သတင်း

KIO မတရားအသင်းမှ ပယ်ဖျက်ပြီး ဆက်သွယ်မှုဖြင့် ဖမ်းထားသူများ လွှတ်ပေးမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်ပြီး တပတ်အတွင်း မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူများကို ပြန်လည်လွှတ်ပေးသွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက အာမခံ ပြောဆိုသည်။

ဦးအောင်မင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့သည် မြစ်ကြီးနားမြို့အနီးရှိ ဒုက္ခသည်စခန်းများကို ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီးယားနှင့် လှည့်လည်ကြည့်ရှုစဉ် လက်ရှိတွင် KIO အဖွဲ့နှင့် ငြိမ်းချမ်းရေးရပြီးဖြစ်၍ မတရားအသင်းအဖြစ် ကြေညာထားခြင်းမှ ပယ်ဖျက်သွားရန်ရှိကြောင်း၊ ထို့နောက် မတရားအသင်း ဆက်နွယ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသူများမှာ “လုပ်ထုံးလုပ်နည်းအရ” လွှတ်မြောက်မည်ဟု ဦးအောင်မင်းက ဧရာဝတီသို့ ပြောသည်။

မတရားအသင်း ဆက်သွယ်မှုများနှင့် ပတ်သက်ပြီး ကချင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပုဒ်မ ၁၇/ ၁ နှင့် ဖမ်းဆီးခံထားရသူများအရေး မြစ်ကြီးနား ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီသို့ တင်ပြခဲ့ကြောင်းနှင့် အလားအလာ ကောင်းကြောင်း ပြောသည်။

“တိုင်းရင်းသားတိုင်းမှာ ဒီပုဒ်မနဲ့ စွဲခံခဲ့ရသူတွေရှိတော့ လွှတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒီကိစ္စက အကောင်အထည်ပေါ်လာမယ် ထင်ပါတယ်။ ဘယ်လောက်မြန်မြန်ဖြစ်မလဲဆိုတာကတော့ လုပ်ဆောင်မယ့် အစိုးရအပေါ် မူတည်ပါတယ်” ဟု ဒေါ်ဒွဲဘူက ဧရာဝတီသို့ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဂျာမိုင်ကောင်း နှစ်ခြင်းဒုက္ခသည်စခန်း အရောက်တွင်လည်း မတရားသင်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခုံရုံးတင် ခံရသော ကချင်စစ်ပြေးဒုက္ခသည်တဦးဖြစ်သည့် ဦးဘရန်ရှောင် ပြန်လွှတ်ပေးရေးအတွက် စခန်းတာဝန်ခံက တင်ပြရာ ဦးအောင်မင်းက ဦးဘရန်ရှောင်ကို နောက်ဆုံးအမိန့်ချပြီး တပတ် အတွင်း ပြန်လွှတ်မည်ဟု ကချင်လူထုရှေ့တွင် အာမခံပြောကြားခဲ့သည်။

” ဦးဘရန်ရှောင်အမှု နောက်ဆုံးအမိန့်ချဖို့ထိ ရောက်နေပြီ။ အမှုမှာ ထောင်ဒဏ်ကျသည်ဖြစ်စေ မကျခံရသည်ဖြစ်စေ ဘယ်လိုပဲ ဆုံးဖြတ်ပါစေ။ ဦးဘရန်ရှောင် တပတ် အတွင်း နေရပ်ကို ပြန်လာနိုင်ဖို့ အာမခံတယ် ”ဟု ဦးအောင်မင်းက ပြောကြားသည်။

ဦးအောင်မင်းက လက်ရှိ ၎င်းအနေဖြင့် တရားရုံးမှ၎င်း တဦးတည်း အမိန့်ဖြင့်၎င်း ခေါ်ယူပေး၍မရကြောင်း၊ ယခင် တပ်မတော်လက်ထက်တွင် ချက်ချင်းခေါ်ယူ၍ ရသော်လည်း ယခု ဒီမိုကရေစီစနစ်တွင် တရားရေးအာဏာနှင့် လွှတ်တော်အာဏာတို့အပေါ်တွင် အစိုးရက စွက်ဖက်၍ မရကြောင်း၊ သို့အတွက် တရားရုံး နောက်ဆုံးအမိန့်ချပြီးမှသာ ပြန်လည်လွှတ်ပေးရန် သမ္မတ၏ အထူးအာဏာကို သုံးပြီး လွှတ်နိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

“ဒီကိစ္စကို ကျနော့်သိက္ခာနဲ့ ရင်းပြီး အာမခံပါတယ်”ဟုလည်း ဧရာဝတီမှ မေးမြန်းချက်ကို ဦးအောင်မင်းက တုန့်ပြန်ပြောဆိုသည်။

ဦးဘရန်ရှောင်အမှုကို ဦးအောင်မင်းထံတင်ပြခဲ့သူ ဂျာမိုင်ကောင်းဒုက္ခသည်စခန်းမှ ဦးအောင်မြတ်က အမှုကို တရားမျှတစွာ ဖြစ်စေလိုကြောင်း ပြောသည်။
“ခု ချက်ချင်းလွှတ်ပါလို့ မပြောပါဘူး။ တရားမျှမျှတတ ဖြစ်ဖို့ မျှော်လင့်ပါတယ်။ စစ်မှန်တဲ့ မျှတမှု လိုချင်ပါတယ်”ဟု ပြောသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း မတရားအသင်းပုဒ်မနှင့် အရေးယူထားသည့် အမှုပေါင်း ၆၁ မှုရှိပြီး ဖမ်းဆီးစွပ်စွဲခံထားရသူ ၇၆ ယောက်ရှိကာ စုစုပေါင်း ဖမ်းဆီးစွပ်စွဲခံထားရသူများအနက်မှ ၄၉ ဦးမှာ အမှုစစ်ဆေးပြီးဖြစ်ကြောင်းနှင့် ၂၇ ဦးမှာ ဆက်လက် စစ်ဆေးခံနေရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူ ကောက်ယူထားသောစာရင်းများအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading