သတင်း

အခွန်ဆောင်ရန် ခက်ခဲသဖြင့် တရုတ်ကုန်စည် တရားမဝင် တင်သွင်းမှု များပြား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

တရုတ်ပြည်မှ တရားမဝင် တင်သွင်းသည့် ကုန်ပစ္စည်းများ ရှိနေရခြင်းမှာ လိုင်စင်အခွန်ဆောင်ရေး ကြန့်ကြာ ခက်ခဲနေကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် လိုင်စင်ပိုင်း၊ ကုန်ပစ္စည်းပိုင်းများနှင့် ပတ်သက်ပြီး ဖြေလျှော့ပေးထားသော်လည်း လိုင်စင်ရရန် အချိန်ကြန့်ကြာမှုရှိကာ ဈေးကွက် နောက်ကျမည်ကို စိုးရိမ်သဖြင့် လိုင်စင်အခွန် မဆောင်ကြခြင်း ဖြစ်ကြောင်း မူဆယ်မြို့တွင် နေထိုင်သည့် ကုန်သည် ဒေါ်စိုးစိုးက ဧရာဝတီသို့ ပြောသည်။

“အခုက ဘာပဲဖြစ်ဖြစ် အပြိုင်အဆိုင် လုပ်နေရတာ။ ကိုယ့်ပစ္စည်းက ဈေးကွက်ကို နောက်ကျ ရောက်သွားရင် တခြားသူ
ဦးသွားမယ်၊ ဈေးကွက် ပေါက်သွားမယ်။ လိုင်စင်လုပ်ဖို့ကလည်း လူတွေများ၊ ရုံးအလုပ် လုပ်ရတာလည်း ခက်တော့ သွားမလုပ် ဖြစ်တာပါ” ဟု ဒေါ်စိုးစိုးက ဆိုသည်။

လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများသည် ဈေးကွက်အတွင်း အမြန် ရောက်နိုင်မှသာလျှင် တနိုင်တပိုင် လုပ်ကိုင် နေသူများအတွက် အဆင်ပြေနိုင်ကြောင်း၊ Mobile Team များက ဖမ်းဆီးမည်ကို ကြောက်သဖြင့် တောလမ်းမှ ရှောင်ကွင်း သွားနေရကြောင်း သူက ပြောသည်။

“အခွန်ဆောင်နေရင်လည်း ဘာမှ ထူးလာတာ မဟုတ်ဘူးလေ။ အလုပ်ပိုသွားတာပဲ ရှိတယ်။ ဒီလို ကယ်ရီနဲ့ လုပ်စား လာတာလည်း ကြာပါပြီ။ အခွန်ဆောင်ရခက်လို့ အခွန်ရှောင်ပြီး မှောင်ခို သွင်းတာပါ” ဟု တရုတ်ပြည် ထုတ်ပစ္စည်းများကို တင်သွင်းနေသည့် ကုန်သည် အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။

ဈေးကွက်ကို အပြိုင်အဆိုင် လုနေရသဖြင့် တရားဝင် လိုင်စင်အခွန် ဆောင်သည့် ကိစ္စကို အများ အဆင်ပြေစေရန်၊ မခက်ခဲစေရန် လျှင်မြန်စွာ အမြန်ဆုံး ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခုအခါ ကုန်သည်များအတွက် လိုင်စင် လုပ်ပေး နေသော်လည်း ကယ်ရီကိုသာ အားကိုးနေရသေးကြောင်း ၎င်းက ဆိုသည်။

