မှ သာရေရှည်ခိုင်မြဲနိုင်မယ်”ဟု ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
အပစ်ခတ်ရပ်စဲရေးတွင် တရုတ်နှင့် ဗြိတိသျှတို့ ပါဝင်ရန် တောင်းဆိုရခြင်းမှာ တရုတ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နယ်နမိတ်ချင်း ထိစပ်နေကြောင်း၊ ဗြိတိသျှသည် မြန်မာနိုင်ငံကို အုပ်စိုးခဲ့သူဖြစ်ပြီး ပင်လုံစာချုပ်ကို အသိဆုံးဖြစ်သည့်အတွက် ထိုနိုင်ငံများပါဝင်ရန် တောင်းဆိုရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြောသည်။
“တရုတ်နိုင်ငံဟာနယ်နမိတ်ချင်းဆက်စပ်နေတဲ့နိုင်ငံ တစ်ခု ဖြစ်တယ်။ နောက်ပိုင်းလည်းဆက်စပ်နေရမယ်။ ဒါကြောင့်ခေါ်တာပါ။ ဗြိတိသျှ ကိုခေါ်စေချင်တာကလည်း တချိန်က သူတို့ဟာကိုယ့်နိုင်ငံမှာအုပ်ချုပ်ခဲ့တယ်။ ပင်လုံဆိုတာကသူတို့အသိဆုံးမို့ပါ”ဟု သူက ဆိုသည်။
မြန်မာစစ်တပ်နှင့် ကေအိုင်အေအကြား တပ်နေရာချထားရေးနှင့် ပတ်သက်၍ ကေအိုင်အေဘက်မှ ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် ကေအိုင်အေစစ်ဗိုလ်ချုပ်အချို့နှင့် မြန်မာစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး တို့ သီးသန့်ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုများ နှစ်ဖက် ကျေနပ်ကြကြောင်း သိရှိရသည်။
ကေအိုင်အေအနေဖြင့် နိုင်ငံ၏ကာကွယ်ရေးအတွက် တပ်မတော်တွင် ကချင်ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့တခုအနေဖြင့် ပါဝင်နိုင် ရေးအတွက်တောင်းဆိုသွားရန်ရှိသည်ဟုလည်း ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်လာသည့် ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာနမ်ဘီးယားက လက်ရှိဆွေးနွေးနေသော ဆွေးနွေးမှုများသည် အကောင်းဘက်ကိုဦးတည်နေပြီး အနာဂတ်တွင် အကောင်းများသာ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ၊ အားရကျေနပ်မှု ပွင့်လင်းမြင်သာမှုတွေ ရှိနေပါကြောင်း ပြောသည်။
“ဒီအစည်းအဝေးက အားရကျေနပ်စရာ ကောင်းပါတယ်။ ပြည်သူတွေမှာ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေ ရှိနေသလို စိတ်ပျက်မှုတွေလည်း ရှိနေတယ်။ ဒီလိုခံစားမှုတွေဟာ နေရာတိုင်း၊ လူမျိုးတွေတိုင်းမှာ ရှိပါတယ်။ ဒီလိုဖွင့်ပြောနိုင်ဖို့ တကယ် လိုအပ်ပါတယ်။ အနာဂတ်မှာမညီမျှမှုတွေ၊ ခံစားရမှုတွေဟာ ကောင်းမွန်တဲ့ ခံစားမှုတွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါတယ်” ဟု မစ္စတာ နမ်ဘီးယား ကဆိုသည်။
မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် သမ္မတရုံးဝန်ကြီးဦးအောင်မင်းက “ ဒီငြိမ်းချမ်းရေးပွဲအတွက် စိတ်ကူးယဉ်အိပ်မက်ခဲ့ရ ပေါင်းများပါပြီ။ဆွေးနွေးပွဲဟာ ၈ကြိမ်မြောက် ဖြစ်ပေမယ့် ဒီလိုတကြိမ်တခါမှ ဒီခံစားမှုကို မခံစားခဲ့ရပါဘူး” ဟု ပြောသည်။
မြစ်ကြီးနားမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်လာသော ကေအိုင်အေ ကိုယ်စားလှယ်များကို ကချင်ပြည်သူသောင်းချီက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြသည်။