သမ္မတ ဦးသိန်းစိန်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌနှင့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း၏ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွေ့ဆုံဆွေးနွေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးနိုင်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက အလွတ်သဘော ပြောဆိုသည်ဟု သိရသည်။
မေလ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တွင် SSA တောင်ပိုင်းမှ ကိုယ်စားလှယ်တချို့က အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များကို သွားရောက်တွေ့ဆုံ ဆွေးနွေးရာတွင် ဦးအောင်မင်းက ထို့ကဲ့သို့ ပြောကြားခြင်း ဖြစ်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
“MPC မှာ ကျနော်တို့ ဦးအောင်မင်းနဲ့ သွားတွေ့တုန်းကတော့ သမ္မတနဲ့ တွေ့ဖို့ စီစဉ်ပေးမယ်၊ အလည်အပတ်လာခဲ့ပါ၊ နှုတ်နဲ့ ဖိတ်တာ၊ တရားဝင် ဖိတ်တာ မဟုတ်သေးဘူး” ဟု ၎င်းက ဆိုသည်။
SSA တောင်ပိုင်း အနေနှင့် နှစ်ဖက် ခေါင်းဆောင်များ တွေ့ဆုံနိုင်ရေးအတွက် နှုတ်ဖြင့် ဖိတ်ခေါ်ခြင်းထက် စာနှင့် တရားဝင် ဖိတ်ကြားခြင်းကို လိုလားကြောင်း သိရသည်။
“နိုင်ငံတော် သမ္မတကြီးနဲ့ အစိုးရ အကြီးအကဲများနဲ့ တွေ့ဆုံခွင့် ရရင်တော့ သွားဖို့ ဆန္ဒရှိတယ်။ ဘာလို့လဲ ဆိုတော့ ငြိမ်းချမ်းရေး တည်ဆောက်တာ နိုင်ငံတော် အကြီးအကဲတွေနဲ့ ပူးပေါင်ပြီးတော့ လုပ်ရမယ့် ကိစ္စပဲ။ အဲဒီတော့ သူတို့နဲ့ တွေ့ပြီးတော့ ယုံကြည်မှုတွေ တည်ဆောက်နိုင်မယ်၊ အပြန်အလှန် လေးစားမှုတွေလည်း တည်ဆောက်နိုင်မယ်၊ ကျနော်တို့ ဖော်ဆောင်လို့တဲ့ ငြိမ်းချမ်းရေးကို အထောက်အကူ ပြုပါလိမ့်မယ်လို့ ယုံကြည်တဲ့ အတွက်ကြောင့် တွေ့ချင်တဲ့ဆန္ဒရှိတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။
ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကလည်း သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပါက အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး၊ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အချက် ၃ ချက်ကို အဓိကထား၍ ဆွေးနွေးမည်ဟု ပြောခဲ့ဖူးကြောင်း ၎င်းက ဆိုသည်။
အစိုးရအနေနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေသည့် ကာလအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခြင်း၊ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲမှ သဘောတူညီမှုများ အကောင်အထည် ဖော်ဆောင်ခြင်းတို့ကို မပြုလုပ်ရသေးကြောင်း ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ရှင်းပြသည်။
“မူးယစ်ဆေးဝါး ပြဿနာ ဝိုင်းပြီးတော့ ဖြေရှင်းဖို့အတွက် အစိုးရဖက်က ဟုတ္တိပတ္တိ မပြောကြသေးဘူး။ သဘောတူညီမှု အချက်ပေါင်း ၄၀ ကျော်အထဲမှာ အကောင်အထည် ဖော်ဆောင်နေတာ ၂ ခုပဲ ရှိသေးတယ်။ သမ္မတနဲ့ တွေ့ရင်တော့ ဆွေးနွေးနိုင်မယ့် အချက်တွေကို ဆွေးနွေးဖို့ အဲဒီလိုတော့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။
ယင်း သဘောတူညီချက် ၂ ချက်မှာ SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ၏ ဆက်ဆံရေးရုံးများ ဖွင့်လှစ်နိုင်ခြင်းနှင့် လက်နက် မကိုင်ဆောင်ဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့တို့ ပြည်ထောင်စုအဆင့် နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံရေးပါတီများနှင့် ဒေသခံပြည်သူလူထုများ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ရေးစသည့် အချက်တို့ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် SSA တောင်ပိုင်း ထိန်းချုပ် ဒေသတွင် ရှမ်းတောင်တန်း ချယ်ရီ အမည်ဖြင့် ကုမ္ပဏီ ၆ ခု တည်ထောင်ရန် အစိုးရက ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ခွင့်ပြုထားပြီး ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ကျောက်မျက်ရတနာနှင့် ကုန်သွယ်ရေး လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းတို့ လုပ်ဆောင်မည်ဟု သိရသည်။
အစိုးရက မီဒီယာ ဥပဒေသစ် ထုတ်ပြန်ပြီးလျှင် SSA တောင်ပိုင်းအနေဖြင့် “ရှမ်းလွတ်မြောက်ရေး သတင်း အေဂျင်စီ” (Tai Freedom News Agency) ဖွင့်လှစ်ရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။