“ကျနော်တို့ Mobile Team အဖွဲ့ကတော့ အခွန်မဆောင်၊ လိုင်စင်မရှိတဲ့ ပစ္စည်းမှန်သမျှ ဖမ်းဆီးပါတယ်။ အများဆုံး ဖမ်းမိတဲ့ ပစ္စည်းကတော့ စားသောက်ကုန်တွေ၊ ကားအပိုပစ္စည်းတွေ များပါတယ်။ အခွန်ဆောင်ဖို့ ကိစ္စမှာလည်း အကောက်ခွန်က တရက်တည်း အပြီး လုပ်ပေးနေပါတယ်။ ဒါပေမယ့် လူများတော့ ကြားကောင်းကြာနိုင်ပါတယ်” ဟု နယ်စပ် ကုန်သွယ်ရေးဇုန် ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ဧရာဝတီသို့ ပြောသည်။

အခွန်ဆောင်သည့်အခါ ရုံးကိစ္စ အလုပ်လုပ်နေရသဖြင့် ကြန့်ကြာသောကြောင့် ကုန်သည်အများစုက မလုပ်ချင်ကြကြောင်း၊ အခွန်မဆောင်သည့် ကုန်များသည် ဈေးကွက်သို့ အမြန် ရောက်ကာ အကျိုးအမြတ် များများရသောကြောင့် ကုန်သည် အများစုမှာ အခွန်မဆောင်ကြခြင်း ဖြစ်ကြောင်း သိရသည်။

Mobile Team အဖွဲ့အနေဖြင့် ဖမ်းထားသည့် ပစ္စည်းများကို လုပ်ထုံးလုပ်နည်းအရ အကောက်ခွန်ဌာနသို့ လွှဲပြောင်းပြီး လေလံတင် ရောင်းချကာ နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းမည် ဖြစ်ကြောင်း ဦးဝင်းလွင်က ပြောသည်။

“နိုင်ငံတော်အစိုးရက စားသောက်ကုန်ဆိုရင် အရက်၊ ဘီယာ၊ စီးကရက်က လွဲပြီး ကျန်တာ လျော့ပေး ထားပါတယ်။ စားသောက်ကုန် ဆိုရင်လည်း ကျန်းမာရေးဌာနက သတ်မှတ်ချက်နဲ့ ညီညွတ်လား၊ မညီညွတ်လားဆိုတာ ကျနော်တို့ စစ်ပါတယ်။ အခွန်ဆောင်ဖို့ လိုင်စင်တွေ လုပ်ဖို့လည်း ပညာပေး ကဏ္ဍတွေ လုပ်ပေးနေပါတယ်။ ရုံးကိစ္စ ဖြည့်စွက်ရတာတွေ ခက်ခဲ နေတယ်ဆိုတာ ကျနော်တို့ သိပါတယ်” ဟု သူက ဆိုသည်။

နယ်စပ်ဒေသသို့ ပြေးဆွဲနေသည့် လိုင်းကားများသည် ကုန်သည်များ အခွန်မဆောင်သည့် ပစ္စည်းများကို သယ်ယူ မပေးတော့ကြောင်း၊ ထိုပစ္စည်းများ သိမ်းဆည်းခံရပါက ကားသမားများ မလျော်ပေးနိုင်ခြင်းကြောင့် ဖြစ်ကြောင်း ကားသမား အသိုင်းအဝန်းက ဆိုသည်။

နိုင်ငံတော်က လိုင်စင်အပိုင်း၊ ကုန်ပစ္စည်းအပိုင်း များနှင့် ပတ်သက်၍ ဖြေလျှော့ပေးမှုများ ရှိသော်လည်း ကုမ္ပဏီ လုပ်ငန်းရှင် တချို့သည် အခွန်ရှောင်ရန် တရားမဝင် လမ်းကြောင်း အမျိုးမျိုးမှ ကွင်းရှောင် သယ်ပို့နေကြောင်း၊ သွင်းကုန်များတွင် စက်သုံးဆီ အများဆုံး ဖြစ်ပြီး အရက်၊ ဘီယာနှင့် ဆေးလိပ်များ ပါဝင်ကြောင်း၊ ယင်း ကုန်ပစ္စည်းများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ ကူးသန်း) က တရားဝင် ခွင့်ပြုသွားရန် ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading