ယခုနှစ် ဇန်နဝါရီက သမ္မတအမိန့်ဖြင့် အသစ်ဖွဲ့စည်းခဲ့သည့် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့ (Yangon City Public Transport Authority -YCPTA) ကို သမ္မတအမိန့်ဖြင့်ပင် ၅ လနီးပါးအကြာ မေလ ၂၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်၍ ပြန်လည် ဖျက်သိမ်းလိုက်သည်။
“ဘာကြောင့်လဲဆိုတော့ ကျနော်တို့က နိုင်ငံတကာအဖွဲ့တွေနဲ့ ရန်ကုန်မြို့တော် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းအသစ်ကို ပြန်ဆွဲ နေပါတယ်။ သယ်ယူပို့ဆောင်ရေး ကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ ဆွဲနေရတယ်။ ဒါကြောင့်မို့ ဒီအဖွဲ့ကို ဖျက်လိုက်တာပါ။ သမ္မတ တာဝန်ပေးထားတဲ့ အချိန်မှာ အဲဒီအဖွဲ့ရဲ့ လေ့လာတွေ့ရှိချက်တွေ၊ နိုင်ငံတကာ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး ထားတဲ့ အချက်တွေကို ဆက်လုပ်သွားမယ့် စီမံကိန်းမှာ ထည့်သွင်း စဉ်းစားသွားမယ်” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဧရာဝတီ၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်က ဖွဲ့စည်းခဲ့သော ယင်းအာဏာပိုင် အဖွဲ့ လည်ပတ်ခဲ့သည့် ၄ လကျော် ကာလအတွင်း မြေပြင် လေ့လာမှုများ ပြုလုပ်ကာ အကြံပြုခဲ့သည့် အချက်များသည် အခြေခံစရာ အချက်အလက်များ ဖြစ်ကြောင်း ဦးရဲထွဋ်က ဆက်လက် ပြောကြားသည်။
YCPTA ကို ရန်ကုန်မြို့တွင်း အများပြည်သူ နေ့စဉ် အဆင်ပြေစွာ သွားလာနိုင်ရေးနှင့် ပတ်သက်ပြီး စီမံခန့်ခွဲရန် အတွက် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီ ၁၄ ရက်နေ့ ရက်စွဲဖြင့် အစိုးရက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့သည် ရေရှည် စီမံကိန်းများအနေဖြင့် ပန်းလှိုင်မြစ်နှင့် ငမိုးရိပ် ချောင်းကို သုံးကာ ရေလမ်းဖယ်ရီစနစ်များ၊ ရထားဘူတာနှင့် လိုင်းကားများ ချိတ်ဆက်ပြေးဆွဲမှု စနစ်များကို အကောင်အထည် ဖော်သင့်ကြောင်း အကြံပြုချက်များ ပေးပို့ခဲ့သည်ဟု ယင်းအဖွဲ့မှ သိရသည်။
“ဇန်နဝါရီ ၇ ရက်က သမ္မတရုံး အမိန့်စာနဲ့ ဒီအဖွဲ့ကို ဖွဲ့တယ်။ စဖွဲ့တုန်းက လိုအပ်ချက်အရ တာဝန်ပေးလို့ လုပ်ခဲ့တာပဲ။ အခု ဖျက်လိုက်တာ ကတော့ ဘာကြောင့်လဲဆိုတာ မသိရသေးပါဘူး။ ကြိုတင် အကြောင်းကြားထားတာလည်း မရှိတော့ ညွှန်ကြားချက် မရသေးဘူး။ ဒါပေမယ့် အကြံပြုချက်တွေတော့ ရေးပြီး ပို့နိုင်ခဲ့တယ်” ဟု ယင်းအဖွဲ့တွင် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သည့် အငြိမ်းစား သံအမတ်ကြီး ဦးကြည်သိန်းက ပြောကြားသည်။
အဆိုပါအဖွဲ့က အကောင်အထည် ဖော်သွားရန် ရည်မှန်းထားသည့် ဘတ်စ်ကားလိုင်းများ လက်ရှိပြေးဆွဲနေသော စနစ်ကို ပြန်လည် ပြင်ဆင်သွားမည့် အစီအစဉ်နှင့် ယာဉ်လုပ်သားများကို လစာပေး စနစ်ဖြင့် ပြေးဆွွဲခြင်း အစီအစဉ်အား ရန်ကုန်တိုင်း မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့ (ဗဟို) က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ ဆက်လက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ရန်ကုန်မြို့၏ မြို့ပြ သယ်ယူပို့ဆောင်ရေး အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) ကလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ နှစ်ရှည် စီမံကိန်းများ ပြုလုပ်လျက် ရှိသည်။