မကွေးတိုင်း ဒေသကြီး အတွင်း မြို့နယ် ၂၅ ခုတွင် ဖြစ်ပွားခဲ့သော မြေသိမ်းမှုများတွင် တောင်သူ နစ်နာမှုများအတွက် ထိုက်တန်သော လျော်ကြေးပေးရန် မကွေး လယ်ယာမြေ စုံစမ်းရေး ကော်မရှင်က တိုက်တွန်ထားကြောင်း ယင်းကော်မရှင်၏ မကွေးတာဝန်ခံ ဦးလှဆွေက ဧရာဝတီသို့ ပြောသည်။
မကွေးတိုင်း ဒေသကြီးတွင် လယ်ယာမြေ သိမ်းဆည်းခံရမှု ၇၆ မှုရှိရာ အားလုံးကို ကော်မရှင်က စစ်ဆေးခဲ့ပြီး အများစုမှာ နိုင်ငံတော် စီမံကိန်းနှင့် တပ်မြေအဖြစ် သိမ်းဆည်းမှုက အများဆုံးဖြစ်ကြောင်း ယင်းကော်မရှင်က ဆိုသည်။
“ကော်မရှင်ရဲ့ သုံးသပ်ချက်မှာ ကာလပေါက်ဈေးနဲ့ ညီမျှတဲ့ ထိုက်တန်တဲ့ လျော်ကြေးပေးဖို့ ရေးတယ်။ တခုနဲ့ တခုက မတူဘူး။ တချို့ကိစ္စတွေကျတော့ ပြန်လည် စီမံခန့်ခွဲရန် မလိုဆိုပြီး ရေးရတယ်” ဟု အထက်ပါ မကွေး တာဝန်ခံက
ပြောသည်။
တပ်မတော် တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ရန် သိမ်းဆည်းထားသော မြေများကိုလည်း စစ်တပ်မှ တောင်သူများကို ပြန်လည် ပေးအပ်ရန် ကတိပြုသွားခဲ့ကြောင်း သိရသည်။
“တပ်ကိုတော့ မလိုအပ်တဲ့ မြေတွေကို တောင်သူတွေကို ပြန်ပေးဖို့ ပြောထားတယ်။ မလိုအပ်တဲ့မြေကို ပြန်ပေးမယ်လို့လည်း တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က ဖြေထားတယ်။ အခု မကွေး ကပစ ၁၅ ကဆိုရင် သူ့အဆောက်အဦးနဲ့ ကိုက် ၁၀၀ အထိပဲ သူယူမယ်။ ကျန်တဲ့မြေကို တောင်သူတွေကို ဝင်စိုက်ပျိုးခွင့် ပြုလိုက်ပြီ။ သူတို့သိမ်းထားတာက ဧက ၆၀၀၀၀ ကျော် ရှိတော့ စိုက်ကွက်တွေ အများကြီးပေါ်လာတယ်” ဟု ဦးလှဆွေက ပြောသည်။
မကွေးတိုင်း ဒေသကြီးအတွက် လယ်ယာမြေစုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ၆ ဦးသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို အကြောင်းကြားကာ လယ်မြေ သိမ်းခံရမှုများကို စစ်ဆေးခဲ့ရာ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ တဆင့် တိုင်ကြားသူ၊ တိုင်ကြားခံရသူ၊ မြေစာရင်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဋ္ဌာနတို့ကို ခေါ်ယူ မေးမြန်းခဲ့ကြောင်း သိရသည်။
“အဖိုးကြီး တယောက်ဆိုရင် သူလယ်မြေကို တပ်မ ၈၈ က သိမ်းထားလို့ ဆိုပြီး ဝင်မလုပ်ရဲဘူး။ တကယ်က သူ့လယ်ကို စစ်တပ်က သိမ်းမထားဘူး။ အဖိုးကြီးက ကြောက်နေတာ။ ကျနော်တို့ ကော်မရှင် ပေါ်လာတော့ သူကတိုင်တဲ့အခါ
ဆင်းကြည့် လိုက်တော့ စစ်တပ်က သိမ်းမထားဘူး။ အဲဒါနဲ့ ကာကွယ်ရေး ဝန်ကြီးဋ္ဌာနကနေ တပ်မ ၈၈ က အဲဒီလယ်ကို
သိမ်းမထားပါဘူး ဆိုတဲ့စာ ထုတ်ပေးမှ သူတော်တော်ပျော်သွားတယ်။ သူ့စိတ်ထဲမှာ စစ်တပ်က သိမ်းထားတယ်ထင်လို့ ကြောက်ပြီး ဝင်မလုပ်တာ နှစ် တော်တော်ကြာနေပြီ” ဟု ကော်မရှင် အဖွဲ့ဝင် တဦးက ပြောသည်။
တပ်မတော် တပ်ရင်းတပ်မ ၁၀၁ က ပိုနေသော မြေများကို ငှားစားခြင်း၊ မြေစာရင်းဋ္ဌာနက ကြက်ဆူပင် စိုက်မည်ဟု ဆိုကာ မြေသိမ်း၍ ပြန်လည် ရောင်းစားခြင်း၊ ရွာမြေကို အကွက်ရိုက်ပြီး အုပ်ချုပ်ရေးမှူးက တဧက ကျပ် တသိန်းနှင့် ရောင်းစားခြင်းများ အပါအဝင် ထောက်လှမ်းရေးခေတ် မြေသိမ်းမှုအထိ ပါဝင်ကြောင်း သိရသည်။
