သတင်းတို

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှု ၄ ဆ အထိ မြင့်တက်နိုင်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ပြုပြင်ပြောင်းလဲရေး၊ နည်းပညာ အသုံးချနိုင်မှုနှင့် စိုက်ပျိုးရေး ကဏ္ဍ အဆင့်မြှင့်နိုင်မှုအပေါ် မူတည်၍ ၂၀၃၀ ၌ လက်ရှိထက် ၄ ဆ၊ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀၀ အထိ ရှိလာနိုင်သည် သိရသည်။ ယခင်စစ် အစိုးရလက်ထက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အကျင့်ပျက်ခြားစားမှုနှင့် စီမံခန့်ခွဲမှု အလွဲများကြောင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျနေခဲ့သော်လည်း ယခုအခါ အလုပ်အကိုင် အခွင့်အလမ်း ၁၀ သန်းခန့် ဖန်တီးပေးနိုင်ပြီး လူဦးရေ ၁၈ သန်းခန့်ကို ဆင်းရဲတွင်းမှ ဆွဲတင်နိုင်မည်ဟု McKinsey Global Institute ၏ စစ်တမ်းတရပ်တွင် သုံးသပ်ထားကြောင်း AFP သတင်းက ဖော်ပြသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှုသည် ၁၉၉၀ မှ ၂၀၁၀ အတွင်း နှစ်စဉ် ပျမ်းမျှအားဖြင့် ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာနေကြောင်း၊ အိမ်နီးချင်း နိုင်ငံများကို လိုက်မမီနိုင်သေးကြောင်း၊ သို့ရာတွင် အကြမ်းအားဖြင့် ၂၀၃၀ ခုနှစ်တွင် လက်ရှိမှ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

Loading