သတင်း

ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ချက်ကို အစိုးရက ခုခံတုန့်ပြန်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယခုအပတ် အစောပိုင်းတွင် ထောက်ပြဝေဖန် မေးခွန်းထုတ်ခဲ့ခြင်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်သူ ဒေါက်တာကံဇော်က အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာမှ အစိုးရများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ထောက်ခံကြကြောင်းဖြင့် ယနေ့ ကာကွယ်ပြောဆိုလိုက်သည်။

“ပြုပြင်ပြောင်းလဲရေးတွေ ကျနော်တို့ လုပ်နေပါတယ်။ နိုင်ငံရေးနဲ့ စတယ်၊ ပြီးတော့ စီးပွားရေး။ ဒါကို ပြည်တွင်းကရော၊ ကျနော်တို့ရဲ့ နိုင်ငံတကာက အရေးပါတဲ့မိတ်ဆွေတွေကရော သဘောကျ ထောက်ခံကြပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်က ဒေါ်အောင်ဆန်းစုကြည်၏ ဝေဖန်မှုနှင့် ပတ်သက်၍ ဧရာဝတီသတင်းဌာနမှ မေးမြန်းခဲ့ရာတွင် ပြောကြားသည်။

ယခုအပတ် အစောပိုင်းက ပြုလုပ်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီ အစည်းအဝေးတွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ အဓိက အတိုက်အခံအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ပြီးခဲ့တဲ့ သုံးနှစ်ကာလအတွင်းမှာ ထင်သာမြင်သာရှိတဲ့ ပြောင်းလဲမှု လုံးဝမတွေ့ရဘူး၊ အထူးသဖြင့် တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကဏ္ဍတွေမှာ ဖြစ်တယ်။ ပြုပြင်ပြောင်းလဲရေးကို ၂၀၁၀ မှာစခဲ့တယ်။ အခု ကျမတို့ မေးခွန်းထုတ်ဖို့ လိုလာပြီ။ ခုချိန်ထိ ကျမတို့မှာ သိသာမြင်သာတဲ့ ရလဒ်မျိုးရခဲ့ရဲ့လား” ဟု ဝေဖန်ပြောဆိုခဲ့သည်။

နောက်အပတ် နေပြည်တော်တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economics Forum) အတွက် ရန်ကုန်မြို့တွင်ပြုလုပ်သည့် အကြို အခမ်းအနားတွင် ဒေါက်တာကံဇော်က တုန့်ပြန်ပြောကြားခြင်းဖြစ်ပြီး သူနှင့် အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် ဦးဌေးအောင်၊ ဦးစိုးသိန်း နှင့် ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ အတူ တက် ရောက်ခဲ့ကြသည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ အာရှဒေသမှ နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင် ၁၀၀၀ ကျော်တက် ရောက်ကြမည်ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဌာနဝန်ကြီး ဦးဌေးအောင်ကလည်း ငြိမ်းချမ်းရေးအတွက် ပြုပြင်ပြောင်းလဲမှုများတွင် မျှော်လင့်ချက ်မှေးမှိန်နေသလို ဖြစ်နေခြင်းနှင့်ပတ်သက်၍ တိုင်းပြည်၏ အသွင်ကူးပြောင်းရေးသည် မွေးကင်းစ အနေအထားမှာသာ ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံက အပြင်ကမ္ဘာနဲ့ အခုမှစပြီး ထိတွေ့ဆက်ဆံ ရတာပါ။ ကျနော်တို့က ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ခရီးလမ်းကို တည်ဆောက်ဖို့ စတင်နေတုန်းပဲရှိပါသေးတယ်” ဟု သူကဆိုသည်။

မြန်မာသမ္မတ ဦးသိန်းစိန်၏ အဓိက အကြံပေးပုဂ္ဂိုလ်ဖြစ်သော ဝန်ကြီးဦးစိုးသိန်း ကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များသည် စိုးရိမ်စရာကောင်းသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ဝန်ခံပြောဆိုလိုက်သည်။ ရှမ်းပြည်နယ် လားရှိုးမြို့တွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်နှင့် မူဆလင်ဘာသာဝင်တို့၏ ပဋိပက္ခများနှင့်ပတ်သက်၍ ပြင်သစ် သတင်းဌာနတခု၏ မေးမြန်းမှုကို ဖြေကြားခဲ့ရာတွင် ဦးစိုးသိန်းက “ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ တွေ့လာပါတယ်။ အားနည်း ချို့ယွင်းချက်တွေလည်း ရှိနေနိုင်ပါတယ်” ဟု ပြောခဲ့သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၏ အကြီးဆုံးမြို့တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုသည် မူဆလင်အမျိုးသားတယောက်က ဗုဒ္ဓဘာသာ အမျိုးသမီးတယောက်ကို မီးရှို့တိုက်ခိုက်ရာမှ စတင်ခဲ့သည်။ ထိုမှတဆင့် သင်္ကန်းဝတ်ထားသည့် ဘုန်းကြီးများ အပါအဝင် ဒေါသထွက်နေသော ဗုဒ္ဓဘာသာဝင် လူအုပ်ကြီးက မူဆလင်နေအိမ်များ၊ ဈေးဆိုင်များကို မီးရှို့ဖျက်ဆီးပစ် ကြသည့် အခြေအနေအထိ ဆိုက်ရောက်သွားစေပြီး လူတဦးလည်းသေဆုံးခဲ့သည်။ ထိုဖြစ်ရပ်သည် မြန်မာနိုင်ငံအတွင်း ဆက်တိုက် ဖြစ်ပွားနေသော ဗုဒ္ဓဘာသာနှင့် မူဆလင် ဘာသာရေး ပဋိပက္ခတို့၏ နောက်ဆုံးထွက်ရှိလာသည့် ဖြစ်ရပ်လည်း ဖြစ်သည်။

ထိုကဲ့သို့သော ဆူပူမငြိမ်သက်မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာများအပေါ်သို့  ဆိုးကျိုးသက်ရောက်နိုင်သည်ဟု စီးပွားရေးအကြံပေးတဦး ဖြစ်သူ McKinsey က ယခုတပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ၎င်း၏ အစီရင်ခံစာတွင်ရေးသားဖေါ်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဆက်တိုက်ဖြစ်ပေါ်နေသော ဘာသာရေး၊ လူမျိုးရေး တင်းမာမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို လျော့ကျစေနိုင်သည်ဟု သူက ဆိုသည်။ လုံခြုံမှုကင်းမဲ့ခြင်းက မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာကောင်းများကို အဟန့်အတားဖြစ်စေပြီး တိုင်းပြည်၏ စီးပွားရေးကို ၂၀၃၀ တွင် လေးဆ မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်ကိုလည်း ထိခိုက်စေလိမ့်မည်ဟု McKinsey က ရေးသားခဲ့သည်။

“စီးပွားရေး ဖွံ့ဖြိုးမှု နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အောက်မှာ အားလုံးတူတူရှိနေကြပါမှ ဖြစ်လာနိုင်ပါမယ်။ လူမျိုးစုတွေနဲ့ ဘာသာကွဲတွေကြားမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်ခဲ့မယ်ဆိုရင် ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ငြိမ်းချမ်းစွာ နိုင်ငံရေးအသွင်ကူးပြောင်းမှု ရဲ့ အမှတ်အသားဖြစ်လာပါလိမ့်မယ်” ဟု McKinsey က သူ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်တွင် မြန်မာအစိုးရက မကြာခင် ပြုလုပ်တော့မည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သည် ပြင်ပကမ္ဘာနိုင်ငံများကို ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းကောင်းတခုအဖြစ် ရှုမြင်နေသည်။ “ကျနော်တို့ အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအတွက် မြန်မာနိုင်ငံရဲ့ အရေးပါမှုကို ပိုပြီး သိမြင်လာအောင် လုပ်ပေးနိုင်ပါလိမ့်မယ်” ဟု ဝန်ကြီး ဦးဌေးအောင်က ပြောသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာနိုင်ငံ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဒေသတွင်း အားကစားပွဲတော် တခုဖြစ်သော အရှေ့တောင်အာရှအားကစားပွဲတော် မတိုင်မီ ခြောက်လအလိုတွင် ပြုလုပ်ခဲခြင်းဖြစ်ပြီး နောက်တနှစ် အကြာတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ၏ ဥက္ကဌတာဝန်ကို ပထမဆုံးအကြိမ်အဖြစ် ထမ်းဆောင် ရတော့မည်ဖြစ်သည်။

ယခင်က ASEAN အဖွဲ့၏ ဥက္ကဌ နေရာကိုရယူရန် အခွင့်အရေးများ ရရှိခဲ့သေးသော်လည်း စစ်အုပ်ချုပ်ရေး စနစ်ကိုကျင့် သုံးနေသည့် ကာလဖြစ်သည့် အတွက် အာဆီယံအဖွဲ့အနေဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတွင် အတားအဆီး ဖြစ်လာစေရန် ဥက္ကဌနေရာ ရယူရေးကို ရွှေ့ဆိုင်းခဲ့ရသည်။

