ညောင်ဦးလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် တိုးချဲ့လိုသော်လည်း စေတီပုထိုးများ ပြိုနိုင်သည့် အန္တရာယ်ကြောင့် ပြည်တွင်းလေဆိပ် အဖြစ်သာ ဆက်လက် အသုံးပြုသွားမည်ဖြစ်ပြီး ပခုက္ကူလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အသုံးပြုနိုင်ကြောင်း သိရသည်။
ညောင်ဦးလေဆိပ်သည် ပုဂံရှေးဟောင်း စေတီများ အနီးတွင်ရှိသဖြင့် ၎င်းကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အသုံးပြုလျှင် နိုင်ငံတကာမှ လေယာဉ်ကြီးများ၏ တုန်ခါမှုကြောင့် စေတီများ ပြိုနိုင်ကြောင်း၊ ထို့ကြောင့် စေတီများ ပြိုသည့် အန္တရာယ်မှ ကင်းပြီး ပုဂံ၊ ညောင်ဦးနှင့်လည်း နီးသည့် ပခုက္ကူ လေဆိပ်ကိုသာ အသုံးပြုနိုင်ချေရှိကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနရှိ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူ တဦးဖြစ်သည့် ဗိုလ်မှူးကြီး ဝင်းဆွေထွန်းက ပြောသည်။
“သူများတွေ ပြောသလို စီမံကိန်းကို ဖျက်လိုက်တာ မဟုတ်ဘူး။ လုပ်ကို မလုပ်ရသေးတာ။ ညောင်ဦးလေဆိပ်က ဘုရားတွေကြားမှာဆိုတော့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးတွေကြောင့် ချဲ့ဖို့ မဖြစ်နိုင်တော့တာ။ ဒါပေမယ့် Tourism Area ဖြစ်နေတဲ့ အတွက် ခရီးသည် ဝန်ဆောင်မှုက ထပ်များလာဖို့ရှိတယ်။ ဒါကြောင့် ဖြစ်နိုင်ချေ အများဆုံးဖြစ်တဲ့ ပခုက္ကူလေဆိပ်ကို ရွေးလိုက်တာ” ဟု ၎င်းက ရှင်းပြသည်။
ညောင်ဦးလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် မပြုလုပ်တော့ဘဲ ပြည်တွင်း လေဆိပ်အဖြစ် ဆက်လက် အသုံးပြုသွားမည် ဖြစ်ကာ လေယာဉ်များ ကောင်းမွန်စွာ ဆင်းနိုင်ပြီး ပိုမိုအဆင်ပြေစေရန် လေယာဉ် ရပ်နားမည့် မြေဧရိယာ ချဲ့ခြင်း၊ လေယာဉ်ပြေးလမ်း ပြုပြင်ခြင်းနှင့် လိုအပ်သော အထောက်အကူ ပစ္စည်းများသာ ဖြည့်ဆည်း သွားမည်ဖြစ်ကြောင်း၊ မြေများ ထပ်တိုးတောင်းပြီး စီမံကိန်း လုပ်နေသည်ဆိုသည့်သတင်းမှာ မှားယွင်းနေကြောင်း ၎င်းက ဆက်လက်ဆိုသည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် တိုးချဲ့နိုင်သည့် ပခုက္ကူ လေဆိပ်တွင် လေယာဉ်ပြေးလမ်းများအတွက် ကျယ်ဝန်းသည့် မြေဧရိယာ ရှိသည့်အပြင် ပုဂံ၊ ညောင်ဦး လမ်းများနှင့်လည်း ဆက်သွယ်ထားသောကြောင့် ၎င်းကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် လျာထားခြင်းဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
“အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ဖို့ လျာထားတာပဲ ရှိသေးတယ်။ စီမံကိန်းကို ဘယ်တော့ လုပ်မယ်၊ ဘယ်တော့ အပြီးလုပ်မယ်လို့ မသတ်မှတ်ရသေးဘူး။ လုပ်မယ်ဆိုရင် လုပ်လို့ရတယ်လို့ပဲ လျာထားတာ” ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဧရာဝတီသို့ ပြောသည်။
ပခုက္ကူလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် ပြောင်းလဲရန် လေယာဉ်ပြေးလမ်း အဆင်သင့် ဖြစ်နေသော်လည်း လေဆိပ် အဆောက်အအုံများကို တိုးချဲ့ဆောက်လုပ်ရန် အရင်းအနှီးများစွာ ကုန်ကျမည် ဖြစ်သဖြင့် ငွေကြေး အခက်အခဲများ ရှိနေခြင်းကြောင့် ထိုစီမံကိန်းကို မပြုလုပ်ခြင်း ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနနှင့် နီးစပ်သူများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်သည်များကို ဦးဝင်းဆွေထွန်းအား မေးကြည့်ရာ ၎င်းက ထို့သို့ မဟုတ်ကြောင်း၊ ထိုစီမံကိန်း ပြုလုပ်မည်ဆိုပါက တခြား စီမံကိန်းများကဲ့သို့ တင်ဒါခေါ်ယူ၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။
ညောင်ဦးလေဆိပ်တွင် လေယာဉ်များ ဆင်းသက်သဖြင့် ၎င်းတို့၏ တုန်ခါမှုကြောင့် ပုဂံရှိ စေတီပုထိုးများ ပြိုခဲ့ခြင်း မရှိဘူးသော်လည်း အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြုလုပ်သွားမည်ဆိုပါက နိုင်ငံတကာမှ လေယာဉ်ကြီးများ၏ တုန်ခါမှုကြောင့် ပုဂံရှိ စေတီများမှာ စိုးရိမ်ရမည့် အခြေအနေတွင် ရှိကြောင်း ရှေးဟောင်း သုတေသနပညာရှင်များကလည်း ပြောသည်။
“အရင်က အဲဒီလိုတွေမရှိခဲ့ဘူး ဆိုတာက ဒီက လေယာဉ်တွေက နိုင်ငံတကာက ဟာတွေထက် သေးတယ် ပြင်းအား နည်းတယ်လေ။ တကယ်လို့သာ အပြည်ပြည်ဆိုင်ရာ လေဆိပ် လုပ်လိုက်ပြီဆိုရင် ချက်ချင်းကြီး မဖြစ်နိုင်ပေမယ့် နှစ်ပေါင်း ၃ ရာကျော် ခံမယ့် ဘုရားစေတီတွေက နှစ်ပေါင်း ၁၅၀၊ ၂၀၀ လောက်ပဲ ခံနိုင်ရည်ရှိတာတွေ ဖြစ်လာတော့မှာ” ဟု ရှေးဟောင်း သုတေသန ပညာရှင် ဦးဝင်းမောင်က ပြောသည်။
နိုင်ငံဖွံ့ဖြိုးစေရန် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် နိုင်ငံတကာမှ လေယာဉ်ကြီးများ ဆင်းနိုင်မည့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ ရှိသင့်သော်လည်း ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရမည့် နေရာတွင်မူ အပြည်ပြည်ဆိုင်ရာလေဆိပ် ပြုလုပ်ခြင်းကို မိမိတို့အနေဖြင့် မည်သို့မျှ သဘောမတူနိုင်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးတွင် ရှိနေမည့် ရှေးဟောင်းအမွေအနှစ်များ၏ ဖြစ်လာနိုင်မည့် အကျိုးဆက်ကို ထည့်သွင်း စဉ်းစားစေချင်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များက ဆိုသည်။
ပို့ဆောင်ရေး ဝန်ကြီးဌာနရှိ လေကြောင်းပို့ဆောင်ရေးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၁၂ ခုနှစ်အတွင်း ပုဂံ၊ ညောင်ဦး လေဆိပ်သည် ပြည်တွင်း လေဆိပ်များအနက် ခရီးသည် ဝင်ရောက်မှုတွင် ဒုတိယအများဆုံး ဖြစ်ကြောင်း သိရသည်။