လူမှုဖူလုံရေး ဥပဒေသစ်ကို လက်တွေ့ ကျင့်သုံးနိုင်ရန် မြန်မာနိုင်ငံရှိ အလုပ်သမား ၆ သိန်းကျော်၏ အချက်အလက်များ ကွင်းဆင်းကောက်ခံခြင်း လုပ်ငန်းများကို ဇွန် ၂ ရက်နေ့မှ စတင် လုပ်ဆောင်တော့မည် ဖြစ်သောကြောင့် အချက်အလက် အမှန် ရရှိနိုင်ရေး အတွက် အလုပ်ရှင်များဘက်မှ ပူးပေါင်း ပါဝင်သင့်ကြောင်း လူမှုဖူလုံရေး အဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ဧရာဝတီသို့ ပြောသည်။
“အလုပ်သမားတွေရဲ့ အချက်အလက်တွေ ရဖို့အတွက် ပုံစံဖြည့်မယ့် စာရွက်တွေကို စက်ရုံအလုပ်ရုံတွေဆီကို ပို့ပေးတယ်။ ဒါပေမယ့် ပြီးစလွယ် ဖြည့်ပေး လိုက်တော့ အချက်အလက်တွေက မစုံဘူး။ ဥပမာ – အဖေနာမည် မပါတာ၊ မှတ်ပုံတင် နံပါတ် မပါတာ။ အိမ်ထောင်ရှိတယ် ဆိုပြီး အိမ်ထောင်ဘက် နာမည် မပါတာမျိုး။ အလုပ်ရှင်တွေ ကလည်း အလုပ်သမားတွေကို သေသေချာချာ ဖြည့်ဖို့ ကြပ်မတ် ပေးသင့်ပါတယ်” ဟု ဦးယုလွင်အောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်နှင့် တိုင်းရှိ မြို့နယ်ပေါင်း ၁၁၀ တွင် လူမှုဖူလုံရေး ရုံးခွဲပေါင်း ၇၇ ရုံးနှင့် စုစုပေါင်း အလုပ်သမားအင်အား ၆ သိန်း ၄ သောင်းရှိနေကြောင်း၊ လူမှုဖူလုံရေး အာမခံ အလုပ်သမားများ၏ သတင်း အချက်အလက် မှတ်တမ်း စနစ်များ ခိုင်မာစေရန် ကိုယ်ရေးအချက်များကို ကွန်ပျူတာ ပရိုဂရမ်သို့ ထည့်သွင်းခြင်း လုပ်ငန်းအား ၃ သုတ်ခွဲ၍ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရဝန်ထမ်း၊ သမဝါယမ ဦးစီးဋ္ဌာနဝန်ထမ်းနှင့် ပုဂ္ဂလိက ဝန်ထမ်းဟူ၍ ၃ မျိုးခွဲထားပြီး ပုဂ္ဂလိက ဝန်ထမ်းမှာ စုစုပေါင်း ၄ သိန်းကျော်ရှိကြောင်း လူမှုဖူလုံရေး အဖွဲ့မှ သိရသည်။
ဥပဒေ စတင် ကျင့်သုံးနိုင်ရေးအတွက် နည်းဥပဒေ ရေးဆွဲခြင်း အပါအဝင်၊ လက်ရှိ အာမခံ အလုပ်သမား ခြောက်သိန်း နီးပါးတို့၏ ကိုယ်ရေးအချက်အလက် များကို ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ခြင်းနှင့် လက်ရှိ လူမှုဖူလုံရေးရုံး၏ ဝန်ထမ်းဖွဲ့စည်းပုံအား တိုးချဲ့၍ ဝန်ထမ်းသစ်များ စုဆောင်းကာ သင်တန်း ပို့ချခြင်းများကို ပြုလုပ် ရဦးမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။
နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီဖြစ်သည့် လူမှုဖူလုံရေး ဥပဒေသစ်ပါ အချက်များအား လက်တွေ့ ကျင့်သုံးနိုင်ရန်အတွက် လတ်တလော အချိန်တွင် မဖြစ်နိုင်သေးဘဲ တနှစ်ခန့် ထပ်မံ အချိန်ယူရန် လိုအပ်ကြောင်း လူမှုဖူလုံရေး အဖွဲ့က ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၂ တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ဦးယုလွင်အောင်က ဆက်လက်၍ “လာမယ့် ၂ ရက်နေ့မှာ ကွန်ပျူတာ အလုံး ၆၀နဲ့ စာရင်း သွင်းတာတွေကို တရစပ် လုပ်တော့မယ်။ လက်ပ်တော့တွေနဲ့ စက်ရုံတွေဆီ ဆင်းတော့မယ်။ အဲဒီနေ့မှာ ဝန်ထမ်းတွေကို သတင်း အချက်အလက် မှတ်တမ်းထည့်တဲ့ သင်တန်းတွေ ဆက်ပေးဖို့အတွက် သင်တန်းလည်း ဖွင့်သွားမယ်” ဟု ပြောသည်။
အလုပ်ရှင်များသည် မိမိတို့ လုပ်ငန်းခွင်တွင် ခန့်ထားသည့် အလုပ်သမားဦးရေကို ထိန်ချန်ထားခြင်း များကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများ နစ်နာမှု မရှိစေရေး၊ ဥပဒေသစ်ကြောင့် တိုးတက်ရရှိလာမည့် အကျိုး ခံစားခွင့်များကို ရှင်းလင်းစွာ နားလည် လက်ခံစေရေးတို့ အတွက်လည်း အချိန်ယူ ဆွေးနွေးရဦးမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
“ဥပဒေကို စတင်ကျင့်သုံးလို့ ရပြီလို့ ကြေညာလိုက်လို့ အလုပ်သမားတွေမှာ လူမှုဖူလုံရေး ကတ်ပြားမရှိရင် ပြဿနာ တက်မယ်။ ဒီနှစ်ထဲမှာ ပြီးအောင် ကြိုးစားသွားမှာပါ။ ပြီးရင်တော့ လူမှုဖူလုံရေး ဥပဒေသစ်ကို စတင်ကျင့်သုံးလို့ရပြီ” ဟု လူမှုဖူလုံရေး အဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် လူမှုဖူလုံရေး ဥပဒေဟောင်းကို ၁၉၅၄ ခုနှစ် အောက်တိုဘာလတွင် ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ထပ်မံ ဖြည့်စွက်ချက်များ ပါဝင်သည့် ဥပဒေ သစ်ကို ၎င်းနှစ် သြဂုတ်လ ၃၁ ရက်က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး အတည်ပြုလိုက်သည်။
ယခု ပြဋ္ဌာန်းလိုက်သည့် လူမှုဖူလုံရေး ဥပဒေသစ်တွင် မူလအာမခံစနစ် နှစ်ရပ်အပြင်၊ အလုပ်လုပ်ကိုင်နိုင်စွမ်း မရှိမှု၊ သက်ပြည့် အငြိမ်းစားနှင့် ကျန်ရစ်သူ အကျိုးခံစားခွင့် အာမခံစနစ်၊ အလုပ်လက်မဲ့ အကျိုးခံစားခွင့် အာမခံစနစ်နှင့် တခြား လူမှု ဖူလုံရေး စနစ် (အိမ်ယာစီမံကိန်း) ဟူ၍ အသစ်သုံးမျိုး ထပ်မံတိုး လာသည့်အပြင်၊ အာမခံစနစ်များ၏ အကျိုး ခံစားခွင့်များကို နှစ်ကာလ အပိုင်းအခြား သတ်မှတ်ခြင်း၊ တချို့ငွေများကို ပြန်လည်ထုတ်ပေးနိုင်ရန် သတ်မှတ် ထားရခြင်းများကြောင့် လက်ရှိ ရုံးလုပ်ငန်း စနစ်ဖြင့် အကောင်အထည်ဖော်ရာတွင် အခက်အခဲရှိနိုင်သဖြင့် ကွန်ပျူတာ စနစ်သို့ ပြောင်းလဲ ကျင့်သုံးသွားမည် ဖြစ်ကြောင်း သိရသည်။
လူမှုဖူလုံရေး အဖွဲ့က လက်ရှိ ကောက်ခံနေသော အတန်းအစား ၁၅ မျိုးဖြင့် ထည့်ဝင်ကြေး ကောက်ခံသည့်စနစ်မှ အလုပ်သမားများ အမှန်တကယ် ရရှိနေသည့် လုပ်ခလစာအပေါ် အခြေခံ၍ ထည့်ဝင်ကြေး ကောက်ခံခြင်းများကို ပြောင်းလဲမည် ဖြစ်ကြောင်း၊ အလုပ်သမားများ၏ ကိုယ်ရေး အချက်အလက်များ လွဲမှားပါက ကာယကံရှင် အလုပ်သမား နစ်နာနိုင် သဖြင့် မှန်ကန်သော အချက်အလက် များကိုသာ လူမှုဖူလုံရေးအဖွဲ့သို့ ပေးပို့နိုင်ရန် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။