ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းမြို့တွင် မြန်မာနှင့် မွတ်စလင် သမီးယောက်ဖနှစ်ဦး အရက်သောက်ပြီး ခိုက်ရန်ဖြစ်ပွားရာမှ အဓိကရုဏ်း အဆင့်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေ ၂၉ ရက်နေ့ ညနေက အဓိကရုဏ်းကြောင့် မုန်းမြို့ ၁ ရပ်ကွက်မှ ဗလီတလုံးနှင့် စာသင်ကျောင်း တကျောင်း ပျက်စီးသွားခဲ့ကြောင်းနှင့် ည ၇ နာရီခန့်တွင် အခြေအနေ ထိန်းသိမ်းလိုက်နိုင်ကြောင်း ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တဦးက ဆိုသည်။
“ဒီနေ့မနက် မုန်းမြို့ကို ဒုတိုင်းမှူး၊ ခရိုင်မှူးနဲ့ မြို့နယ်မှူးတို့ သွားကြတယ်၊ ဘုန်းကြီးတွေက တရားခံကို ပြင်းပြင်းထန်ထန် အရေး ယူပေးဖို့ တောင်းဆိုကြတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်မှာ မွတ်ဆလင် အမျိုးသားက ၎င်းနှင့် သမီးယောက်ဖ တော်စပ်သူ မြန်မာအမျိုးသားအား ရိုက်နှက်လိုက်ကြောင်း၊ ရိုက်သူကို မုန်းမြို့ ရဲစခန်းမှ လာရောက် ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရန်ပွဲ အနီးတွင်ရှိနေသော လိန်ပင် ကျောင်းဆရာတော်က ဘုန်းတော်ကြီးများနှင့် လူများကို စုရုံးခေါ်ဆောင်လာပြီး ယင်းတရားခံအား ထုတ်ပေးရန် ရဲစခန်းသို့သွားရောက် တောင်းဆို ခဲ့ကြောင်း၊ မထုတ်ပေးခြင်းကြောင့် ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ညကပင် အခြေအနေမှာ ငြိမ်သက်သွားခဲ့ပြီး ဖြစ်သော်လည်း ရဲများအနေဖြင့် မြို့လုံခြုံရေး ချထားမှုမှာ အလွန် အားနည်းနေကြောင်း ကျောက်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်မင်းလွင်က ပြောသည်။
“တောင်ငူခရိုင် မြို့နယ် ၆ ခုက NLD တွေ ပေါင်းပြီးတော့ ကြေညာချက် ထုတ်မှာပါ။ ဟိုတခါက ဒီလိုမျိုး ဖြစ်ဖူးလို့ ကြပ်မတ် ထားတဲ့ ကြားထဲက ဒီကိစ္စ ဖြစ်သွားတယ်။ ဒါတွေကို ဖြေရှင်းဖို့ ခရိုင်အစည်းအဝေး ဒီနေ့ လုပ်ထားပါတယ်” ဟု ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ထွန်းက ဧရာဝတီသို့ ပြောသည်။
ဧပြီလအတွင်းက ကျောက်ကြီးမြို့ရှိ ကွမ်းယာဆိုင်များနှင့် ဓာတ်တိုင်များတွင် ကပ်ထားသော ၉၆၉ စတစ်ကာများအား မွတ်စလင် တဦးက ခွာလိုက်ခြင်းနှင့် ပတ်သက်ပြီး ဆူပူမှု ဖြစ်ပွားခဲ့ရာ ရဲစခန်းမှနေ၍ ယင်း မွတ်စလင်းအား ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းကြောင့် ပြေလည်မှု ရရှိခဲ့သည်။
မုန်းမြို့ ပဋိပက္ခအား စတင်ခဲ့သော မြန်မာနှင့် မွတ်ဆလင် အမျိုးသား နှစ်ဦးစလုံးအား အော်ဟစ်ဆဲဆိုမှု၊ ရိုက်နှက်မှု စသည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၄/ ၃၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ယနေ့ညနေတွင် ပဲခူးတိုင်း ရဲမင်းကြီးက ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များမှ သာသနာပိုင်များကို ခေါ်ယူ တွေ့ဆုံ အသိပေးမှုများ ပြုလုပ်နေကြောင်း၊ ဝေါမြို့တွင် နေထိုင်သူတဦးက ဧရာဝတီသို့ ပြောသည်။