ဂျပန်အပြည်ပြည်ဆိုင်ရာ လေ့ကျင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(JITCO) နှင့် မြန်မာအစိုးရတို့ အကြား ဂျပန်နိုင်ငံသို့ မြန်မာ အလုပ်သမားများ တရားဝင်စေလွှတ်ရေး သဘောတူစာချုပ်တရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ရာ ဂျပန်တွင် မြန်မာ အလုပ်သမားများ တရားဝင် သွားရောက်အလုပ် လုပ်ကိုင်ခွင့် ရရှိနိိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဂျပန် အပြည်ပြည်ဆိုင်ရာ လေ့ကျင့်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Japan International Training Cooperation Organization) နှင့် မြန်မာအစိုးရတို့ ပူပေါင်း၍ အလုပ်သမား တရားဝင်စေလွှတ်ရေး ညှိနှိုင်း သဘောတူ စာချုပ်ကို မေလ ၂၀ ရက်နေ့တွင် လက်မှတ် ရေးထိုးလိုက်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင် သွားရောက် အလုပ်လုပ်ခွင့် ရရှိတော့ မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံနှင့် ကုမ္ပဏီများ ကလည်း မြန်မာ အလုပ်သမားများကို တရားဝင် ခေါ်ယူမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ရွှေ့ပြောင်း အလုပ်သမား ရေးရာဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်နွေဦးက ပြောသည်။
“ဂျပန်ကို အလုပ်သမား စေလွှတ်ဖို့ သဘောတူ လက်မှတ် ထိုးပြီးပြီ ဆိုတော့ ဂျပန်မှာ အလုပ်သွားလုပ်ခွင့်ရမယ့်သူ အရေအတွက် ပိုများလာမယ်။ ကျမတို့ ဘက်ကလည်း ဂျပန်လိုနိုင်ငံမျိုးကို ပိုလွှတ်ချင်ပါတယ်။ ဘယ်တော့ဖြစ်မလဲ၊ ဘယ်လောက်များများ လွှတ်မှာလဲ ဆိုတာတော့ ဂျပန်နိုင်ငံဘက်က အလုပ်သမားခေါ်တဲ့ အပေါ် မူတည်ပါတယ်” ဟု ဒေါ်ခင်နွေဦးက ဆိုသည်။
မြန်မာအစိုးရက ဂျပန်နိုင်ငံသို့ မြန်မာအလုပ်သမားများ တရားဝင် သွားရောက် အလုပ်လုပ်ခွင့် ပြုထားသော်လည်း ဂျပန်ပြည်ဝင်ခွင့် ဗီဇာရရှိရန် အလွန်ခက်ခဲမှုကြောင့် ဂျပန်တွင် တရားဝင် အလုပ်လုပ်ခွင့်ရရှိသော မြန်မာအရေအတွက် အလွန်နည်းကြောင်း၊ ယခင်က ဂျပန်နိုင်ငံသို့ သင်တန်းသား လုပ်သားစေလွှတ်မှု ရှိခဲ့သော်လည်း လုပ်ခလစာနည်းပါးခြင်း၊ အပြည့်အ၀ မရရှိခြင်းနှင့် အလုပ်ရှင်က အလုပ်သမားများအတွက် တာဝန်ယူမှု နည်းပါးခြင်းများ ရှိကြောင်း သိရှိရသည်။
“အစိုးရက မြန်မာအလုပ်သမားတွေကို ဂျပန်မှာ တရားဝင် အလုပ်လုပ်ခွင့်ပေးတယ်။ ဒါပေမယ့် ဂျပန် ဗီဇာ မရလို့ မထွက်ရ တဲ့သူများတယ်” ဟု ဒေါ်ခင်နွေဦးက ဆက်ပြောသည်။
အလုပ်သမား စေလွှတ်ရေး သဘောတူညီ စာချုပ်အရ မြန်မာအလုပ်သမားများ ဂျပန်ပြည်ဝင်ခွင့် ဗီဇာရရှိရေး၊ ဂျပန် အလုပ်ရှင်က အလုပ်သမားရေးရာ ကိစ္စများ တာဝန်ယူရေးနှင့် အလုပ်ရှင်နှင့် အလုပ်သမားအကြား ဖြစ်ပွားသော ပြဿနာများကို ဖြေရှင်းပေးရေးတို့ကို တရားဝင်ညှိနှိုင်း ဆောင်ရွက်မှုဖြင့် လုပ်ကိုင်ပေးနိုင် တော့မည်ဟု သိရှိရသည်။
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခွင့် ရရှိမည့် မြန်မာ အလုပ်သမားများအတွက် ဝန်ဆောင်ခကို သတ်မှတ်ရခြင်း မရှိသော်လည်း ဂျပန်တွင် အလုပ်လုပ်ခွင့်ရမည့် မြန်မာ အလုပ်သမားများ အနေဖြင့် တလလျှင် အခြေခံလစာ အနည်းဆုံး ကျပ်ငွေ ၁၀ သိန်း ကျော် ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံတွင် ၁၅ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိခဲ့သော မမြတ်စိုးက ဂျပန်သို့ မြန်မာအလုပ်သမားများ တရားဝင် သွားရောက် အလုပ်လုပ်ခွင့်ရမည့် အစီအစဉ်ကို ကြိုဆိုလိုက်ပြီး လတ်တလော ဂျပန်တွင် အလုပ်လုပ် နေကြသော မြန်မာအလုပ်သမား အများစုမှာ တရားမဝင် နေထိုင်အလုပ်လုပ် နေကြခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
“ကျမတို့ တုန်းက ဂျပန်ပြည်ထဲဝင်ဖို့ တရားမဝင် နည်းလမ်းတွေ သုံးကြရတယ်။ ဂျပန်ထဲရောက်ရင် တရားမဝင်နေပြီး အလုပ်လုပ်ရတာ။ တရားဝင် သွားခွင့်ရတော့မယ် ဆိုရင်တော့ ကောင်းတာပေါ့။ အရင်တုန်းက တရားမဝင် သွားအလုပ်လုပ်ဖို့ ကို ကျပ် သိန်း ၁၀၀ နဲ့ ၂၀၀ အကြား ပို့ပေးတဲ့သူတွေကို ဝန်ဆောင်ခ ပေးရတယ်။ ဒီက အလုပ်သွားလုပ်ချင်တဲ့ မြန်မာတွေကို ပြောချင်တာက ဂျပန်မှာ ကိုယ့်မိခင်နိုင်ငံမှာထက် အဆပေါင်းများစွာ အလုပ်လုပ်ရတယ်။ အရမ်းပင်ပန်းတယ်။ အဲဒီဒဏ်ကို မခံနိုင်ဘဲနဲ့တော့ ဂျပန်မသွားသင့်ဘူး” ဟု မမြတ်စိုးက ဆိုသည်။
ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ရာတွင် ဂျပန်ဘာသာစကား တတ်ကျွမ်းရန် အထူးလိုအပ်ပြီး အဓိကအားဖြင့် စက်ရုံ၊ အလုပ်ရုံများနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် အထွေထွေ အလုပ်သမားများအဖြစ် အလုပ်လုပ်ရကြောင်း ဂျပန်ပြန် မြန်မာများထံမှ သိရှိရသည်။