ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခများ၏ နောက်ကွယ်တွင် ကြိုးကိုင်သူ ရှိကြောင်း သမ္မတရုံးဝန်ကြီးဦးအောင်မင်းက ပြောဆိုလိုက်သည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မေလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သော ကေအိုင်အေနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအစ ဖွင့်ပွဲမိန့်ခွန်းတွင် ဦးအောင်မင်းက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
လားရှိုးပဋိပက္ခကို စတင်စေခဲ့သည့် အမျိုးသမီးကို မီးရှို့ခဲ့သူသည် မန္တလေး၊ ကျိုင်းတုံနှင့် တောင်ကြီးမြို့များတွင်လည်း ဆူပူမှုဖြစ်စေရန် ဖန်တီးခဲ့သော်လည်း ယင်းဒေသများတွင် ဆူပူမှုမဖြစ်ခဲ့ကြောင်း၊ လားရှိုးတွင် အမျိုးသမီးတဦးကို ဓာတ်ဆီ လောင်းမီးရှို့သောအခါတွင်မှ ပဋိပက္ခများ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဦးအောင်မင်းက ဆိုသည်။
“မွတ်စလင် ရှမ်းတစ်ယောက်က ကျိုင်းတုံမှာ ဆူပူမှုဖြစ်အောင် ဖန်တီးပါတယ်။ မဖြစ်ခဲ့ဘူး။ သူက မန္တလေး၊ တောင်ကြီးမှာ လည်း ဆူပူမှု ဖန်တီးတယ်။ မရခဲ့ပါဘူး။ လားရှိုးမှာ ဓာတ်ဆီပုလင်းနဲ့ လိုက်လောင်း မီးရှို့ပြီး ဒီလိုကိစ္စတွေ ထပ်ဖြစ်တာ ဖြစ်ပါတယ်။ သူ့ကိုလည်း ဖမ်းမိထားတယ်။ ဘယ်သူခိုင်းတယ်။ ဘာရည်ရွယ်ချက်ရှိလဲ ဆိုတာ စစ်ကြော ဖော်ထုတ်နေပါတယ်”ဟု ဦးအောင်မင်း ကပြောသည်။
ရခိုင် ပဋိပက္ခ၊ မိတ္ထီလာပဋိပက္ခအပါအဝင် နိုင်ငံတွင်း ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများဖြစ်ပွားတိုင်း “နောက်ကွယ်တွင် ကြိုးကိုင်သူများရှိသည်”ဟု မကြာခဏဆိုသလို သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအရာရှိများက ပြောဆိုလေ့ရှိသော်လည်း မည်သူများက မည်သို့ကြိုးကိုင်ကြောင်း အခြေအမြစ်ရှိရှိ လက်ဆုပ်လက်ကိုင် ဖမ်းဆီးအရေးယူ ထုတ်ဖော်ပြသနိုင်ခြင်း ယနေ့အချိန်ထိ မရှိပေ။
မေ ၂၈ ရက်နေ့ လားရှိုးမြို့တွင် ကျိုင်းတုံမြို့နယ်မှ ရောက်ရှိလာသော အသက် ၄၀ အရွယ် ကိုနေဝင်းဆိုသူက အသက် ၂၄ နှစ်အရွယ် မအေးအေးဝင်း ဓာတ်ဆီနှင့်ပက်ပြီး မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့မှုကြောင့် ဗလီ၊ နေအိမ်များ မီးရှို့ခြင်း၊ ဘာသာခြား အုပ်စုနှစ်ခုအကြား တိုက်ခိုက်မှုများဖြစ်ပွားပြီး ပဋိပက္ခစတင်ခဲ့ကြောင်း၊ ပဋိပက္ခကြောင့် ယနေ့အချိန်အထိ လူတဦး သေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိထားကြောင်း၊ လားရှိုးမြို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း အစိုးရ၏ တရားဝင်သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
ရဲတပ်ဖွဲ့ ထောက်လှမ်းရေးနှင့် လုံခြုံရေးဌာန ဒုတိယ ရဲမှူးကြီး မင်းအောင်၏ ဘီဘီစီကို ပြောကြားချက်အရ ကိုနေဝင်းသည် မူးယစ်ဆေးဝါးသုံးစွဲပုံပေါ်ပြီး စိတ္တဇ ဆေးရုံကိုလည်း တက်ရောက်ခဲ့ဖူးကြောင်း သိရသည်။
သမ္မတရုံးဝန်ကြီးဦးအောင်မင်းကမူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ငြိမ်းချမ်းရေးပွဲဆောင်ရွက်နေစဉ် ပဋိပက္ခများပေါ်ပေါက်နေရခြင်းသည် ငြိမ်းချမ်းရေး နှောင့်နှေးစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားများအနေဖြင့် သတိရှိရှိဝိုင်းဝန်း လက်တွဲသွားစေချင်ကြောင်း ပြောဆိုသည်။
“သမ္မတကြီး က လာမယ့် ဇူလိုင်မှာ တိုင်းရင်းသား ပေါင်းစုံပါဝင်နိုင်မယ့် အလုံးစုံ အပစ်ခတ် ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ သမ္မတကြီး အပါအဝင် လက်မှတ်ထိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒီအတွက် နေ့တိုင်းဖုန်းနဲ့လှမ်းမေးပြီး ဒီကအခြေအနေကို မေးပြီး သူအနေနဲ့ လုပ်ဆောင် ပေးနိုင်သမျှ ကိုယ်စား လုပ်ပေးဖို့ ညွှန်ကြားနေပါတယ်”ဟု ဦးအောင်မင်းက ပြောသည်။
ဧရာဝတီသတင်းဌာနက လားရှိုးပဋိပက္ခသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပျက်ပြားနှောင့်နှေးစေရန် ဟူသော ပြောဆိုချက်နှင့်ပတ်သက်ပြီး ဝန်ကြီးဦးအောင်မင်းကို အသေးစိတ် ရှင်းလင်းပြောဆိုရန် ထပ်မံမေးမြန်းရာ ဦးအောင်မင်းက အဖြေပေးရန် စောသေးကြောင်း၊ မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဖြစ်စေ နိုင်ငံတည်ငြိမ်ရေး အတွက် အဖျက်လုပ်ငန်းများကို တတ်စွမ်းသော နည်းလမ်းများ နှင့် ကာကွယ်သွားမည်ဟု ပြန်လည်ဖြေကြားသည်။
သမ္မတပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က မေ ၂၈ ရက်နေနှင့် ၂၉ ရက်နေ့ လားရှိုးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ဆူပူဖျက်ဆီးမှုများအတွင်း ဦးဆောင်ပါဝင်သူ ယူဆရသူ ၂၅ ဦးကို လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း၊ ဖမ်းဆီးခံထားရသူ အားလုံးသည် လားရှိုးမြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပြီး အခြားဒေသများမှ လားရှိုးမြို့သို့ လာရောက်ပြီး ဆူပူအကြမ်းဖက်မှုများ မပြုလုပ်နိုင်စေရန် အတွက် ယမန်နေ့မှ စတင်ပြီး မြို့ဝင်ဂိတ်များတွင် လုံခြုံရေးတင်းကျပ်စွာချ ရှာဖွေစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သူ၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။