နိုင်ငံ ၁၀ ခု ပါဝင်သော ASEAN အဖွဲ့သည် ၂၀၁၅ ခုနှစ် မတိုင်မီ အဖွဲ့ဝင်နိုင်ငံအားလုံး ပူးပေါင်းပါဝင်မည့် စီးပွားရေး အသိုက်အဝန်းတခုကို တည်ထောင်ရန်ရည်ရွယ်ထားသည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် ဥက္ကဌတာဝန်ကို ထမ်းဆောင်မည့် မြန်မာနိုင်ငံသည် အဖွဲ့၏ ရည်မှန်းချက်အောင်မြင်နိုင်ရေး အတွက် အရေးပါသည့် ရှေ့တန်း နေရာကို ယူရတော့မည်ဖြစ်သည်။

စီးပွားရေးပညာရှင်များက ASEAN စီးပွားရေး အသိုက်အဝန်းသည် ဖြစ်လာနိုင်ဖွယ်မရှိဟု ဆိုကြသည်။ မြန်မာနိုင်ငံသည် ASEAN အဖွဲ့ကို တိုးချဲ့ဖွဲ့စည်းသည့် ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာ ပြီး အရှေ့တီမောနိုင်ငံသည်လည်း မကြာမီ အချိန်ကာလတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာမည်ဟု မျှော်လင့်ထားကြသည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ စီးပွားရေးဖိုရမ်ကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ အာရုံစိုက်နေမှုကို ဆက်လက်ထိန်း ထားနိုင်သည်ဟု ဆိုနိုင်ပါသည်။

လွန်ခဲ့သောနှစ်ပတ်က ဂျပန်ဝန်ကြီးချုပ် Shinzo Abe မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်ခဲ့သည်။ ၎င်း၏ ခရီးစဉ်သည် ၁၉၇၇ နောက်ပိုင်း ဂျပန်နိုင်ငံမှ ထိပ်သီးခေါင်းဆောင်တယောက် ပထမဆုံးရောက် ရှိ လာခြင်းပင်ဖြစ်သည်။

လွန်ခဲ့သော သုံးပတ်ခန့်ကလည်း ၁၉၆၆ နောက်ပိုင်း ပထမဆုံးသော မြန်မာသမ္မအဖြစ် ရောက်ရှိလာသော ဦးသိန်းစိန်ကို အမေရိကန်အိမ်ဖြူတော်က ကော်ဇောနီခင်း၍ ကြိုဆိုခဲ့သေးသည်။

ဂျပန်ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ရန်ကုန်မြို့နှင့် နာရီဝက် ခရီးအကွာရှိ သီလဝါ ဆိပ်ကမ်းနှင့် စက်မှုဇုန် တည်ထောင်ရန် အတွက် ဂျပန်နိုင်ငံမှ ယန်းငွေ ၂၀ ဘီလီယံ ထောက်ပံ့မည်ဟု ကတိပြုခဲ့သည်။

သီလဝါ ဒေသအပေါ်တွင် အာရုံစိုက်လုပ်ဆောင်နေသည့် အတွက် မြန်မာနိုင်ငံအတွင်းရှိ အခြားသော အထူးစီးပွားရေးဇုန်များ၏ အရေးပါမှု လျော့ကျ သွားစေနိုင်ပါသလားဟု ဧရာဝတီက မေးမြန်းသည့်အခါ ဝန်ကြီး ဒေါက်တာကံဇော်က ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် မြန်မာနိုင်ငံတောင်ပိုင်းမှ ထားဝယ်တို့တွင် ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းများ တည်ထောင်ရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

“ထားဝယ် ဖွံ့ဖြိုးရေးစီမံကိန်းအတွက် မြန်မာနဲ့ ထိုင်းနိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားပြီး ဖြစ်ပါတယ်၊ စီမံကိန်းရဲ့ ပထမအဆင့်ကို ၂၀၁၄ ကနေ ၂၀၁၇ အတွင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ အစီအစဉ် ရှိပါတယ်။ မကြာတော့မယ့် ကာလမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို မြင်တွေ့ရတော့မှာပါ” ဟု ဒေါက်တာကံဇော်က ပြောသည်။

(Simon Roughneen ၏ Minister defends government reforms against Suu Kyi criticism ကို နိုင်မင်းသွင် ဘာသာပြန်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading