အမှန်တရားနှင့် တရားမျှတမှု ခရီး စတင်ခြင်း

မြတ်စုမွန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သော ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်း ဒေသတွင် သူလျှိုဟု စွပ်စွဲကာ ညှဉ်းပမ်းသတ်ဖြတ်ခဲ့မှုများကြောင့် အဖွဲ့ဝင် ကျောင်းသားများ သေဆုံးခဲ့ရ ခြင်း နှင့် ပတ်သက်ပြီး အမှန်တရားနှင့် တရားမျှတမှု ပြန်လည် ဖော်ထုတ်ရန် ကော်မရှင်တရပ်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီက စတင် ဖွဲ့စည်းခဲ့သည်။

ABSDF ကျောင်းသား တပ်မတော်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေး လူထု အုံကြွမှုကို စစ်တပ်က သွေးထွက်သံယို နှိမ်နှင်းအပြီး တောခိုသွား ခဲ့သည့် ကျောင်းသား လူငယ်များနှင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လက်ရှိ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေး နေသည့် လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည်။

ဖွဲ့စည်းထားသည့် အမှန်တရား နှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့က အချက်အလက် စုဆောင်းခြင်း နှင့် အစီရင်ခံစာ ရေးသားခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည် ဟု ယင်းအဖွဲ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ယင်း ကြေငြာချက်အရ သတ်မှတ်ကာလ ပြည့်သည့် ယခု အချိန်တွင် အဖွဲ့၏ လုပ်ဆောင်နိုင်ခဲ့မှု အခြေအနေ၊ ယင်းသို့ ဖော်ထုတ် စစ်ဆေး မှတ်တမ်းတင် သွားမည့်ကိစ္စ စသည်တို့ နှင့် ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အဖွဲ့မှ တာဝန်ခံညှိနိုင်းသူ ရဲဘော် ကျော်ကျော်လင်း နှင့် ဧရာဝတီ သတင်းဌာနက မေးမြန်း ထားသည်များကို ကောက်နုတ် ဖော်ပြအပ် ပါသည်။

မေး။      ။ မြောက်ပိုင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်း၊ အစီရင်ခံစာတွေ ရေးပြီး ၂၀၁၃ မေလမှာ ထုတ်ပြန်မယ် လို့ ပြောခဲ့ဖူးတော့ အခု လက်ရှိမှာ ဘာတွေ လုပ်နေလဲ၊ ဘယ်လို ဆက်သွားနေပါသလဲ။

ဖြေ။       ။ တနှစ်ကျော် ကာလမှာ အကောင်အထည် ဖော်နိုင်ဖို့ အတွက် ပုံစံ မျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ အခက်အခဲက ဘာလဲ ဆိုရင် နေရာ အခက်အခဲ။ ကျနော်တို့က အပြင်မှာ ရှိနေတယ်။ တော်တော်များများက ပြည်တွင်းမှာ ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ ကြားမှာ ဆက်သွယ်မှုက ကောင်းကောင်း လုပ်လို့ မရခဲ့ဘူး။ ဒီကိစ္စက လူချင်း တွေ့ပြီးမှ ပြောလို့ ရမယ့် ကိစ္စတွေ ကိုး။ ပထမဆုံး လူချင်း စတွေ့ရတာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ ဇန်နဝါရီ အတွင်း ABSDF ကိုယ်စားလှယ် ၉ ယောက် အဖွဲ့ ၁၈ ရက် လေ့လာရေး ခရီးစဉ် လာတုန်းက။ အဲဒီ ခရီးစဉ်မှာ မြောက်ပိုင်းက ထိခိုက် နစ်နာခဲ့တဲ့ ရဲဘော်တွေ နဲ့ တရက် အစည်းအဝေး စလုပ်ဖြစ်တယ်။ အဲဒီတော့မှာ စထိတွေ့ရတာ။

အဲဒီ တုန်းကတော့ အဖွဲ့အစည်း နဲ့ ပတ်သက်ပြီး မရှင်းတာတွေ သူတို့ မေးကြတယ်။ ကော်မရှင် အနေနဲ့ ဒီဟာတွေ ဆက်လုပ်ဖို့ ရှိတယ် ဆိုတာကို ပြန် ရှင်းပြတယ်။ အဲဒီမှာ သဘောတူခဲ့ တာက ကော်မရှင် အနေနဲ့ မတ်လလောက်မှာ ပြန်လာပြီး အချက်အလက်တွေ ကောက်မယ်။ အင်တာဗျူးတွေ လုပ်မယ်၊ ဧပြီ လောက်မှာ ရေးပြီးတော့ မေလလောက်မှာ အစီရင်ခံစာ ထုတ်မယ် ဆိုပြီး စီစဉ်ခဲ့တာ။ မဖြစ်လာခဲ့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ABSDF ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်လောက်ထိ ပေါက်မြောက် နေပြီလဲ၊ ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ ဆိုတဲ့ အပေါ် မူတည်တာကိုး။ အဲဒီချိန်မှာ အစိုးရနဲ့ တရားဝင် အပတ်ခတ် ရပ်စဲတာတွေ လည်း မလုပ်ရသေးဘူး။ ဒီတော့ စီစဉ်ရတဲ့ အပိုင်းမှာ အခက်အခဲ ရှိတယ်။ အဲဒီတော့ ထပ်ရွှေ့ရင်း ရွှေ့ရင်းနဲ့ အခုမှ လာဖြစ်တာ။

မေး။      ။ အဲဒါဆိုရင် အခု ခရီးစဉ်က ABSDF ရဲ့ Peace Process ခရီးစဉ် အပြင်၊ ဒီအမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး ကော်မရှင်ရဲ့ အချက် အလက်ကောက်ယူဖို့ ဆိုတဲ့ အစီအစဉ်လည်း ပါတာပေါ့။

ဖြေ။       ။ ဟုတ်ပါတယ်။ ဒီကာလမှာ ကျနော်တို့တွေကြား အပြန်အလှန် ဆက်သွယ်မှုတွေ ရဖို့ ကြိုးစားခဲ့တယ်။ ကျနော် တို့ ဒီကို လာလို့ မရရင် နိုင်ငံခြားကို ထွက်ပြီးတော့ တွေ့ရအောင် ဆိုပြီး ကြိုးစားခဲ့ကြတာ ရှိတယ်။ ပြီးတော့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်တယ်။ ဒီ စီမံကိန်းကနေ အကောင်းဆုံး ရလာဒ်တခု ပေါ်အောင်လုပ်မယ် ဆိုပြီး ပြင်ပက၊ နိုင်ငံခြားက နားလည်တဲ့ လူတွေ ဖိတ်ခေါ်ပြီး ဆွေးနွေးပွဲတွေ လုပ်ခဲ့တယ်။ အဲဒီအပိုင်းတွေ လုပ်နေပေမယ့် လူကိုယ်တိုင် လာပြီးတော့ တိတိကျကျကြီး အချက်အလက် ကောက်တာတွေ မလုပ်နိုင်ခဲ့ဘူး။ ဒီကို လာတာ အခုမှ စတယ်လို့ ပြောလို့ရမှာပေါ့။

မေး။      ။ အခု ဘယ်လိုပုံစံမျိုးနဲ့ စစ်တမ်းကောက်တာတွေကို လုပ်သွားမှာလဲ။

ဖြေ။       ။ ပထမဆုံး ရဲဘော်တွေကို ကိုယ်စားပြုတဲ့ သူတွေကို ကျနော်တို့ အစည်းအဝေး ပြန်ခေါ်တယ်။ ကိုယ်စားပြုနိုင်တဲ့ ရဲဘော်တွေ ပေါ့။ ဒါကတော့ သူတို့ဘာသာ သူတို့ ရွေးကြပါတယ်။ ကော်မရှင်ဘက်က ကျနော် အပါအဝင် တာဝန်ရှိတဲ့ သူတွေ နဲ့ တွေ့ကြတယ်။ တွေ့ပြီးတော့ အချိန်ဇယားတွေ ဆွဲကြတယ်။ နောက်ပြီးတော့ တခြား ဘယ်နယ်တွေမှာ ရှိနေတယ်၊ တချို့က မန္တလေးမှာ၊ တချို့က ရန်ကုန်၊ တချို့က ကရင်ပြည်နယ်၊ မွန်ပြည်နယ်မှာ.. အဲဒါ တွေကို သူတို့နဲ့ ဆွေးနွေးပြီး အချိန်တွေ သတ်မှတ်ကြ တယ်။ ကော်မရှင်နဲ့ ပတ်သက်ပြီး မရှင်းတာလေးတွေ ပြန်မေးကြတယ်။ ကော်မရှင်က ဘာလုပ်မှာလဲ၊ ဘယ်လောက်ထိ ဆက်သွားမှာလဲ၊ ကော်မရှင်ရဲ့ ရလာဒ်က ဘာ ဖြစ်လာနိုင်မလဲ ပေါ့။ အဲဒီလို မျှော်လင့်ချက် မတူတာတွေ ပြန်ညှိကြတယ်။

ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာ ကြေကြေလည်လည် ဖြစ်ပါတယ်။ သူတို့ဘက်က လည်း လုပ်ပေး နိုင်တာကို တင်ပြ တယ်။ အခုအဆင့် ကတော့ အလုပ် လုပ်တဲ့အဆင့်ကို ရောက်သွားပြီ ပေါ့နော်။ နေ့တိုင်း ရဲဘော်ဟောင်းတွေနဲ့ သွားတွေ့ တယ်၊ အင်တာဗျူးတယ်၊ အချက်အလက် စုတယ်။ သူတို့ အဆင်ပြေတဲ့ နေရာကို သွားပြီး တစ်ယောက်ချင်းကို တွေ့တယ်။ သူတို့နဲ့ သဘောတူထားတဲ့ ကတိတခု ရှိတယ်။ ရဲဘော် တယောက်ချင်းစီက သူတို့ အင်တာဗျူး မလုပ်ချင်ဘူး ဆိုရင် သူတို့ကို အင်တာဗျူး မလုပ်ဘူး။

မေး။      ။ နယ်တွေမှာ ရှိနေတဲ့ သူတွေကိုလည်း အိမ်တိုင်ယာရောက် သွားတွေ့ပြီး အချက်အလက် စုဆောင်းသွားဖို့ လည်း ရှိတယ် လို့ ဆိုလိုတာလား။

ဖြေ။       ။ ဟုတ်တယ်။ နောက်တခုက မိသားစုတွေ ကို လိုက်ပြီး တောင်းပန်စာ ပို့မယ် ဆိုတာ ရှိတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ တုန်းက မန္တလေးမှာ အထိမ်းအမှတ် နှစ်ပတ်လည်ပွဲ လုပ်တယ်လေ။ ၁၅ ယောက် တပြိုင်တည်း သတ်ခံရတဲ့ နေ့လေ။ အဲဒီ တနေ့တည်းမှာ အသတ်ခံခဲ့ ရတဲ့ ဥက္ကဋ္ဌ ဟောင်း ကိုထွန်းအောင်ကျော် အပါအဝင် အဲဒီ ၁၅ ယောက်ရဲ့ မိသားစုတွေ ကို တောင်းပန်စာ ပို့ခဲ့တယ်။ အခုကတော့ လူကိုယ်တိုင် ရောက်နေတဲ့ အချိန်ဆိုတော့ တောင်းပန်စာတွေ လိုက်ပို့သွားဖို့ စီစဉ်ထားတာရှိတယ်။ အဲဒါ ကလည်း ဒီမှာ ရှိနေတဲ့ ရဲဘော်တွေနဲ့ တိုင်ပင်ပြီး လုပ်သွား မယ်။

မေး။      ။ အဲဒီတုန်းက အသတ်ခံရတဲ့ မိဘတွေထဲက တချို့က အမှု ဖွင့်တာတွေ ရှိတယ်လေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ရော ဘယ်လို မှတ်ချက်ပေးချင် တာမျိုး ရှိပါသလဲ။

ဖြေ။       ။ ပထမ တမှုကတော့ ပိတ်သွားပြီလို့ မီဒီယာတွေမှာ ဖတ်ရတယ်။ ဒုတိယတမှုကတော့ ကျနော်တို့ ဒီရောက်မှ သတင်းစာတွေမှာ တွေ့ရတယ်။ ဒါက ကျူးလွန်ခံခဲ့ ရသူတွေရဲ့ အခွင့်အရေး ဖြစ်တယ်။ တရားစွဲဆိုခွင့် ဆိုတာ လူတိုင်းမှာ ရှိတယ် လေ။ တဦးချင်း စွဲတဲ့အပေါ်မှာ ကျနော်တို့ကတော့ ဘာမှ မပြောလိုဘူး။ ဒါက ခံခဲ့ရသူတွေရဲ့အခွင့်အရေး ဖြစ်တယ်။ သူတို့ မိသားစုတွေရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ကာယကံရှင်တွေက လက်ရှိ ဥပဒေအရ လုပ်ပိုင် ခွင့်ရှိတာကို လုပ်တာပါ။

မေး။      ။ စစ်တမ်းတွေ ကောက်ဖို့ အတွက် ကာယကံရှင် ရဲဘော်တွေနဲ့ တွေ့နေပြီလို့ ပြောတယ်။ မိသားစုဝင် တွေနဲ့ တွေ့ရတဲ့ အခြေအနေကရော ဘယ်လိုရှိ နေပြီလဲ ပြောပြပေးပါဦး။

ဖြေ။       ။ မိသားစုတွေနဲ့ တွေ့ဖို့ ကတော့ သဘောတူ ထားတာ ရှိတယ်။ ဒါပေမယ့် ဘယ်နေ့မှာ ဘယ်သူ့ကို သွားတွေ့မယ် ဆိုတာတော့ ကျနော်တို့ တိတိကျ ကျပြောလို့ မရသေးဘူး။ ဘယ်သူက ဘယ်မှာ ရှိနေမှန်း မသိတဲ့ အတွက် မြောက်ပိုင်း ပြန်ရဲဘော်တွေနဲ့ တိုင်ပင်ပြီး လိုက်စီစဉ်ရမယ်။ ဟိုတနေ့က ဆိုရင် နန်းအောင်ထွေးကြည်ရဲ့ အမေနဲ့ သွားတွေ့ ဖြစ်တယ်။ သူလည်း သူသိတာတွေ ရှင်းပြတယ်။

မေး။      ။ အစ်ကိုတို့ သွားပြီး အင်တာဗျူးရတဲ့ အကြောင်းတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ကိစ္စတွေ ဖြစ်တော့ ဒါတွေကို မိသားစုဝင်တွေက ပြန်ပြီး ပြောပြချင်ကြ သလား။ ဒါမှမဟုတ် ဒါတွေကို ပြန်မပြောပြ ချင်တော့ဘူး ဆိုတာမျိုး တုံ့ပြန်တာမျိုး ရှိသလား။

ဖြေ။       ။ တွေ့ခဲ့တဲ့ တော်တော် များများကတော့ ဒီကိစ္စကို ပြန်ပြောချင် ကြတယ်။ ဒီကိစ္စကြီးက သူတို့မှာလည်း စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ အများကြီးရှိ ခဲ့တယ်လေ။ ဒါကြီးကို ထပ်ခါ တလဲလဲ ပြောပြောနေရတဲ့ အတွက် အရမ်း ထိခိုက်တယ်။ သူတို့ မျက်နှာတွေ၊ မျက်လုံးတွေကို ကြည့်ရင် ဒါက သိသာတယ် လေ။ ဒါကို သူတို့ ကိုယ်တိုင်လည်း ဖွင့်ပြောတယ်။ ပုံစံမျိုးစုံနဲ့ ဟိုလူက မေးလိုက်၊ ဒီလူက မေးလိုက်နဲ့ ဒါကို ထပ်ခါထပ်ခါ ပြန်ပြန် ပြောပြနေရတယ် ပေါ့။ အနာဟောင်းကို ပြန်ဆွနေသလို ဒါကို ပြော ပြောနေရ တော့ သူတို့မှာ စိတ်ခံစားမှုတွေ ရှိတာပေါ့။ ထုတ်မပြောလည်း ကျနော်တို့ နားလည်တယ် လေ။ တဖက်ကလည်း ကျနော်တို့ ပြန်ရှင်းပြ တယ်။ ဒီ ကော်မရှင်ရဲ့ ရည်မှန်းချက်နဲ့ တခြား ဟာတွေနဲ့တော့ တူချင်မှ တူမယ်။

ကျနော်တို့ မေးတဲ့အခါမှာ မေးခွန်းကို အပိုင်း ၄ ပိုင်းခွဲပြီး မေးတယ်။ ပထမ အချက် ကတော့ တဦးချင်းရဲ့ နောက်ခံ သမိုင်းကြောင်း။ ၈၈ ကို ဘယ်လို ဖြတ်သန်းခဲ့ သလဲ။ ကျောင်းသားဘဝနဲ့ ဖြတ်သန်းခဲ့ သလား..စသဖြင့် ပေါ့။ ABSDF ထဲကို ဘယ်လိုမျိုး ရောက်ခဲ့တယ်။ ဒုတိယ အချက်ကတော့ ABSDF မြောက်ပိုင်းရဲ့ သမိုင်းကြောင်းကို မေးတယ်။ သူတို့ သိသလောက် ပေါ့။ တချို့ ရဲဘော်တွေကတော့ သိတယ်။ တချို့ ရဲဘော်တွေကတော့ မသိဘူး။ ရှမ်းပြည် မြောက်ပိုင်းက လာတဲ့ ရဲဘော်တွေ ဆိုရင် မသိဘူး။ တောင်ပိုင်းက လာတဲ့ ရဲဘော်တွေ ဆိုရင် မသိဘူး။ တချို့ကတော့ မြောက်ပိုင်းက တိုက်ရိုက် လာတဲ့ လူတွေ ဆိုတော့ သိတယ်။ အဲလိုမျိုးတော့ ကွဲသွားတာ ပေါ့။ ဒီပြဿနာကို ဖော်ပြဖို့ အခါမှာ နောက်ခံ သမိုင်းကြောင်း သိဖို့လိုတဲ့ အတွက် အဲဒါကို မေးတာ။ အဲဒီအချိန်မှာ သူတို့ကို ဘာ့ကြောင့် ဖမ်းတာလဲ၊ သူလျှိုလို့ ဘယ်လို သက်သေ အထောက်အထား တွေနဲ့ စွပ်စွဲခဲ့ တာလဲ၊ ဘယ်လို အထောက်အထားကို အခြေခံပြီး သူတို့ကို ဖမ်းတာလဲ၊ ဘယ်လို အခြေ အနေမျိုးမှာ ဖြောင့်ချက် ပေးခဲ့ရတာလဲ ဆိုတာ တစ်ဦးချင်းစီ ကို အဓိကထား မေးတယ်။ ပြီးတော့ အဲဒီမှာ ရှိခဲ့စဉ်က ကျန်းမာရေး စောင့်ရှောက်ခံခဲ့ရမှု၊ သူတို့ နေရထိုင်ရတဲ့ အခြေအနေ၊ စစ်ကြောရေးမှာ ဘယ်လို မျိုးနည်းလမ်းတွေ လုပ်တယ် ဆိုတာတွေကို မေးတယ်။

တတိယ ပိုင်းကတော့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ပေါ့။ သူတို့ ရန်ကုန်၊ ဒါမှမဟုတ် မွေးရပ်မြေကို ပြန်ရောက် လာတဲ့အခါ အဲဒီ အကျိုးဆက်ကို ဘယ်လိုမျိုး ခံစားရသလဲ၊ နိုင်ငံရေး မိတ်ဆွေ အသိုင်းအဝိုင်းကြားမှာ သူတို့ဟာ ဘေးဖယ် ခံနေရသလား။ အဲဒီ နိုင်ငံရေး အသိုင်းအဝိုင်း ကရော သူတို့ကို လိုလိုလားလား လက်ခံကြရဲ့လား။ ဘာကြောင့်လဲဆိုတော့ သူတို့က သူလျှိုလို့ စွပ်စွဲခံ ခဲ့ရသူတွေ ကိုး။ နောက်ပြီးတော့ ကျန်းမာရေး ပေါ့။ စစ်ကြောရေးမှာ ရခဲ့တဲ့ ဒါဏ်ရာတွေကြောင့် ကျန်းမာရေး မှာ ဘယ်လိုမျိုး ထိခိုက်မှု ရှိသလဲ ပေါ့။ မိသားစုတွေထဲမှာ ဘယ်လိုမျိုး သက်ရောက်မှု ရှိသလဲ စသဖြင့် မေးတယ်။

နံပတ် ၄ အချက် ကတော့ အဖွဲ့အစည်းကို ဘယ်လို အကြံပေးချင် သလဲ။ လောလောဆယ်မှာ အဖွဲ့အစည်းက တောင်းပန်ထား တယ်။ အဖြစ်အပျက်များတွင် နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ရသည့် ရဲဘော်များအား၊ သက်ဆိုင်ရာမိသားစုများအား တောင်းပန်ပါသည် ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာက ကြေငြာချက် ထုတ်ပြန်ခဲ့တာ ရှိတယ်။ လူတစ်ဦးချင်း လိုက်ပြီး တောင်းပန်တာတွေ ရှိတယ်။ အဲဒီ အပေါ်မှာ ကျေနပ်မှု ရှိရဲ့လား၊ အဲဒါအပြင် ဘာ လုပ်ပေးဖို့ လိုသေးလဲ၊ ဘာ လုပ်ပေးသင့်လဲ ဆိုတဲ့ အစီရင်ခံစာ အကြံပေးမှု အပိုင်းအတွက် ကျနော်တို့ မေးတယ်။ အစီရင် ခံစာမှာ အဲဒီအပိုင်းတွေအလိုက်ဖော်ပြမှာပါ။

မေး။      ။ အခု လောလောဆယ်မှာ မိသားစု ဘယ်နှစ်စုလောက် တွေ့ပြီးသွားပြီလဲ။

ဖြေ။       ။ မိသားစု မတွေ့ရသေး ဘူး။  မိသားစု ဆိုလို့ မနန်းအောင်ထွေးကြည်ရဲ့ အမေကိုပဲ တွေ့ရသေးတယ်။ တချို့က တွေ့ဖို့ လုပ်ပေမယ့် မအားတာ၊ တချို့က ခရီးသွားဖို့ ပြင်ထားပြီးသား ဖြစ်နေတယ်။ တွေ့တာကတော့ လိုက်တွေ့မယ်။ အဓိကကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို လိုက်တွေ့မယ်။ လောလောဆယ် ကာယကံမြောက် ခံစားရတဲ့ ရဲဘော်တွေကို လိုက်တွေ့တာ ၆ ယောက်လောက် ရှိသွားပြီ။ ကျနော်တို့ လုပ်ငန်းက တကယ်စတာက မေ၊ ၂၄ မှာ စတာ။ ပထမပိုင်းက အစိုးရနဲ့ စကားပြောတဲ့ အပိုင်းကို လုပ်တာမှာ ကျနော်တို့လည်း ပါတာကိုး။ ၂၄ နောက်ပိုင်း ကနေ ဒီနေ့ အထိ ၃ ရက် လောက် အတွင်းမှာ ၆ ယောက်လောက် ပြီးသွားပြီ။ အချိန်က တရားဝင် ခွင့်ပြုထားတာ ၃ ပတ်ပဲ ရတယ်။ အဲဒီ ၃ ပတ် အတွင်းမှာ ကျနော်တို့ ရသလောက်လုပ် သွားမယ်။

မေး။      ။ အဲဒီ ၃ ပတ် အတွင်းမှာ နယ်တွေလည်း ဆင်းရဦး မယ်ဆိုတော့ အချိန်က လုံလောက်ပါ့မလား။ အားလုံးကို ရောက်အောင် သွားရောက် နိုင်ပါ့မလား။

ဖြေ။       ။ ရန်ကုန်ပြီးရင် တော့ ဇွန်လထဲမှာ မန္တလေး သွားမယ်။ မန္တလေးမှာ ၁ ပတ်လောက်တော့ ကြာမယ် ထင်တယ်။ ပြီးရင်တော့ ကျိုက်ထိုဘက်ကို သွားရမှာ ရှိသေးတယ်။ ၃ ပတ်အတွင်းမှာ ရသလောက်တော့ သွားရမှာ ပေါ့။

မေး။      ။ အချက်အလက် စုဆောင်းတဲ့ နေရာမှာ မိသားစုဝင်တွေရဲ့ ပူးပေါင်း ပါဝင်မှုက အခရာကျတယ် လို့ အစ်ကိုတို့ ပြောထားတာ ရှိတယ်။ ဒီတော့ အခု အလုပ်စတဲ့ အချိန်မှာ သူတို့ရဲ့ ပူးပေါင်း ပါဝင်မှုက ဘယ်လို ရှိပါသလဲ။ လက်ရှိ လုပ်နေတဲ့ အခြေအနေအရ ဘယ်လောက်ထိ ပါဝင်လာနိုင်မယ် လို့ရော မျှော်လင့်ထားလဲ။

ဖြေ။       ။ ပထမဆုံး တွေ့ဖူးတဲ့ တယောက်ကိုပဲ ပြောရမယ်။ အခုက အကုန်လုံးကို လိုက် မတွေ့ရသေးဘူး ဆိုတော့ ချက်ချင်းကြီး တော့ မပြောနိုင် သေးဘူး။ လက်ရှိမှာတော့ ရဲဘော်တွေ ကိုယ်စား လာတွေ့တဲ့ လူတွေကတော့ တော်တော်လေး အားကြိုးမာန်တက် ရှိတယ်။ အမေ ဆိုရင်တော့ မငယ် (မနန်းအောင်ထွေးကြည်)ရဲ့ အမေ တယောက်ပဲ တွေ့ရသေးတယ်။ သူ ပြောတာကို နားထောင်ရတော့ စိတ်လည်း မကောင်းဘူး။ သူတွေ့တာတွေ အကုန်ပြောပြတယ်။

မေး။      ။ ဆိုတော့ စောစောက ပြောခဲ့တယ်။ ကျနော်တို့ တောင်းပန်ထားတယ်၊ ဒါနဲ့မှ မရသေးဘူး ဆိုရင် ဘာတွေ ထပ်လုပ်ပေး စေချင်သလဲ လို့လည်း မေးမြန်း ထားတာတွေ ရှိတယ်ဆိုတော့..၊ အစ်ကိုတို့ ဘက်က ဘယ်လောက်အထိ လုပ်ပေးဖို့ ရည်ရွယ်ထားလဲ။ ကြိုတင် စဉ်းစားထားတာ ရှိလဲ။

ဖြေ။       ။ ဗဟို ကော်မတီမှာ ဆွေးနွေးခဲ့တာ ရှိတယ်။ အစီရင်ခံစာက ထွက်မယ့် ရလာဒ်နဲ့ ဘယ်လို အကြံပြုချက်တွေ လာမလဲ ဆိုတာကို သူတို့ စောင့်နေကြတယ်။ အဲဒီ အကြံပြုချက်တွေ အပေါ် မူတည်ပြီး ဗဟိုက နည်းလမ်းတွေ ဆက်ဆောင်ရွက် သွားပါလိမ့်မယ်။ အဲဒါကျတော့ ကော်မရှင်နဲ့ မဆိုင်တော့ဘူး။ အဖွဲ့အစည်းနဲ့ ဆိုင်သွားပြီ။

မေး။      ။ အခု ပြည်တွင်းထဲမှာ စစ်တမ်းတွေ ကောက်ဖို့ အတွက် လာတဲ့အခါမှာ အစ်ကိုတို့ အဖွဲ့အနေနဲ့ လူဦးရေ ဘယ်လောက် သုံးပြီး လာသလဲ။ အဲဒီ လူတွေ ကိုယ်တိုင်ရော သူတို့သိထားတဲ့ အချက်အလက်တွေ၊ လိုအပ်တဲ့ အထောက်အထား တွေကို ထုတ်ပြပြီးပြီလား။

ဖြေ။       ။ လာခွင့်ရတာ ၄ ယောက်ပဲ ရှိတယ်။ လောလောဆယ်တော့ ၄ ယောက်ပါပဲ။ ဒီ ၄ ယောက်နဲ့ပဲ လုပ်နေပါတယ်။ အခုလို အချက်အလက် စုဆောင်းတဲ့ အချိန်မှာတော့ လူ ၄ ယောက်အားနဲ့ လောက်သေးတယ်။ ဒါပေမယ့် အစီရင်ခံစာ ရေးတဲ့ အပိုင်းမှာတော့ အခြား အပြင်က တတ်ကျွမ်း နားလည်တဲ့ ပညာရှင်တွေနဲ့ အများကြီး လုပ်ရဦးမယ်။ ရနိုင် သလောက်တော့ အချက်အလက်တွေ စုတယ်၊ သူတို့တွေ မီဒီယာတွေမှာ ဖြေခဲ့ဖူးတာတွေ ရှိတယ်၊ သူတို့ကိုယ်တိုင် ထုတ်ပြောတဲ့ အင်တာဗျူးတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကိုတော့ ကျနော်တို့ စုထားတယ်။ ဒါပေမယ့် များများစားစား တော့ မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ အဖွဲ့အစည်းမှာ အဲဒါတွေက မရှိတော့ဘူး။ ကျနော်တို့က တောင်ပိုင်းမှာ ဗဟိုကိုး။ အဲဒါတွေက မြောက်ပိုင်းမှာ ဖြစ်ခဲ့တာ ဆိုတော့ တောင်းပိုင်း ဗဟိုမှာ အဲဒါတွေက မရှိဘူး။ အဲဒီတုန်းက ဒီဟာနဲ့ ပတ်သက်တဲ့ အခွေတွေကို ဗီဒီယို ရိုက်ကြတယ် ပြောတယ်။ တချို့စခန်းတွေက မမြင်ဖူးဘူး။ တချို့ စခန်းတွေတော့ တွေ့ဖူးတယ်။ ဒီဘက်မှာ အဲဒီ အချက်အလက်တွေက အများကြီး မရှိဘူး။ ဒီကိုလာတော့ သူတို့မှာ တဦးချင်း စုထားတာလေးတွေ ရှိတယ်။ အဲဒါတွေကို အခြေခံပြီး ပြန်လိုက် တောင်းနေရတယ်။

ဒါပေမယ့် ဟော်လန်မှာတော့ ABSDF နဲ့ ပတ်သက်ပြီး အဖွဲ့အစည်းက လုပ်ထားတဲ့ မော်ကွန်းတိုက် ရှိတယ်။ လိုအပ်ရင် အဲဒါတွေ သွားတောင်းပြီး ကြည့်ဖို့ အစီအစဉ် ရှိတယ်။ လိုအပ်မယ် ထင်တာတွေ၊ အထောက်အကူ ဖြစ်မယ် ထင်တာတွေ ကို ယူကြည့်ဖို့ ပေါ့။ အဲဒီအတွက် အဖွဲ့အစည်းကိုလည်း အစ်ကိုတို့ခွင့် တောင်းထားတယ်။

မေး။      ။ ABSDF က ကျုးလွန်ခဲ့တဲ့ အမှုကို ABSDF က ပြန်ပြီး ကော်မရှင်ဖွဲ့ စုံစမ်းတာက တရားမျှတမှု ရှိမယ် ထင်လား။ ဒီဟာကို တရားမျှတမှု ရှိပါတယ်လို့ ဘယ်လို သက်သေပြ မလဲ။

ဖြေ။       ။ အဲဒါက အကြီးမားဆုံး စိန်ခေါ်ချက်ပဲ။ ကျူးလွန် ခံခဲ့ရတယ် ဆိုတဲ့ ရဲဘော်တွေ ကြားမှာရော၊ ပြင်ပကနေ စောင့်ကြည့်တဲ့ လူတွေ ကြားထဲမှာရော ဒါက ကျနော်တို့ အပေါ်မှာ လုံး၀ မယုံတဲ့ အပိုင်းပေါ့။ ဒီလို ထင်တာလည်း သူတို့ ဘက်က တရား ပါတယ်။ သူတို့နဲ့ တေ့တေ့ ဆိုင်ဆိုင် စကားပြောကြည့်တော့ အဲဒီ အချက်ကို သူတို့လည်း ပြောတယ်။ ဘယ်လောက်ထိလဲ ဆိုရင် ဒါက လူတစု အတွက် အကာကွယ် ပေးဖို့ လုပ်တာလား ဆိုတဲ့ အထိတောင် ပြောခံရတယ်။ ကျနော်တို့ အလုပ်ကို သူတို့ကို သေချာ ရှင်းပြတယ်။ အခု အခြေအနေ အထိမှာတော့ ကျနော်တို့ ထိတွေ့ခဲ့တဲ့ လူ တော်တော် များများ က အဲဒီကိစ္စကို ကြေလည်တယ်။ သူတို့နဲ့ အစည်းအဝေး ၂ ကြိမ်လုပ်ပြီး သွားပြီ။ ကျနော့် စိတ်ထဲမှာ တော့ ဒါကို သူတို့ ကြေလည်တယ် လို့ ထင်တယ်။ သူတို့က ထုတ်ပြော တာတွေလည်း ရှိတယ်။ ဒီ ကော်မရှင်ကို သူတို့ ယုံကြည်ပါတယ် ဆိုပြီး တော့ပါ။ ကျနော်ကတော့ အစီရင်ခံစာကို စောင့်ကြည့် သင့်တယ်လို့ ထင်ပါတယ်။ အစီရင်ခံစာကို စောင့်ကြည့်ပါ။ အစီရင်ခံစာမှာ ဖော်ပြမယ့် အချက်အလက်တွေကို စောင့်ကြည့် သင့်တယ်။ အဲဒီ အချက်အလက် တွေကို ကြည့်ခြင်း အားဖြင့် ဒီ ကော်မရှင်ဟာ ဘက်လိုက်မှု ရှိ/မရှိ ၊ တကယ်တန်း ချထားတဲ့ ရည်မှန်းချက်ကို သွား/မသွားဆိုတာ အဲဒီကျရင် အဖြေပေါ်မှာပါ။ သံသယတွေ ကတော့ရှိမှာပဲ။ ဒါကလည်း တရားပါတယ်။

မေး။      ။ ဒါဆို အဲဒီ စိန်ခေါ်မှုကို ကြားထဲက အဆုံးအဖြတ် လုပ်ပေးနိုင်မယ့် ဘယ်လို လူမျိုးတွေကို အကူညီ တောင်းသွား မလဲ။ ဥပမာ – နိုင်ငံတကာက အရေးအခင်းကာလ ပဋိပက္ခကို ကြုံခဲ့ဖူးတဲ့ ပညာရှင်တွေလိုမျိုး ဖြစ်ဖြစ်ပေါ့။

ဖြေ။       ။ လောလောဆယ်တော့ တတိယလူကို မထားဘဲ၊ တိုက်ရိုက် လုပ်သွားဖို့ပဲ ရှိတယ်။ ကျနော်တို့ အပေါ်မှာ မယုံကြည်ဘူး ဆိုရင် တိုက်ရိုက် မေးဖို့၊ တိုက်ရိုက်ပြောဖို့ လမ်းဖွင့်ထားတယ်။ ဘာလို့လဲ ဆိုတော့ ဒီကိစ္စက ကာယကံရှင်နဲ့ တိုက်ရိုက် ပြောတာက ပိုပြီး ထိရောက်တယ် လို့ ကျနော်တို့ ထင်လို့လေ။ ပြည်တွင်းမှာ အခြေစိုက်တဲ့ ကြားနေ သြဇာရှိသူ တွေ နဲ့ တဆင့် လုပ်ဖို့ စဉ်းစားခဲ့ဖူးတယ်။ ဒါပေမယ့် အဲဒါကျတော့ ကျနော်တို့က အပြင်မှာ၊ သူတို့ကအထဲမှာ ဆိုတော့ ကြားခံနဲ့ လုပ်မယ် ဆိုရင် စကားတွေက ဘာသာပြန်မှု တွေလွဲသွားနိုင် တယ်။ ဒါကြောင့် တိုက်ရိုက်ပဲ ဆက်သွယ်တယ်။

မေး။      ။ အခု ကိုယ်တိုင် ကြုံရတဲ့ ရဲဘော်တချို့နဲ့ မိသားစုဝင် တယောက်ကို အင်တာဗျူး လုပ်ပြီးပြီ ဆိုတော့ သူတို့ဆီက ရထားတဲ့ အချက်အလက်တွေက အမှန်တရားနဲ့ တရားမျှတမှု အတွက် ဘယ်လောက်များ အထောက်အကူ ပြုနိုင်တာတွေ ပါလဲ။

ဖြေ။       ။ အထောက်အကူ ဖြစ်ပါတယ်။ ကျနော်တို့ မေးချင်တဲ့ အပိုင်း ၄ ပိုင်းကို သေသေချာချာ သူတို့ကို မေးတယ်။ ပြောတာတွေ တော်တော်များများက တူတာတွေ တွေ့ရတယ်။ ကာလတခုကို အတူတူ ဖြတ်သန်းခဲ့ရတော့ သူတို့ ပြောတာတွေ တော်တော်များများ တူကြတယ်။ ဥပမာ- စစ်ကြောရေး ပုံစံတို့၊ ဘယ်လိုမျိုး ထွက်ဆိုရတယ် ဆိုတာတွေ၊ ဖြောင့်ချက် ပေးရတဲ့ ပုံစံပေါ့။ နောက်ပြီး စစ်ကြောရေး နည်းလမ်းတွေ ပေါ့။ အဲဒါတွေ တော်တော်များများ တူကြတယ်။ နောက်ပြီး ဘယ်သူက စစ်တယ် ဆိုတာ မျိုးတွေ တူကြတယ်။ ဒါတွေက လူမှုကွန်ယက် မီဒီယာတွေမှာလည်း သူတို့ ပြောခဲ့ကြ တာတွေပဲ။ ဒါပေမယ့် အခုကတော့ တရားဝင် လာပြီး အတိအကျ လာယူတဲ့ သဘောပေါ့။ အခြေခံတွေ က သိထားပြီး သားပဲ။ ဒါပေမယ့် အခုဟာက အသေးစိတ်နဲ့ ပိုပြီး တရားဝင် ဖြစ်အောင်ပေါ့။

မေး။      ။ အပြောင်းအလဲတွေ နောက်ပိုင်းမှာ မြန်မာပြည်တွင်းထဲ ကို ပြန်ဝင်လာတဲ့ ABSDF ရဲဘော်တွေနဲ့  ပြန် မဝင်လာသေးဘဲ အပြင်မှာ ရှိနေသေးတဲ့ ရဲဘော်တွေရဲ့ ဒီအဖွဲ့ လုပ်ကိုင်မှုတွေကို ပူးပေါင်း ပါဝင်တဲ့ အနေအထားကရော ဘယ်လိုရှိ သလဲ။ ပူးပေါင်းချင် စိတ်ပေါ့။

ဖြေ။       ။ ဒီတနှစ်တာ ကာလထဲမှာ လုပ်ခဲ့တာတွေမှာ အဲဒါတွေလည်း ပါတယ်။ လုပ်ငန်းစဉ်၊ ရည်ရွယ်ချက်၊ ဦးတည်ချက်၊ ဘာတွေ လုပ်မယ် ဆိုတာတွေ…၊ ရေးပြီးတော့ ဒါနဲ့ ပတ်သက်တဲ့ လူတွေအားလုံးကို လက်လှမ်းမီ သလောက် အီးမေးလ် တွေ ပို့တယ်။ သူတို့ရဲ့ သဘောထားတွေကို မေးတယ်။ အီးမေးလ် ပို့တဲ့ သူတိုင်းကတော့ ပူးပေါင်းဆောင်းရွက်မှု ပေးမယ်လို့ ပြောတယ်။ သူတို့ ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့ လာမေးပါ၊ သူတို့ ပြောပါ့မယ်လို့ ကျနော် တို့ကို အီးမေးလ်ထဲမှာ တရားဝင် ပြန်ထားတာ ရှိတယ်။ မြန်မာပြည်ထဲမှာ ၃ ပတ်ခရီးစဉ် ပြီးရင် ကျနော်တို့ နယ်စပ်ကို ပြန်မယ်။ ပြင်ပမှာ ရှိတဲ့လူတွေကို ထပ်ပြီးတော့မေးမယ်။

မေး။      ။ ဒီစစ်တမ်းကို ကာလ ဘယ်လောက်အကြာမှာ ထုတ်ပြန်နိုင်မယ် လို့ မှန်းထားလဲ။

ဖြေ။       ။ အမြန်ဆုံး ထွက်ဖို့တော့ မှန်းထားတယ်။ လူ ၁၀၀ လောက်ရှိတာ မှာ ၃၅ ယောက်က ဆုံးတယ်။ ၁၅ ယောက်က ဖေဖော်ဝါရီမှာ အသတ်ခံ ခဲ့ရတယ်။ ကျန်တဲ့ ၂၀ က စစ်ကြောရေး ကာလမှာ ပုံစံမျိုးစုံနဲ့ ဆုံးသွားခဲ့ ကြတယ်။ အဲဒီ ၃၅ ယောက် ရဲ့ မိသားစုတွေနဲ့ လိုက်ပြီး တွေ့နိုင်သလောက် တွေ့မယ်။ ကျန်တဲ့ ၅၅ ယောက် အုပ်စုတို့၊ ၅၅ ယောက် အပြင်က အုပ်စုတွေ ရှိကြတယ်။ တတ်နိုင်သလောက်၊ ရသလောက်တော့ ဆုံနိုင်သလောက်ကို အင်တာဗျူး လုပ်သွား မယ်။ ဒီ ၃ ပတ်အတွင်း မှာ တော့ အားလုံးတော့ မစုံနိုင်ဘူး။ အများဆုံး ရရင် လူ ၃၀ ပေါ့။ ပြီးတော့ အပြင်မှာလည်း သက်ဆိုင်သူတွေ ကို အင်တာဗျူး လုပ်ဦးမယ်။ အဲဒီ ဟာတွေ လုပ်ပြီး သွားရင် အစီရင်ခံစာ ရေးဖို့အတွက် အချိန်ပြန်ယူ ရဦးမယ်။ ဒီ သတင်း အချက်အလက်တွေကို ပြန်သုံးသပ်တဲ့ အပိုင်းတွေလုပ်ရ ဦးမယ်။ ဒါက အချိန်တော့ နည်းနည်းလို တယ်။ တိတိကျကျကြီးတော့ ပြောလို့ မရဘူး။ အမြန်ဆုံးတော့ လုပ်ချင်တယ်။ ပြီးသွားရင်တော့ နောက်တဆင့်ကို ထပ်သွားလို့ ရပြီလို့ ထင်တယ်လေ။

မေး။      ။ ဒါဆို ဒီနှစ်ထဲမှာ ဖြစ်နိုင်မလား။ ဒါမှ မဟုတ် ၂၀၁၄ နှစ်စပိုင်း လောက်မှာ ဖြစ်နိုင်မယ် ထင်လား။

ဖြေ။       ။ အခုက မေ ဆိုတော့၊ ဒီနှစ်ထဲမှာ ဖြစ်နိုင် ပါတယ်။ ဖြစ်အောင် ကြိုးစားရမှာ ပေါ့။ နည်းနည်းလေး ဖြည့်ပြောချင် တာက ဒီ အစီရင်ခံစာက အဆုံး မဟုတ်ဘူး။ ဒီအစီရင်ခံစာ ပြီးသွားတာနဲ့ ဒါကြီးက ပြီးသွားမှာ မဟုတ်သေးဘူး။ ကျနော်တို့ လုပ်ချင်နေတဲ့ အမှန်တရားနဲ့ တရားမျှတမှုတွေရဲ့ အစပဲ။ ဆက်ပြီးတော့ အကြံပြုချက်တွေ ပါမယ်။ အဲဒါတွေကို အကောင် အထည် ဖော်တဲ့ လုပ်ငန်းတွေ ပါမယ်။

မေး။      ။ ဒါတွေကို မေးမြန်းတဲ့ အခါမှာ အဲဒီတုန်းက သက်သေ အထောက်အထားတွေ ရှိတဲ့သူတွေ၊ စာရွက်စာတမ်း၊ ဓာတ်ပုံတွေ လက်ထဲမှာ ရှိတဲ့သူတွေ သက်ရှိ ထင်ရှား ရှိနေဦးမယ် ဆိုတော့၊ အဲဒီလိုလူတွေက ဒါတွေကို ထုတ်ဖော်လိုက် မှာ စိုးလို့ သူတို့ကို အသက်အန္တရာယ်ပေး တာမျိုး၊ နှုတ်ပိတ်တာမျိုး ဖြစ်လာနိုင်မလား။ အဲဒါကို အစ်ကိုတို့က ဘယ်လောက် အထိ ကာကွယ်ပေးနိုင်မလဲ။ ဥပမာ ထောင်ထဲမှာ ရှိနေတဲ့လူမျိုးဆိုရင် သူက အချိန်မရွေး အသက်အန္တရာယ်ရှိ နိုင်တယ် လေ။

ဖြေ။       ။ လောလောဆယ် တွေ့တဲ့ ရဲဘော် တော်တော်များများက သူတို့မှာ ရှိတာတွေကို အကုန် ထုတ်ပေးကြတယ်။ သူတို့မှာ တကိုယ်ရေ သိမ်းထား တာတွေ ရှိတယ်။ ဥပမာ ဗီဒီယိုခွေ ရှိတယ်။ ဓာတ်ပုံ အဟောင်းလေးတွေ ရှိတယ်။ အစီရင် ခံစာကို ထိထိရောက်ရောက် ဖြစ်အောင် အဲဒါတွေကို ထုတ်ပေးဖို့ ရှိကြတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီ အချက်ကိုတော့ ထည့်ပြီး စဉ်းစားခဲ့တာ မရှိခဲ့သေးဘူး။  ဒါပေမယ့် ဆွေးနွေးထားတာ တချက်ကတော့ ကာယကံရှင်တွေ သဘောတူမှ ဒါကို သုံးစွဲသွားမယ် ဆိုတာ သဘောတူထားတာရှိတယ်။

မေး။      ။ အခု အစ်ကိုတို့က နယ်မှာ ရှိတဲ့လူတွေ၊ ရန်ကုန်မှာ ရှိတဲ့ လူတွေနဲ့ လိုက်တွေ့တာတွေ လုပ်နေတယ် ဆိုတော့၊ အကျဉ်းထောင် ထဲမှာရှိတဲ့ သူတွေနဲ့ရော တွေ့သွားဖို့ အစီအစဉ် ရှိသလား။

ဖြေ။       ။ အဲဒါကတော့ အာဏာပိုင်တွေနဲ့ ဆိုင်သွားပြီ။ သူတို့ ခွင့်ပြုတယ် ဆိုရင်တော့ သွားတွေ့မယ်။ ဘယ်လောက်ထိ တွေ့ခွင့်ရမယ် ဆိုတာ ကျနော်တို့ မသိသေးဘူး။ ကြိုးစားနေပြီ။

မေး။      ။ အခုတွေ့ထားတဲ့ လူတွေဆီကကော အချက်အလက်တွေ စုံစုံလင်လင် ရပြီးပြီလား။ နောက်တကြိမ် ထပ်တွေ့ဖို့ လိုသေးလား။

