ယနေ့ မေလ ၂၉ ရက် မနက်ပိုင်း ငြိမ်သက်နေခဲ့သော ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့သည် မွန်းလွဲပိုင်း၌ မီးရှို့ဖျက်ဆီးမှုများ ပြန်လည်ဖြစ်ပွားခဲ့ရာ မွတ်စလင်ပိုင် စီးပွားရေးလုပ်ငန်းများ ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
မျက်မြင်သက်သေများ၏ အဆိုအရ ဓားများ၊ သံဒုတ်များ ကိုင်ဆောင်ထားသော ရာနှင့်ချီသော လူငယ်များသည် ဆိုင်ကယ်များ စီး၍၎င်း၊ လမ်းလျှောက်၍၎င်း မြို့ကို ပတ်နေကြကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေကြကြောင်း သိရသည်။
“ လူစုလူဝေးတွေက လမ်းလျှောက်တာတွေရော၊ ဆိုင်ကယ်တွေ သုံးဘီး တွေနဲ့ရော လက်နက်တွေကိုင်ပြီး သွားနေကြတယ်။ ဖမ်းဆီးတာ မရှိတော့ ရဲတင်းလာကြတာ။”ဟု ရပ်ကွက် ၁၀ နေ ဒေသခံ ကိုထွန်းကျော်မြင့်က ပြောပြသည်။
အမည်မဖော်လိုသူ နယ်မြေခံရဲတဦးက မွတ်စလင်ပိုင် ဆိုင်ခန်းများဖြစ်သည့် စိန်ခြယ် ဒန်ပေါက်ဆိုင်၊ ဦးခင်မောင် ကုန်စုံဆိုင်၊ ဇိုးဒီးယပ် အလှပြင်တိုက်တန်း၊ နယူးဆိုနီ အင်တာနက်ဆိုင်၊ မီကို ဒန်ပေါက်ဆိုင်၊ ရွှေလရောင် ကားဂိတ်၊ လားရှိုး ဓာတ်ပုံတိုက်၊ ကားပစ္စည်းအဟောင်းတန်းနှင့် စွန်းလွန်းလမ်းရှိ မွတ်စလင်ပိုင်ကုန်စုံဆိုင်တဆိုင်၊ သီတာအေး ဟိုတယ်နှင့် သီတာအေးရုပ်ရှင်ရုံ တို့ကို လူအုပ်များက မီးရှို့ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
ပြန်ကြားရေး ဒု ဝန်ကြီး ဦးရဲထွဋ်က “ကနဦး သတင်းအများအရ ဒဏ်ရာရရှိသူ လေးဦး၊ သေဆုံးသူ တစ်ဦးရှိကြောင်း သိရှိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေး ဒုတိယ ဝန်ကြီးလည်း လားရှိုးမြို့ကို ရောက်ရှိနေပါတယ်။ ရဲတပ်ဖွဲ့ကလည်း သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရတယ်လို့လည်း သိရပါတယ်” ဟု ဖေ့ဘွတ်တွင် ရေးသားထားသည်။
ထိခိုက် ဒဏ်ရာရသူ ၄ ဦး ရှိသည်ဟု လားရှိုးမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းကလည်း ဧရာဝတီသို့ ပြောသည်။
ဒဏ်ရာရရှိသူများ၏ အခြေအနေနှင့် ဒဏ်ရာရရှိသူ အရေအတွက် သိရှိရန် ဧရာဝတီသတင်းထောက်က လားရှိုးပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့သော်လည်း ဆေးရုံတွင်း ဝင်ခွင့်မပြုခဲ့ပေ။
လားရှှိုးခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ဧရာဝတီမှ ဖုန်းဆက် မေးမြန်းရာတွင် လုံခြုံရေးသွားနေရသဖြင့် ဒဏ်ရာရစာရင်း၊ သေဆုံးစာရင်း မရသေးကြောင်း ပြောသည်။
“ ရဲတပ်ဖွဲ့ဝင်တွေအားလုံးက ရပ်ကွက် ၇ ကို လုံခြုံရေး အပြည့်ဆင်းနေကြတယ်။ တခြားနေရာတွေလည်း လုံခြုံရေး ယူထားရတယ်။ အခြေအနေတွေအားလုံးက သူတို့ ပြန်လာမှ သိရမယ်”ဟု ခရိုင်ရဲရုံး တာဝန်ကျ ရဲသားက ပြောသည်။ ရပ်ကွက် ၇ မှာ မွတ်စလင် အများစု နေထိုင်ရာ ရပ်ကွက်ဖြစ်သည်။
ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် အသက် ၂၄ နှစ်အရွယ် ဓာတ်ဆီရောင်းသူ မအေးအေးဝင်းအား ကျိုင်းတုံမြို့နေ အသက် ၄၈ နှစ်အရွယ်ရှိ မောင်နေဝင်းက ဓာတ်ဆီဝယ်ရာတွင် မပြည့်ဟု ဆိုပြီး စကားများရာက ဓာတ်ဆီလောင်း မီးရှို့ခံရမှုမှ စတင်ကာ ဘာသာရေး အဓိကရုဏ်းဖြစ်ပွားခဲ့ရပြီး ဗလီတကျောင်း၊ မွတ်စလင် မိဘမဲ့ကျောင်း တကျောင်းနှင့် ဆိုင်ခန်းများ မီးရှို့ခံခဲ့ရသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် “နေဝင်းကို ဖမ်းဆီးပြီး ရဲစခန်းမှာ စစ်ဆေးတဲ့အခါ အင်္ကျီအိပ်ထဲက WY တံဆိပ်ပါ စိတ်ကြွ ဆေးပြား နှစ်ပြားပါတွေ့ရှိတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၇၊ ၄၃၆၊ ၃၂၆ တိို့ အပြင် မူးယစ်ပုဒ်မ ၁၅/ ၁၆ (ဂ) နဲ့ ပါ အမှုဖွင့်အရေးယူခဲ့ပါတယ်”ဟု ရေးသားသည်။
လားရှိုးမြို့ မြို့မဈေးကြီးကို ပိတ်ထားရပြီး မြို့မှာ ကျီးလန့်စာစား ထိတ်လန့်နေကြရသည်။
ပဋိပက္ခတွင် သတင်းရယူနေသော နယ်ခံသတင်းထောက်တဦး ယနေ့ ညနေပိုင်းက ရိုက်နှိက်ခံရပြီး ဦးခေါင်းကွဲ ဒဏ်ရာရရှိသွားသည်။
လားရှို့မြို့မှ နယ်ခံသတင်းထောက်တဦးဖြစ်သူ အသက် ၃၀ ကျော် ကိုခွန်ဇော်ဦးမှာ လားရှိုးမြို့ ၇ ရပ်ကွက်တွင် ဆိုင်များ လိုက်လံဖျက်ဆီးနေမှုများကို သတင်းရယူနေစဉ် အကြမ်းဖက်သမားများက ဆိုင်ကယ်များနှင့် လိုက်လံတိုက်ခိုက် ရိုက်နှက်ကြောင်း၊ ကင်မရာနှင့် ကင်မရာအတွင်းမှ မန်မိုရီကဒ်ကို ဖျက်ဆီးပစ်လိုက်ကြောင်း၊ အကြမ်းဖက်သူများက ကိုခွန်ဇော်ဦးနှင့် အဖော်တဦးကို သံတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ကိုခွန်ဇော်ဦးတွင် ခေါင်းကွဲ ဒဏ်ရာရရှိသွားကြောင်း၊ ကိုခွန်ဇော်ဦး၏ သူငယ်ချင်းဖြစ်သူမှာ ကျောကုန်းတွင် ဒဏ်ရာရရှိသွားကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးမြင့်ကျော်က ဧရာဝတီသို့ ပြောသည်။
“ခွန်ဇော်ဦးက ကျနော်တို့ ပဋိပက္ခ သတင်းရယူနည်းသင်တန်းသွားပေးတုန်းက သင်တန်းတက်တဲ့ သတင်းထောက်တယောက်ပါ။ သူက အလွတ်သတင်းထောက် လုပ်နေတာပါ။ ဒီနေ့ ၇ ရပ်ကွက်မှာ အကြမ်းဖက်ဖျက်ဆီးနေတဲ့သူတွေက သူ့ကို လိုက်ရိုက်ကြတယ်။ သူ ခေါင်းကွဲသွားတယ်။ ကင်မရာထဲက ကဒ် ဖျက်ဆီးခံလိုက်ရတယ်” ဟု ဦးမြင့်ကျော်က ဆိုသည်။
ဧရာဝတီသတင်းထောက်၏ အဆို သတင်းထောက်များက လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် လိုက်ပါလိုကြောင်း အကူအညီတောင်းခံမှုကို လျစ်လျူရှုကာ လုံး၀ ပူးပေါင်းဆောင်ရွက်မှု မပေးကြောင်း သိရှိရသည်။
“သတင်းထောက်တွေအတွက် လုံံခြုံရေး အဆင်ပြေအောင်လို့ လားရှိုး ရဲကွပ်ကဲရေးရုံးလိပ်စာကို ခရိုင်ရဲရုံးမှာ သွားတောင်းတာ မသိဘူးလို့ ပြောတယ်။ မိတ္ထီလာမှာတုန်းက သတင်းထောက်တွေနဲ့ ရဲတွေနဲ့ ပူးပေါင်းလုပ်ရတာ အဆင်ပြေပေမယ့် ဒီမှာက ဘယ်လိုမှ လုံခြုံမှုမရှိဘူး”ဟု ဧရာဝတီ သတင်းထောက်က ပြောသည်။
လားရှိုးမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံမင်းကလည်း “တကယ်တမ်း ကာကွယ်နိုင်ဖို့ သေနတ်ကို ခြိမ်းခြောက်တဲ့အနေနဲ့ ဖောက်ပြဖို့ တနည်းပဲ ရှိတော့တယ်။ လွှတ်တော် ကိုယ်စားလှယ်တယောက်အနေနဲ့ ဘာမှ လုပ်လို့ မရဘူး။ တနေရာမှာငြိမ်သွားရင် နောက်တနေရာက ဆူပူလာတယ်။ လုံခြုံရေးက အပြည့် မရှိဘူး။ အခြေအနေတွေ ငြိမ်သက်သွားဖို့ကတော့ အာဏာပိုင်တွေကပဲ လုပ်နိုင်လိမ့်မယ်”ဟု ပြောဆိုသည်။
ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် ပါဝင်ပူးပေါင်း ရေးသားသည်။