“ဥပမာ – ထောက်လှမ်းရေး ခေတ်ကပေါ့နော်၊ ရုံးဆောက်မယ်ဆိုပြီးတော့ မြေတွေကိုသိမ်း၊ ပြီးတော့ ထောက်လှမ်းရေးလည်း ပြုတ်သွားရော ထောက်လှမ်းရေး ဟောင်းကြီးတွေက လာပြန် ရောင်းစားသွားတာတွေ ရှိတယ်။ ပြန်ရောင်းစား လိုက်တဲ့ မြေက အခု ဓာတ်ဆီဆိုင်ဖြစ်နေပြီ။ မင်းဘူးမှာ ထောက်လှမ်းရေး တပ်ကြပ်ကြီး ဉာဏ်ထွန်းဆိုတဲ့ သူက အမျိုးသမီးကြီး တယောက်ရဲ့ မြေကို ရုံးဆောက်ဖို့ သိမ်းတယ်။ သိမ်းပြီးတော့ ရုံးမဆောက်ဘဲနဲ့ ဓာတ်ဆီဆိုင် သမားကို ရောင်းစား လိုက်တာပေါ့။ ထောက်လှမ်းရေးခေတ်က မဟုတ်တာ လုပ်တာတွေ အခု ပေါ်လာတယ်” ဟု အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေက ပြောသည်။
နိုင်ငံပိုင် စက်ရုံ အလုပ်ရုံများ ဆောက်လုပ် ရာတွင်လည်း လျော်ကြေး မပေးခဲ့ခြင်းများ ရှိပြီး တချို့မြေများကို တဧက ၆ ကျပ်မှ ၁၆ ကျပ်အထိ လျော်ကြေး ပေးထားကြောင်း မကွေး ကော်မရှင်က ဆိုသည်။
မကွေတိုင်းဒေသကြီး ပခုက္ကူမြို့ အနီးတွင် ဗားဂျီးနီးယား ဆေးပေါင်းစက်ရုံကို စက်မှုဝန်ကြီးဋ္ဌာနက စီးပွားရေး ဦးပိုင်အား လွှဲပြောင်း ပေးပြီးနောက် စက်ရုံအနီး မြေကို ဦးပိုင်က ခြံခတ်လိုက်သော အခါ တောင်သူများက လယ်ယာမြေ စုံစမ်းရေး ကော်မရှင်ထံ တိုင်ကြားခဲ့သည်။
“စက်မှုဝန်ကြီးဋ္ဌာနနဲ့ လုပ်တုန်းက တောင်သူက လယ်လုပ်ခွင့် ရတယ်။ ဦးပိုင်လည်း ဝင်လာရော လုပ်လို့မရတော့ တိုင်တာပါ” ဟု ကော်မရှင်ဝင် တဦးက ပြောသည်။
မကွေးတွင် ကွန်ပျူတာ ကောလိပ်အတွက် မြေသိမ်း၍ လျော်ကြေးငွေ မပေးကြောင်း၊ ကွန်ပျူတာ ကောလိပ်မှ ကွန်ပျူတာ တက္ကသိုလ်အဖြစ် အဆင့်မြှင့်သည့်အချိန်တွင် ကောလိပ်မြေနေရာ၌ ကျန်ခဲ့သည့်မြေကို ပြန်လိုချင်ကြောင်း ဒေသခံ တောင်သူတဦးက ဆိုသည်။
ယင်းကိစ္စကို ကော်မရှင်က လာရောက် စုံစမ်းသွားခဲ့သောကြောင့် ဒေသခံတောင်သူများက ကျေနပ်ကြောင်း ၎င်းက ဆက်ပြောသည်။
“အရင် ရထားလမ်း ဖောက်ထားတဲ့မြေတွေက လျော်ကြေး မပေးဘူး။ အခုဖောက်တဲ့ လမ်းကိုတော့ ပေးနေတယ်။ အရင်ဟာတွေကို ဘယ်လိုလုပ်မလဲတော့ မသိဘူး။ လျော်ကြေး ပြန်ပေးရင်တော့ ကောင်းတာပေါ့” ဟု ရထားလမ်းအနီးတွင် နေထိုင်သူ ဒေသခံက ဆိုသည်။
နောက်ပိုင်း စီမံကိန်းများတွင် နှစ်ဘက်အကျိုးရှိသော ပုံစံဖြင့်် အကောင်အထည် ဖော်နိုင်ရန် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများ၌ လျော်ကြေးပါသော စီမံကိန်းများ ဖြစ်စေလိုကြောင်း၊ တရုတ်စီမံကိန်းများမှာ တဧက ၂၈ သိန်း ပေးလျော်ခြင်း၊ TATA ကားစက်ရုံကလည်း တဧကကို ကျပ်သိန်း ၂၀ ပေးလျော်ခြင်းများ ရှိနေကြောင်း မကွေး ကော်မရှင်မှ သိရသည်။
မြေသိမ်းခံရသော အကြောင်းရင်း ၆ ခုမှာ မြို့ပြများ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စက်မှုဇုန်များ တိုးချဲ့
တည်ဆောက်ရေး အတွက် သိမ်းဆည်းခြင်း၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်း ခြင်း၊ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထားပေးရာတွင် တောင်သူလယ်သမားများ လက်ရှိ လုပ်ကိုင်နေသည့် လယ်ယာမြေများ ပါရှိသွားခြင်းတို့ ဖြစ်သည်။