ဖြေ။       ။ တော်တော်လေး တော့ စုံလင်တယ်။ တချို့က အောက်ခြေ ရဲဘော်တွေ။ သူတို့ကို ဘာဖြစ်လို့ ဖမ်းသွားမှန်း တောင် မသိလိုက်ဘူး။ တချို့ဆို ကင်းစောင့်နေရင်းနဲ့ လာဆိုပြီး သေနပ်နဲ့တေ့ပြီး ဖမ်းသွားတာမျိုး။ ဖမ်းသွားပြီးမှ စစ်ကြောရေးမှာ ဝုန်းဒိုင်းဝုန်းဒိုင်းထုပြီး ဝန်ခံခိုင်း၊ ပြီးတော့ အချုပ်ထဲချလိုက် တာမျိုး။ မြောက်ပိုင်းရဲ့ဆက်ဆံရေးက အထက်အောက် ဆက်ဆံရေး ပုံစံမျိုးရှိတယ်။ တောင်ပိုင်းနဲ့ နည်းနည်း ကွာတယ်။ သတင်း စီးဆင်းမှုမှာလည်း မသိတာများ တယ်။ အဲဒီတုန်းက ရဲဘော်ရဲ့ အဲဒီတုန်းက ယူခဲ့တဲ့ တာဝန်နဲ့လည်း ဆိုင်တယ်။ သူတို့ တာဝန်ကြီးရင် ကြီးသလို များများ ပြောနိုင်တယ်။  တာဝန်သေးရင် သေးသလို နည်းနည်းပဲ ပြောနိုင်တာ ရှိတယ်။ သူတို့နဲ့ ဆိုင်တာလောက်ပဲ သူတို့ ပြောနိုင်တယ်။ အခု လောလောဆယ် တွေ့နေတဲ့ ရဲဘော်တွေက အောက်ခြေ ရဲဘော်တွေ များတယ်။ သူတို့ ကျတော့ သိပ်အများကြီး မပြောနိုင်ဘူး။ ဒါပေမယ့် တချို့က အဲဒီမှာ ခေါင်းဆောင် အနေနဲ့ ဖြစ်ပြီး၊ အဖမ်းခံပြီးမှ လာခဲ့တဲ့သူတွေ ဆိုရင်တော့ အသေးစိတ် အများကြီး ပြောနိုင်မယ်လို့ ယုံတယ်။

မေး။      ။ မြန်မာ ငြိမ်းချမ်းရေး စင်တာ (Myanmar Pace Centre – MPC) မှာ အစ်ကိုတို့ တွေ့ဆုံပွဲ လုပ်ထားတာလည်း ရှိတော့..၊ အဲဒါကရော ဒီကော်မရှင်နဲ့ ဆက်စပ် သလား၊ ဘယ်လို ရလာဒ်တွေ ရခဲ့လဲ။

ဖြေ။       ။ အဲဒီ ဆွေးနွေးပွဲက ABSDF နဲ့ အစိုးရကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စကိုပဲ ဆွေးနွေးတာ။ ဒီကိစ္စကို မဆွေးနွေး ဘူး။ ဒါပေမယ့် ဒီကိစ္စ အတွက် သီးသန့် တရားဝင်စာနဲ့ ၃ ပတ်ခွင့်ပြု ခဲ့တယ်။ MPC မှာ လုပ်ခဲ့တဲ့ ၂ရက်မှာ တပ်မတော် ကိုယ်စားလှယ် တွေလည်း ပါတယ်။ MPC ကတာဝန်ရှိသူ တွေလည်း ပါတယ်။ အဲဒီမှာ ဆွေးနွေးတာက ဒါနဲ့ မဆိုင်ပါဘူး။

မေး။      ။ ABSDF က ကျောင်းသားတပ်ဖွဲ့ ဆိုတဲ့ အမည်ကို ပြောင်းဖို့ ရှိသလား။ တချို့က ကထိကတွေ လောက်တောင် ဖြစ်နေပြီ။ ဒါပေမယ့် ကျောင်းသား နာမည်ပဲ ဆက်ယူထားနေဆဲ ဆိုတော့လေ။ ကျောင်းသားဆိုတာကို ဖြုတ်သွားဖို့ရှိလား။ အဖွဲ့နာမည်နဲ့ပတ်သက်ပြီး နည်းနည်း ပြောပြပေးပါဦး။

ဖြေ။       ။ ကျောင်းသားဆိုတာ အဖြူနဲ့ အစိမ်းကျောင်းသား၊ တက္ကသိုလ် ကျောင်းသား ဆိုတာကို ဆိုလိုတာ မဟုတ်ဘူး။ ကျနော်တို့က ကျောင်းသား စိတ်ဓာတ်ကို အရင်းတည် ထားလို့။ မြန်မာ့လွတ်လပ်ရေး သမိုင်းမှာရော၊ ဒီမိုကရေစီ အရေးမှာပါ ထိပ်တန်းက ပါခဲ့တဲ့ ကျောင်းသားတွေရဲ့ စွန့်လွှတ် စွန့်စားမှု၊ ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို သင်္ကေတ အနေနဲ့ ယူပြီးတော့ သုံးတာ။ ကျောင်းသားကြီးတွေ မဟုတ်ဘူး။ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့တဲ့ စွန့်လွှတ် အနစ်နာခံခဲ့၊ တိုက်ပွဲဝင်ခဲ့ တာတွေကို ကိုယ်စားပြုတဲ့ အနေနဲ့ ဒီနာမည်ကို သုံးထားတာ ဖြစ်ပါတယ်။

မေး။      ။ ကော်မရှင်က  အခုလို အချက်အလက် ကောက်နေတာတွေနဲ့ ပတ်သက်ပြီးတော့ ကာယကံရှင်တွေနဲ့ မိသားစုဝင်တွေကို ဘာများထပ်ပြီး ပြောပြချင် တာရှိဦး မလဲ။

ဖြေ။       ။ ဒီကော်မရှင်ရဲ့ ရည်ရွယ်ချက်ထဲမှာ ပါတယ်။ နံပတ် ၁ အချက်က ဒီဖြစ်စဉ် တခုလုံးနဲ့ ပတ်သက်ပြီး သမိုင်းမှန်ကို ဖော်ထုတ်ချင်တယ်။ နောက်ဆုံး အချက်က တာဝန်ခံမှုနဲ့ တာဝန်ယူမှုကို ဖော်ထုတ်ချင်တယ်။ အဲဒီ ၂ ချက်က အရေးကြီးတယ် လို့ ကျနော် ထင်တယ်။ ဘာတွေ ဘယ်လိုဖြစ် တယ်၊ ဘာ့ကြောင့် ဖြစ်တယ် ဆိုတာတွေကို ဘေးမှာ ပြောနေမယ့် အစား တရားဝင် ပြောခွင့် ရှိလာတယ်လို့ လည်းထင်တယ်။ အဲဒီအတွက် မိသားစုတွေကို ပါဝင်ပေးဖို့ ဖိတ်ခေါ်ချင် တယ်။ တာဝန်ယူမှု တာဝန်ခံမှု ရှိလာရင်၊ အဖြစ်မှန်ကို သိရင်ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာ အလိုလျှောက် ပေါ်လာမယ်။ အဲဒီ အတွက် ကာယကံရှင် မိသားစုတွေ ပါမှ လုပ်လို့ ရတယ်။ အဲ ၂ ချက်ကို အလေးအနက် စဉ်းစားပေး စေချင်တယ် လို့ သက်ဆိုင်ရာ ကာယကံရှင်မိသားစုတွေကို ပြောချင်ပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading