ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကုထုံး (၂)

အန်ဒရူး ရေးနိုးစ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

(၃) စည်းမျဉ်းများ သဟဇာတဖြစ်မှု

ဆေးပညာမှာကဲ့သို့ပင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကုထုံးသည်လည်း ဖြစ်ပေါ်နေသည့် ရောဂါများကို သီးခြားစီ ကန့်သတ်၍ ကုသခြင်းထက် ပိုမိုသည်။ ဆေးပညာတွင်ဖြစ်စေ၊ နိုင်ငံရေးတွင်ဖြစ်စေ ကုထုံးဆိုသည်မှာ လူနာတယောက်လုံး၏ အခြေအနေ အရပ်ရပ်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ လူနာသည် နိုင်ငံတခုဖြစ်ခဲ့လျှင် ရွေးကောက်ပွဲ စနစ်များကို လေ့လာဆန်းစစ်ခြင်း တခုတည်းမဟုတ်ဘဲ တခြားသော အာဏာရယူထားသူများ၏ တာဝန်ခံမှု ပြဿနာများ၊ တရားစီရင်ရေး ကဏ္ဍ၏ ထိရောက်မြန်ဆန်မှု အစရှိသည်တို့ကို ဖြေရှင်းခြင်းကို ဆိုလိုသည်။ ဆေးညွှန်းနှင့် သမားတော် ညွှန်ကြားသည့် တခြားကုထုံးများကဲ့သို့ပင် မတူကွဲပြားသည့်  စည်းမျဉ်းဥပဒေဆိုင်ရာ ကုထုံးများသည်လည်း နာမကျန်းဖြစ်နေသည့် နိုင်ငံအတွက် ထိခိုက်နစ်နာစေသည့် အကြောင်းတရား အမျိုးမျိုး ဖြစ်ပေါ်လာနိုင်ပြီး အန္တရယ်ရှိသည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ သို့တည်းမဟုတ် လက်ရှိ အခြေအနေများကို ပိုမိုဆိုးဝါးသွားစေနိုင်သည်။ ဆေးပညာနှင့် နိုင်ငံရေးပညာ နှစ်မျိုးစလုံးအတွက် အဓိကသော့ချက်မှာ နိုင်ငံတခုလုံး၏ အခြေအနေများကို လေ့လာသုံးသပ်ပြီး လူနာအတွက် အကျိုးအမြတ်များကို များနိုင်သမျှများစေကာ ပြဿနာများနှင့် အန္တရာယ်များကို နည်းနိုင်သမျှနည်းစေသည့် အကောင်းဆုံး ယေဘုယျ မဟာဗျူဟာတခုကို ချမှတ်ခြင်းဖြစ်သည်။

နိုင်ငံရေး ဆေးညွှန်းတွင် ပြဋ္ဌာန်းသင့်သည်ဟု ထောက်ခံ အဆိုပြုထားသည့် စည်းမျဉ်းဥပဒေဆိုင်ရာ ပြုပြင် ပြောင်းလဲခြင်းများကို မကြာခဏ ပေးတတ်ကြသည်။ ထို့အတွက်ကြောင့် ကျွနု်ပ်တို့အနေဖြင့် စည်းမျဉ်းဥပဒေများကို မှန်ကန်သည့် ယေဘုယျ ပုံစံတခုအတွင်း ချသွင်းကြည့်ရန် လိုအပ်သည်ဟု စဉ်းစားသင့်သည်။ ယင်းတို့ကို အလျားလိုက် စဉ်းစားရန် လိုသလို၊ ဒေါင်လိုက်လည်း စဉ်းစားရမည် ဖြစ်လေသည်။ ယင်းတို့၏ အခြားသော စည်းမျဉ်းဥပဒေများဖြင့် အလျားလိုက် ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သလို လွတ်လပ်ပြီး မိမိကံကြမ္မာ မိမိ ဖန်တီးနိုင်သည့် လူ့အဖွဲ့အစည်းတခု ပေါ်ထွန်းရေးကို ရည်ရွယ် ရေးဆွဲထားသည့်  စည်းမျဉ်းဥပဒေများနှင့် ၎င်းတို့၏ လူ့အဖွဲ့အစည်းနှင့် ဒေါင်လိုက် ဆက်ဆံရေးကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ဥပမာအားဖြင့် သြဇာအာဏာကြီးသည့် သမ္မတစနစ်ကို ဖန်တီးပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် သမ္မတကို နှစ်ကျော့ရွေးချယ် မဲပေးရသည့် ရွေးကောက်ပွဲစနစ် (Two-round electoral system) ဖြင့် အလျားလိုက်အရ သဟဇာတဖြစ်လေသည်။ သို့သော် နိုင်ငံရေးအရ သော်လည်းကောင်း၊ နယ်မြေဒေသအရ သော်လည်းကောင်း စုစည်းနေသည့် လူနည်းစုအုပ်စု ရှိခဲ့လျှင် အဆိုပါ ရွေးကောက်ပွဲစနစ်သည်  လူအဖွဲ့အစည်းဖြင့် မှန်ကန်စွာ ဒေါင်လိုက် သဟဇာတ ဖြစ်မဖြစ်ဆိုသည်ကိုတော့  သံသယဖြစ်စရာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲ စည်းမျဉ်းများသည် လူနည်းစုများကို အခြားလူများစုများနှင့် ပေါင်းစည်းရေးနှင့် လူနည်းစုများကို လုံခြုံစိတ်ချမှု ပေးနိုင်သည့် အမျိုးအစား မဟုတ်သောကြောင့်  ဖြစ်သည်။ (Two-round electoral system ဆိုသည်မှာ ကိုယ်စားလှယ်လောင်း တဦးကို ရွေးချယ်သည့် စနစ်ဖြစ်သည်။ သို့သော် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများထဲမှ မည်သည့် ကိုယ်စားလှယ်လောင်းကမှ သတ်မှတ်ထားသည့် မဲအရေအတွက် (ဥပမာ – မဲပေးသူအားလုံး၏ ၄၀ ရာခိုင်နှုန်း) မရရှိပါက ကိုယ်စားလှယ်လောင်းများထဲမှ မဲအများဆုံး ရရှိသူ နှစ်ဦး ထပ်မံ ယှဉ်ပြိုင်ရသည့် ရွေးကောက်ပွဲ စနစ် ဖြစ်သည်။)

နိုင်ငံရေး စည်းမျဉ်းဥပဒေများသည် တပေါင်းတစည်းတည်း အလုပ်မဖြစ်သည့်အခါတွင် တခုချင်း အနေဖြင့် သင့်တော်သည်၊ အပြုသဘော ဆောင်သည်ဟု ယူဆရသည့် ဆောင်ရွက်ချက်များသည် ပေါင်းစည်းလိုက်သည့် အခါတွင် စည်းမျဉ်းတခုစီမှ ရရှိနိုင်သည့် အကျိုးရလဒ်များ အားလုံးပေါင်းထက် လျှော့နည်းပြီးသော်လည်းကောင်း၊ သို့တည်းမဟုတ် အခြေအနေများကို ပိုမိုဆိုးရွားခြင်း သော်လည်းကောင်း ဖြစ်သွားစေနိုင်သည်။ ဥပမာအားဖြင့် စည်းလုံးညီညွှတ်မှု ပျက်ပြားနေသည့် တိုင်းပြည်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အကျိုးဖြစ်ထွန်းနိုင်သည်ဟု ယူဆရသည့် ရွေးကောက်ပွဲ စနစ်မျိုးကို (အစွန်းရောက်မှုများကို လျော့နည်းစေသည့် အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများကို ဦးစားပေးအလိုက် မဲပေးရသည့် အေဗီ (Alternative  Voting)  မဲပေးစနစ်မျိုး) ပြောင်းလဲလိုက်ခြင်းသည်၊ အကယ်၍များ လူနည်းစု အတော်များများအတွက် အာဏာမရရှိနိုင်သည့်၊ လွှတ်တော်မှ ရွေးချယ်တင်မြှောက်သည့် သြဇာအာဏာကြီးသော သမ္မတ သို့မဟုတ် ဝန်ကြီးချုပ်စနစ် ရှိနေပါက မျှော်လင့်မထားသည့် ဆေးရောသွားခြင်း၏ အကျိုးဆက်များကို ရရှိနိုင်သည်။

ဆန့်ကျင်ဘက် တင်ပြရလျှင် စည်းမျဉ်းဥပဒေများ အားလုံးသည် ပေါင်းစည်း၍ အလုပ်ဖြစ်သည့် အခါတွင်မူ တခုချင်းစီ ယင်းတို့ဖာသာယင်းတို့ တဖြည်းဖြည်းချင်း တိုးတက်မှု အားလုံးပေါင်းထက်ကို ပိုမိုပြီးယေဘုကျ အခြေအနေများကို တိုးတက် ကောင်းမွန်စေနိုင်သည်။ ဤသို့ ဖြစ်ပေါ်တိုးတက်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းများကို လေ့လာသုံးသပ်နေသူများ ပြောဆိုနေကြသည့် စုပေါင်းအပြန်အလှန် အကျိုးသက်ရောက်မှု (Holistic complementarity) ပင် ဖြစ်သည်။

အဆိုပါ စုပေါင်းအပြန်အလှန် အကျိုးသက်ရောက်မှု၏ အကျိုးကျေးဇူးများ မရရှိခဲ့သည့် နိုင်ငံတနိုင်ငံကို ဥပမာပြရလျှင် ပစိဖိတ်သမုဒ္ဒရာထဲမှ လူမျိုးစုများ ကွဲပြားနေကြသည့် ကျွန်းနိုင်ငံငယ်တခုဖြစ်သော ဖီဂျီနိုင်ငံဖြစ်သည်။ ၁၉၉၇ ခုနှစ်က ညံ့ဖျင်းစွာ ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီမိုကရေစီစနစ်ကို ပျက်သုဉ်းသွားစေခဲ့သည်။ ၁၉၉၀ ခုနှစ်များ  အလယ်ပိုင်းလောက်က ဤပဋိပက္ခဒဏ်ခံ ကျွန်းစုနိုင်ငံပေါ်တွင် ပေါ်ပေါက်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသည့် လုပ်ငန်းစဉ်သည် အပြစ်အနာအဆာမရှိဟု ထင်ခဲ့ရသည်။ ဖီဂျီနိုင်ငံသား ၃ ဦး ပါဝင်သည့် ကော်မတီသည် နိုင်ငံတကာသို့ လှည့်လည်၍ ထိပ်တန်း ဖွဲ့စည်ပုံအခြေခံဥပဒေ ပညာရှင်များနှင့် တွေ့ဆုံပြီး ယင်းတို့ နိုင်ငံအတွက် မည်သို့သော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အကောင်းဆုံး ဖြစ်မည်ကို အကြံဉာဏ် ရယူခဲ့ကြသည်။

ဖီဂျီနိုင်ငံရှိ ဒေသခံ ပိုလီနီးရှန်းနှင့် မယ်လီနီရှန်း လူမျိုးများသည် ယင်းတို့ထက် အိန္ဒိယနွယ်ဖွား ဖီဂျီများက ၁၉၈၀ ခုနှစ်များသို့ ရောက်ရှိလာသည့်အခါတွင် လူဦးရေ အရေအတွက်အရ ပိုမိုများပြားသော်လည်း နိုင်ငံရေးအာဏာကို ယင်းတို့ကသာ လက်ဝါးကြီးအုပ် ထိန်းချုပ် ထားနိုင်အောင် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ (အိန္ဒိယနွယ်ဖွားများသည် ၁၉ရာစုအတွင်းက စိုက်ပျိုးရေး ခြံကြီးများတွင် လုပ်ကိုင်ရန် အိန္ဒိယနိုင်ငံမှ ခေါ်ယူလာသည့် အလုပ်သမားများမှ ဆင်းသက်လာသူများဖြစ်သည်)။ အာဏာသိမ်းမှု နှစ်ခုနှင့် ပထမဦးဆုံးသော အိန္ဒိယနွယ်ဖွား ဦးဆောင်သည့် အစိုးရ ဖြုတ်ချခံရမှုတို့သည် အမြန်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲခြင်း၏ အဓိကရည်ရွယ်ချက်မှာ အုပ်စုကွဲမှုများ အကြီးအကျယ် ဖြစ်ပေါ်နေပြီး လူမျိုးရေးအရ  နှစ်ခြမ်းကွဲနေသည့် နိုင်ငံတော်တွင် နေထိုင်သည့် ပိုလီနီရှန်း၊ မယ်လီနီရှန်း အုပ်စုနှင့် အိန္ဒိယနွယ်ဖွား အုပ်စု နှစ်ခုလုံးတွင် ယုံကြည်မှုရရှိစေရန် ဖြစ်လေသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး ကော်မရှင်သည် လူအခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ယင်းဥပဒေများ အသက်ဝင်လာရန် ပြုလုပ်သည့် လုပ်ထုံးလုပ်နည်းများနှင့် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အကြံပြုခဲ့ကြသည်။ ယင်းတို့က ဖီဂျီနိုင်ငံသည် လူမျိုးစု အခြေပြု ရွေးချယ်တင်မြှောက်သည့်စနစ် (အဆိုပါ စနစ်အရ ဒေသခံ ဖီဂျီများနှင့် အိန္ဒိယနွယ်ဖွား ဖီဂျီများသည် ယင်းတို့၏ ကိုယ်စားလှယ်များကို  သီးခြား ရွေးချယ်) မှ နေ၍ ကိုယ်စားလှယ်လောင်းများကို တိုင်းရင်းသားပေါင်းစုံ  မဲဆန္ဒရှင်များကို စည်းရုံးသိမ်းသွင်းရန် လိုအပ်သည့် ကိုယ်စားလှယ်လောင်း အမည်များကို ဖွင့်ပြထားရသည့် ရွေးကောက်တင်မြှောက်ပွဲ စနစ်သို့ ပြောင်းလဲရန် လိုအပ်ကြောင်းကို တင်ပြခဲ့ကြသည်။

ဆက်လက်ပြီး အေဗီ (Alternative  Voting) ဟုခေါ်သည့် အရွေးချယ်ခံ ကိုယ်စားလှယ်လောင်းများကို မိမိ နှစ်သက်မှုအလိုက် ဦးစားပေးရွေးချယ်ပေးရသည့် မဲပေးရသည့်စနစ်မျိုးကို ကျင့်သုံးရန် တိုက်တွန်း အဆိုပြုခဲ့ကြသည်။ ထိုသို့ အဆိုပြုရခြင်းမှာ လူမျိုးစုတစုမှ ကိုယ်စားလှယ်လောင်း အနေဖြင့် အခြားလူမျိုးစုများမှ မဲဆန္ဒရှင်များကိုလည်း စည်းရုံးသိမ်းသွင်းရန် ဖြစ်သည်။ ဝန်ကြီးအဖွဲ့တွင် လူနည်းစုနှင့် လူများစု ပါတီ နှစ်ခုစလုံးမှ အဖွဲ့ဝင်များကို ဝန်ကြီးရာထူးများ ခန့်အပ်ခြင်းဖြင့်လည်း အထက်ပါ ရွေးချယ်တင်မြှောက်သည့် စနစ် ပြောင်းလဲခြင်းကဲ့သို့သော ဆောင်ရွက်ချက်များကို အားဖြည့်ပေးရန် ဆောင်ရွက်ခဲ့သည်။

ယင်းသို့ဆောင်ရွက်မှုများ အားလုံးသည် တခုချင်းစီအနေဖြင့် ကျိုးကြောင်းဆီလျော်မှုရှိသည့် အကြံပြုချက်များ ဖြစ်ကြသည်။ သို့သော် ပေါင်းစပ်လိုက်သည့် အခါတွင်မူ ယင်းတို့တွင် ဆိုးဝါးစွာ နေရာလွဲမှားနေသည်ဆိုသည့် လက္ခဏာများကို တွေ့ရှိရသည်။ လူမျိုးစုတစုတည်းက အာဏာကို ထိန်းထားခြင်းမျိုး မဖြစ်စေရန် အဟန့်အတားများ ဖန်တီးထားသော်လည်း ရွေးကောက်ပွဲစနစ်နှင့် ပါတီစုံမှ ပုဂ္ဂိုလ်များဖြင့် ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းခြင်း စနစ်တို့သည်လည်း လူနည်းစု ပိုလီနီရှန်းနှင့် မယ်လီနီရှန်း နွယ်ဖွားများကို အစစ်အမှန် အာဏာရရှိရန် အာမခံချက် မပေးနိုင်ချေ။ ထို့အပြင် မြို့တော် ဆူဗာရှိ ဗဟိုအစိုးရကို ချုပ်ကိုင်နိုင်ခြင်းသည်လည်း ကြီးမားသည့် ဆုလဘ်တခုအနေဖြင့် တည်ရှိဆဲ ဖြစ်သည်။ ဗဟိုအဆင့်တွင် အာဏာမရရှိသည့် ပါတီများအတွက် ဒုတိယ အကောင်းဆုံးအဖြစ် လက်ခံနိုင်ရန် ဒေသန္တရ အစိုးရများကိုလည်း ယုံလောက်အောင် လုံလောက်သည့် အာဏာများ မပေးအပ်ခဲ့ချေ။

ဤစည်းမျဉ်းများ သဟဇာတ မဖြစ်မှုကို ပိုမိုဆိုးဝါးစေသည့် အချက်မှာ ဖီဂျီနိုင်ငံ၏ လက်ရှိ ဒေသခံတိုင်းရင်းသားများ လွှမ်းမိုးထားသည့် ပါလီမန်သည် (ထိုပါလီမန်သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အတည်ပြုရန် တင်သွင်းခဲ့သည်) အောက်လွှတ်တော်တွင် သုံးပုံတပုံသော အမတ်နေရာများကိုသာ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းရန် လိုအပ်ပြီး ကျန်သုံးပုံနှစ်ပုံကို လူမျိုးစုအုပ်စုများ လက်တွင်သာထားရန် တောင်းဆိုခြင်း ဖြစ်သည်။ ထိုသို့ တောင်းဆိုခြင်းဖြင့် နိုင်ငံတွင်း နေထိုင်သည့် အိန္ဒိယနွယ်ဖွားများ အပါအဝင် လူမျိုးစုအာလုံးကို မဲဆွယ်စည်းရုံးရန် လိုအပ်ချက်ကို ဖျက်ဆီးပစ်လိုက်လေသည်။ ထို့အပြင် ပါလီမန်သည် အေဗီ ရွေးချယ်တင်မြှောက်သည့် စနစ်ဖြင့် ရွေးချယ်မည့် အမတ်နေရာများကိုလည်း အမတ်တနေရာ အတွက်သာ ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်မြေများ (Single-member district) အဖြစ် ခွဲခြမ်းပစ်လိုက်သည်။ ထိုကဲ့သို့ အမတ်နေရာ တနေရာသာရှိသည့် မဲဆန္ဒနယ်မြေများ၏ အရွယ်အစား သေးငယ်မှုနှင့်အတူ ဒေသခံဖီဂျီများနှင့် အိန္ဒိယ နွယ်ဖွားများက သူတို့ဖာသာသူတို့ သီးသန့် ရပ်ရွာနယ်မြေများ အတွင်း စုစည်းနေခြင်းတို့ကြောင့် နယ်မြေဒေသ အနည်းငယ်သည်သာ လူမျိုးစုပေါင်းစုံ အတူယှဉ်တွဲ နေထိုင်သည့် ပုံစံရှိလေသည်။ ထိုသို့ ယှဉ်တွဲနေထိုင်မှသာလည်း တိုင်းရင်းသား လူမျိုးစုအားလုံးအား မဲဆွယ်စည်းရုံးရန် လိုအပ်လာမည် ဖြစ်သည်။

ဖီဂျီ ရွေးကောက်ပွဲ ကော်မရှင်သည် ထိုသို့ လူမျိုးစုအားလုံးအား မဲဆွယ်စည်းရုံးရန် ပို၍ မလိုအပ်အောင် မဲပေးသည့်စနစ်ကို Straight party tickets စနစ်သို့ ပြောင်းလဲလိုက်သည်။ ထိုစနစ်အရ မဲတပြားတည်းဖြင့် ပါတီတခုတည်းမှ ကိုယ်စားလှယ်လောင်း အားလုံးကို နေရာအသီးသီးအတွက် မဲပေးနိုင်သည်။ ၁၉၉၉ ခုနှစ်တွင် မဲဆန္ဒရှင် ၁၀ ဦးလျှင် ၉ ဦးသည် အဆိုပါ Straight ticket ကို ရွေးချယ်ကြလေသည်။ အတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် အရ ပါလီမန်မှ ဖွဲ့စည်းထားသော ညွှန့်ပေါင်းအစိုးရ အဖွဲ့တွင် လူနည်းစု ဗီတိုအာဏာ သုံးပိုင်ခွင့် မရှိသဖြင့် ဤစနစ်သည်လည်း မုချ ဒုက္ခရောက်ဖို့ ဖြစ်နေသည်။ ၁၉၉၉ ခုနှစ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် အိန္ဒိယလူမျိုးများ ဦးဆောင်သည့် ပါတီနှင့် တခြား အစွန်းရှောင် ဒေသခံလူမျိုးများ၏ ပါတီ နှစ်ခုက အနိုင်ရရှိပြီး ညွှန့်ပေါင်းအစိုးရ ဖွဲ့စည်းသည့်အခါတွင် ပိုလီနီရှန်းနှင့် မယ်လီနီရှန်း အနွယ်ဝင် ဖီဂျီများသည် အဆိုပါ ညွန့်ပေါင်းအစိုးရကို လက်မခံဘဲ ၂၀၀၀ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သည့် အာဏာသိမ်းမှုကို ထောက်ခံခဲ့ကြသည်။ ၂၀၀၁ ခုနှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲ အသစ်များတွင်မူ ပိုလီနီရှန်းနှင့် မယ်လီနီရှန်း လူမျိုးစု ပါတီများ ပြန်လည် အနိုင်ရရှိခဲ့သည်။ လူမျိုးစုတစု၏ လွှမ်းမိုးမှုဝါဒက ဒီမိုကရေစီကို မောင်းထုတ်ခဲ့နိုင်သည်။

(၄) ကုသမှုကို ဆောလျင်စွာ ရပ်ဆိုင်းခြင်း

ချမ်းသာသည့် အနောက်နိုင်ငံများသည် ပဋိပက္ခများ ကြုံတွေ့နေရသည့် နိုင်ငံများကို အကူအညီများ ၂၀ ရာစုတွင် ပေးကြသည်။ သို့သော် ယင်းတို့သည် ရောဂါကို အမြစ်ပြတ် မကုသဘဲ လူနာအား ကျန်းမာရေးကောင်းကြောင်း ထောက်ခံစာ လက်မှတ် စောလျင်စွာ ထုတ်ပေးတတ်ကြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း နိုင်ငံများသည် ပဋိပက္ခမှ လွန်မြောက်ရန်အတွက် အကူအညီ အထောက်အပံ့များ ရရှိရန်နှင့် မိမိတို့ဖာသာ ကြိုးပမ်းကြရာ၌ ဆောင်ရွက်ရမည့် အရာများတွင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန်လည်း လိုအပ်လာသည်။ သို့သော် ထင်ယောင်ထင်မှားဖြစ်အောင် ကောင်းနေသည့် စီးပွားရေးစနစ်ကြောင့် ဆင်းရဲဒုက္ခများ ခံစားနေရသည့်  လူအဖွဲ့အစည်းများအား ကျန်းမာရေး စောင့်ရှောက်မှုကို ဆောလျင်စွာ ရပ်ဆိုင်းတတ်ကြသည်။ အနောက်နိုင်ငံများ အနေဖြင့် ပဋိပက္ခများ ဖြစ်ပွားနေသည့် နိုင်ငံများတွင် အသွင်ကူးပြောင်းရေးအတွက် ဒေါ်လာဘီလျံချီ အထောက်အပံ့များ ပေးအပ်နိုင်သော်လည်း ဒီမိုကရေစီ၏ အခြေခံ အဆောက်အအုံများ၊ နိုင်ငံသားတို့၏ ဒီမိုကရေစီ အခြေခံများ မခိုင်မာမီ ပထမဆုံးအကြိမ် ပါတီစုံရွေးကောက်ပွဲများ ကျင်းပပြီးသည်နှင့် ပြန်လည် ထွက်ခွာသွားလေ့ ရှိသည်။

တခြားအချိန် မကျရောက်မီ ဆောင်ရွက်တတ်သည့် အရာမှာ လူနာ၏ အခြေအနေသည် စိတ်ချရသည့် အနေအထား မရောက်ရှိခင် အလျင်အမြန် ခွဲစိတ်ကုသခြင်း (ရွေးကောက်ပွဲများ ကျင်းပခြင်းဖြစ်သည်) ဖြစ်သည်။ လုံလောက်သည့် အခြေခံ အဆောက်အအုံများနှင့် လုံခြုံရေး အစီအမံများ မရှိဘဲ ရွေးကောက်ပွဲများ ကျင်းပခြင်းသည် ငြိမ်းချမ်းရေး တည်ဆောက်သည့် လုပ်ငန်းစဉ်များအတွက် ဒဏ်ရာ အနာတရ ဖြစ်စေသည့် အတွေ့အကြုံများပင် ဖြစ်သည်။ သို့သော်ငြားလည်း နိုင်ငံများသည် မည်သို့အနေအထားများ ရှိစေကာမူ ၎င်းတို့အနေဖြင့် အလျင်အမြန် နိုင်ငံအဆင့် ရွေးကောက်ပွဲများ ကျင်းပရန် ဖိအားပေးရန် လိုအပ်သည်ဟု အလှူရှင်များက ယူဆထားကြသည်။ ဒေတန် သဘောတူစာချုပ် ရေးထိုးပြီး သတ်မှတ်သည့် အချိန်ဇယားအရ ၉ လတိတိ အကြာတွင် ကျင်းပသည့် ဘော့စနီးယား ရွေးကောက်ပွဲများသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် ပြည်သူကိုချပြသည့် မူဝါဒများကို အမှန်စင်စစ် ပါတီများမှ ရွေးချယ်ခြင်း မဟုတ်ဘဲ လူမျိုးစုတစုချင်းစီကို သန်းခေါင်းစာရင်း ကောက်ယူခြင်းပင် ဖြစ်သည်။

မတည်မငြိမ် အခြေအနေများတွင် ရွေးကောက်ပွဲများ ကျင်းပခြင်းသည် စောင့်ကြပ် ကြည့်ရှုသူများကို ရွေးကောက်ပွဲများ၏ လွတ်လပ်မှုနှင့် တရားမျှတမှုဆိုင်ရာ စံနှုံးများဖြင့် မကိုက်ညီမှုများကို လိမ်လည်ထွက်ဆိုစေပြီး ရွေးကောက်ပွဲ ရလဒ်များ တရားဝင်မှုအပေါ် ရှေ့နောက် မညီသည့် ထွက်ဆိုမှုများ ပြုလုပ်တတ်ကြလေသည်။ အလှူရှင် နိုင်ငံများသည် ဇင်ဘာဘွေ နိုင်ငံတွင် ၂၀၀၂ ခုနှစ်၌ ကျင်းပသည့် ရွေးကောက်ပွဲများတွင် သမ္မတ မူဂါဘီ၏ မသမာမှုများအပေါ် မှန်ကန်စွာ ဝေဖန်ပြောဆိုခဲ့ကြသည်။ သို့သော်လည်း မသမာမှုများ ထပ်တူရှိသည့် အိမ်နီးချင်း ဇမ်ဘီယာနိုင်ငံတွင် ၂၀၀၁ ခုနှစ်တွင် ကျင်းပသည့် ရွေးကောက်ပွဲကိုမူ မသိကျိုးကျွန် ပြုခဲ့ကြလေသည်။

ထို့အတူ ဒီမိုကရေစီ လမ်းကြောင်းဘက်ကို ဦးတည်နေသည့် အရိပ်လက္ခဏာများကို တွေ့နေရသော်လည်း မကြာသေးမီ အချိန်အထိ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် လုံးဝငြင်းဆိုခဲ့သည့် ယူဂန်ဒါ သမ္မတ ယိုဝါရီ မူဆာဗီနီ (Yoweri Museveni) ကို အကောင်းမြင်စွာ ဝိုင်းဝန်းအားပေးခဲ့ကြသည်။ ကျင့်ဝတ်နှင့် မကိုက်ညီသော်လည်း လက်တွေ့ အဆင်ပြေမှုကို ကြည့်ပြီး တောင်အာဖရိကနိုင်ငံမှ လေ့လာစောင့်ကြည့် သူများသည်လည်း ဇင်ဘာဘွေနိုင်ငံ ရွေးကောက်ပွဲ ရလဒ်များကို အတည်ပြုပေးခဲ့ကြသည်။ နိုင်ငံတကာ၏ ဒီမိုကရေစီ စံပေတံကို ကျင့်သုံးမှုသည် တသမတ်တည်း မရှိခဲ့သည်မှာ အဆန်းမဟုတ်ဟု ဒီမိုကရေစီ မြှင့်တင်ရေး ကျွမ်းကျင်သူ  သောမတ်စ်ကာရိုးသားစ် (Thomas Carothers) က မှတ်ချက်ပေးခဲ့သည်။ စစ်အေးကာလအတွင်း အမေရိကန် အစိုးရအဆက်ဆက်သည် ဒီမိုကရေစီ မြှင့်တင်ရေးကို မိန့်ခွန်းများတွင် ပြောကြားခဲ့သော်လည်း လက်တွေ့တွင်မူ ယင်းတို့ကို နာခံသည့် အာဏာရှင်များနှင့် နိုင်ငံသားများ၏ လွတ်လပ်ခွင့်များကို ဖျက်ဆီး ချိုးနှိမ်သည့် အစိုးရများအား ပြောင်းလဲရန်အတွက် ဖိအားပေးခြင်း မခံရစေရန် ကာကွယ်ပေးခဲ့ကြလေသည်။

(၅) ကုထုံးများတွင် အကန့်အသတ်ရှိမှု

ဓာတုဆေးဝါးများသည် လူနာတိုင်း သို့မဟုတ် ထိခိုက်ဒဏ်ရာ ရသူတိုင်းအား မကယ်တင်နိုင်သကဲ့သို့ အကောင်းဆုံး ရေးဆွဲထားသည့်  ဖွဲ့စည်းပုံ အခြေခံဥပဒေများသည်လည်း ပဋိပက္ခ ဖြစ်ပွားနေသည့် နိုင်ငံ၏ ပြဿနာအားလုံးကို မဖြေရှင်းနိုင်ချေ။ လူနာတဦးတွင် ဆေးဝါးကုသမှု၏ ထိရောက်မှုကို လျှော့ချနိုင်သည့် အခြားအချက်များ အများအပြား ရှိလေသည်။ ပြင်းထန်စွာ ပြင်ပမှရိုက်ခတ်မှုများ၊ ကောင်းစွာ မထိရောက်သည့် ဆေးဝါးများ သို့မဟုတ် ဆေးညွှန်းတွင် ပါဝင်သည့် ဆေးဝါးများအားလုံးကို မသောက်သုံးနိုင်သည့် လူနာ၊ အစရှိသည့် ဆေးဘက်ဆိုင်ရာ ကုထုံး၏ မအောင်မြင်မှုကို ဖြစ်စေသည့် အကြောင်းရင်းများနှင့် ထပ်တူထပ်မျှ အကြောင်းရင်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ကုထုံးတွင်လည်း တွေ့ရနိုင်သည်။ လက်ဘနွန်နိုင်ငံ၏ အာဏာခွဲဝေရေး အစီအစဉ်သည် ရှီးယား၊ ဆွန်နီ၊ ဒရုစ်၊ ကက်သလစ် မာရွန်နိုက် ဘာသာဝင်များ နှင့် အာရပ်ဘာသာစကားပြော ဂရိ အခြေခံ ခရစ်ယာန်ဝါဒီ ဘာသာဝင်များ အကြား နှစ်ပေါင်း ၃၀ ခန့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့သော်လည်း နောက်ဆုံး ပြည်တွင်းစစ်ကြောင့် နိုင်ငံတော် ပြိုလဲသွားပြီး ဒေသတွင်း နိုင်ငံများမှ ၁၉၇၅ ခုနှစ်တွင် ဝင်ရောက် စွက်ဖက်မှုဖြင့် အဆုံးသတ်ခဲ့ရသည်။ ရဝမ်ဒါနိုင်ငံတွင်လည်း  ဟူတူနှင့် တွတ်စီ လူမျိုးများဖြင့် အမျိုးသားညီညွှတ်ရေး အစိုးရကို ဖွဲ့စည်းခဲ့သော်လည်း၊ ၁၉၉၄ ခုနှစ် နွေဦးတွင် သမိုင်း၌ အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်။ အကောင်းဆုံး ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည်ပင်လျှင် အာဖဂန်နစ္စတန်၊ လိုက်ဘေးရီးယားနှင့် ဆယ်ရာလီယွန် နိုင်ငံများကဲ့သို့သော နိုင်ငံများတွင် နဂိုမူလရှိပြီးသား ပြိုကွဲလွယ်မှုကို တုန့်ပြန်ရန်မှာ အလွန်ခက်ခဲမည် ဖြစ်သည်။

ဆေးဝါးကုထုံးများကဲ့သို့ပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကုထုံးများသည်လည်း သူတို့ချည်းသက်သက်ကို မှီဝဲအားထားရုံဖြင့် လုံလောက်သည့် ကုထုံး ဖြစ်ခဲလေသည်။ နိုင်ငံတနိုင်ငံတွင် ရေရှည် နိုင်ငံရေး၊ ကျန်းမာရေး ကောင်းမွန်ရန်အတွက် အခြား လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းများ ကောင်းစွာ လည်ပတ်နေရန် လိုအပ်လေသည်။ ကောင်းမွန်စွာ လည်ပတ်နေသည့် တရားစီရင်ရေး မဏ္ဍိုင်၊ တိုးတက်ပြောင်းလဲနေသည့်  ပညာရေးစနစ်၊ မြင့်မားသည့်  အလုပ်အကိုင် အခွင့်အလမ်းများ၊ အရှိန်အဟုန် မြင့်မားသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အင်အားတောင့်တင်းသည့် ပြည်တွင်းလုံခြုံရေး အစရှိသည်တို့သည် တည်ငြိမ်မှုရှိသည့် နိုင်ငံပေါ်ထွန်းလာရန်အတွက် အခြေခံအုတ်မြစ်များ ဖြစ်လေသည်။ နာမကျန်း ဖြစ်နေစဉ်တွင် သင့်တင့်သည့်  ဆေးဝါးများကို သောက်သုံးရမည် ဖြစ်သော်လည်း၊ ကျန်းမာရေး ကောင်းမွန်ရန် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသုံးခြင်း၊ ပုံမှန် လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ မိမိကိုယ်ကို ဂရုစိုက်ခြင်းနှင့် အတော်အသင့် ကံကောင်းခြင်း အစရှိသည်တို့ကိုတော့ ဘယ်အရာနှင့်မျှ အစားထိုး၍ မရချေ။

(၆) စာသုံးသူများကို တိုက်ရိုက်ကြော်ငြာခြင်း

ဖွဲ့စည်းပုံအခြေခံဥပဒေများ ရေးဆွဲသည့်အခါတွင် မည်သူများက  ရေးဆွဲသည်၊ မည်သူများက  ထိုရေးဆွဲသူများကို အကြံပေးနေကြသည် အစရှိသည်တို့သည်  အရေးကြီးပါသလား။ ပြဋ္ဌာန်းထားသည့် ဒီမိုကရေစီစနစ် ထိရောက်ဖို့ရန် အကန့်အသတ်များ ရှိသည်ဆိုသည်ကို အသိအမှတ် ပြုလာကြသော်လည်း၊ ဆေးဝါးကုမ္ပဏီများကဲ့သို့ပင် စားသုံးသူများကို  ဖွဲ့စည်းပုံ အခြေခံဥပဒေ ကုထုံးကို တိုက်ရိုက်ကြော်ငြာခြင်း ပြုလုပ်နေကြသည့် အနောက်နိုင်ငံ အစိုးရများ အရေအတွက်သည် တဖြည်းဖြည်းခြင်း များပြားလာသည်ကို တွေ့ရသည်။ ပညာရှင်များ၊ အစိုးရဝန်ထမ်းများသည် ယင်းတို့၏ အစိုးရများ၊ ဥရောပ သမဂ္ဂ၊ ဥရောပ လုံခြုံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့၊ ကမ္ဘာ့ကုလသမဂ္ဂ သို့မဟုတ် (အများအားဖြင့်) အနောက်နိုင်ငံ အခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကြံပြုခြင်းများကို တိုးတက်ပြုလုပ်လျက် ရှိသည်။

တနည်းမဟုတ် တနည်းဖြင့် အကြံပေးများသည် ၎င်းတို့ သိနားလည်ထားသည့် သိလျက်ဖြစ်စေ သို့တည်းမဟုတ် မသိလျက်ဖြစ်စေ ၎င်းတို့နိုင်ငံများတွင် ကျင့်သုံးနေသည့်  ဒီမိုကရေစီပုံစံများကို  ကျင့်သုံးရန် အကြံပြုတတ်ကြလေသည်။ ဤအချက်သည် ဖယ်ဒရယ် ဒီမိုကရေစီစနစ်နှင့် အာဏာကို ခွဲဝေသုံးစွဲရန် အကြံပြုတတ်ကြသည့် အမေရိကန် ပညာရှင်များ၊ Single-Member District (SMD) ဟုခေါ်ဝေါ်သည့် ရွေးချယ်တင်မြှောက်ရန် ကိုယ်စားလှယ်လောင်းနေရာ တနေရာသာရှိသည့်  မဲဆန္ဒနယ်မြေများနှင့် “first-past-the-post” ဟုခေါ်ဝေါ်သည့် မဲအများဆုံး ရရှိသည့် (တမဲဖြင့်ဖြစ်စေ) ကိုယ်စားလှယ်လောင်းကို အနိုင်ပေးသည့် ရွေးကောက်ပွဲစနစ်ကို ကြိုက်နှစ်သက်သည့် ဗြိတိသျှ ကျွမ်းကျင်သူ ပညာရှင်များ၊ အထက်တွင်ဖေါ်ပြခဲ့သည့်  အေဗီခေါ် Alternative preference voting ကောင်းခြင်းကို လက်ခံ ယုံကြည်သည့် သြစတြေလျ အကြံပေးများ၊ ယင်းတို့နိုင်ငံမှ Lander ဟုခေါ်ဆိုသည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး နယ်မြေများဖြင့် သဏ္ဍာန်တူသည့်  ဖယ်ဒရယ် ပြည်ထောင်စုနယ်မြေများ ပိုင်းခြားရေးနှင့် SMD နှင့် ပါတီမှ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်သည့် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် (Proportional  Representation) တို့ ပါဝင်သည့် ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးရန် တွန်းအားပေးတတ်သည့် ဂျာမန်များအတွက် မှန်ကန်သည်။ ဤနေရာတွင် ထိုကဲ့သို့သော ထောက်ခံ အကြံပြုချက်များသည် အကျိုးရှိသည် ဆိုသည်ကို ငြင်းချက်ထုတ်ရန် မရည်ရွယ်ပါ။ ဤနေရာတွင် ထောက်ပြလိုသည်မှာ ပညာရှင်များ၏ ယင်းတို့သိရှိသည့် ယင်းတို့နိုင်ငံတွင် ကျင့်သုံးနေသည့် ဒီမိုကရေစီပုံစံနှင့် ပဋိပက္ခဒဏ်ခံ တိုင်းပြည်များတွင် ကျင့်သုံးရန် ယင်းတို့ အကြံပြုသည့် ဒီမိုကရေစီပုံစံတို့၏ နီးစပ်မှု ဖြစ်သည်။

မှတ်သားထားရမည်မှာ  ယနေ့ခေတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာရှင်လောင်းများသည် လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ခန့်က ယင်းတို့ရှေ့မှ သွားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပညာရှင်များထက်  ပိုမိုတင်းကျပ်သည့် အခြေအနေများတွင် အလုပ်လုပ်ရမည် ဆိုသည့်အချက် ဖြစ်သည်။ ဥပမာပေးရလျှင် ၁၉၆၀ ခုနှစ်များ အစောပိုင်းကာလက သမ္မတ ကနေဒီ အစိုးရအဖွဲ့မှ ကျွမ်းကျင်သူများသည် ဂူယာနာနိုင်ငံ လွတ်လပ်ရေး ရရှိခါနီးအချိန်တွင် ဂူယာနာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကို ပါတီမှ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်သည့် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (PR)  သို့ ပြောင်းလဲရန် ဗြိတိသျှအစိုးရအား တိုက်တွန်းခဲ့သည်။ ရည်ရွယ်ချက်မှာ လက်ဝဲယိမ်း အမျိုးသားရေးဝါဒီ ချက်ဒီဂျေဂန် (Chedi Jagan) နှင့်  သူ၏ အင်ဒို-ဂူယာနီးစ် ပြည်သူ့တိုးတက်ရေးပါတီ (Indo-Guyanese Progressive People’s Party) ထက် ပိုမို ပျော့ပြောင်းသည့်  ဖော့ဘ်စ်ဘန်ဟန်း (Forbes Burnham) နှင့် သူ၏ အာဖရိကန်-ဂူယားနီးစ် ပြည်သူများ၏ အမျိုးသားကွန်ဂရက် ပါတီ (Afro-Guyanese People’s National Congress) က အပြတ်အသတ် အနိုင်ရရှိရန် ဖြစ်သည်။ စီမံထားသည့် အတိုင်းပင် ရွေးကောက်ပွဲတွင် ဖော့ဘ်စ်ဘန်ဟန်း အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ဂျေဂန်သည် လွတ်လပ်ရေး ရရှိသည့် ၁၉၆၄ ခုနှစ်မှ နောက်ဆုံး စစ်မှန်ပြီး လွတ်လပ်သည့် ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် ၁၉၉၂ ခုနှစ်ထိ အာဏာမရ ဖြစ်ခဲ့ရသည်။

အနောက်နိုင်ငံများမှ ကျွမ်းကျင်သူ ပညာရှင်များ လွတ်လွတ်လပ်လပ်ဖြင့် အခြားတိုင်းပြည်များ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲခဲ့သည့် အဖြစ်အပျက်များထဲမှ ကြည်နူးစရာ နမူနာတခုမှာ ဗိုလ်ချုပ်ကြီး မက်အာသာ၏ အမိန့်အရ သိမ်းပိုက်ခံ ဒုတိယ ကမ္ဘာစစ်ရှုံး ဂျပန်နိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခဲ့ကြသည့် အမေရိကန် စစ်ဥပဒေ ပညာရှင်များဖြစ်သည်။ ယင်းတို့အား ပေးအပ်ထားသည့် ဂျပန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသည့် တာဝန်ကို ၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရက်သတ္တပတ် တပတ်အတွင်း ပြီးစီးအောင် ရေးဆွဲနိုင်ခဲ့သည်။ ယင်းဖွဲ့စည်းပုံ၏ ကံကောင်းထောက်မမှုကို ထင်ရှားစွာပြသသည့် အချက်မှာတော့ ယနေ့အထိ ဂျပန်ဒီမိုကရေစီ၏ မှတ်ကျောက်များအဖြစ် တည်ရှိနေသည့် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို  အကာအကွယ်ပေးထားသည့် အပိုဒ်များကို အသက်၂၂ နှစ် အရွယ်ရှိ ရုရှားပြည်ဖွား ဂျပန်ဘာသာစကား ကျွမ်းကျင်သည့် ဘီတီ ဆီရိုတာ (Beate Sirota) ဆိုသူ အမေရိကန် စစ်တပ်အမှုထမ်း တယောက်က ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲသူများအတွက်  နေရာရှိပါသေးသလား

ဖွဲ့စည်းပုံ အခြေခံဥပဒေ သမားတော်များသည် မကြာခဏ မှားတတ်ကြသည်။ ယင်းတို့ပေးအပ်သည့်  ကုထုံးများသည်လည်း သမားတော်များ၏ ဆေးညွှန်းများထဲတွင် ပါဝင်သည့် ဆေးများကဲ့သို့ပင် မျှော်လင့်မထားသည့် ဘေးထွက်ဆိုးကျိုးများကို ပေးနိုင်သည်။ ယင်းတို့၏ လုပ်ငန်းတခုလုံးသည် အရင်းအမြစ်များကို သုံးဖြုန်းပစ်ခြင်းသာ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကုထုံးအတွက် သုံးစွဲရသည့် အချိန်၊ အင်အား၊ ငွေကြေးနှင့် တီထွင်ဖန်တီးနိုင်မှု စွမ်းရည်များကို အောင်မြင်သည့် ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန်အတွက် သေချာပေါက်  အထောက်အပံ့ဖြစ်မည့် လုံခြုံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးနှင့် လူမှုဘ၀ မြှင့်တင်ရေး အထွေထွေ လုပ်ငန်းများတွင် ပိုမို ကောင်းမွန်စွာ သုံးစွဲသင့်ပါသလား။ ယင်းတို့သည် တည်ငြိမ်မှုနှင့် လွတ်လပ်သည့်အစိုးရ ပေါ်ထွန်းရေးအတွက် အစစ်အမှန် အင်အားများ မဟုတ်ပါလား။ ယင်းတို့သည် လစ်ဘရယ် ဒီမိုကရေစီ ပေါ်ထွန်းနိုင်ရန် အတွက် ခိုင်မာပြီး ကျယ်ပြန့်သည့် အခြေခံအုတ်မြစ်များ မဟုတ်ပါလား။

အမှန်စင်စစ် ကျွနု်ပ်တို့သည် ဘက်စုံထောင့်စုံအောင် လေ့လာသုံးသပ်ပြီး ရေးဆွဲပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကုထုံးအပေါ်တွင် စူးစိုက်သင့်သည်လားဆိုသည့် မေးခွန်းတွင် အဖြေပါပြီး ဖြစ်သည်။ နိုင်ငံတော်ဆိုသည့်အရာ တည်ရှိပြီဆိုလျှင် ယင်းတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေစည်းမျဉ်းများ ရှိမည်ဖြစ်ပြီး ယင်းစည်းမျဉ်းများသည်  မည်သည့်အခါမှ ကြားနေ စည်းမျဉ်းများ မဟုတ်ကြပါ။ ယင်းတို့သည် အာဏာနှင့် တိုင်းပြည် အရင်းအမြစ်များကို မည်သို့ခွဲဝေမည်၊ လူ့အဖွဲ့အစည်းကို မည်သို့ ပုံဖော်မည်ဆိုသည်ကို အဆုံးအဖြတ် ပေးကြမည်ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ရွေးချယ်ခြင်းမှ ရှောင်ရှားမရနိုင်ပါ။

လက်ရှိ အခြေအနေသည် ရှောင်ရှားမရစွာ တဖွဲ့မဟုတ် တဖွဲ့ကို အကျိုးအမြတ် ဖြစ်ထွန်းစေမည် ဖြစ်သည်။ ဆေးကုသမှုကြောင့်  ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ (ဟု ထင်ရသည်) ကို  ကြောက်ရွံ့၍ ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း၊ ကုသမှုကို မခံယူရန် ဆုံးဖြတ်ချက်သည် ရောဂါခံစားနေရသည့် နိုင်ငံ၏ ဒဏ်ရာအနာတရကို ပိုမိုဆိုးရွားလာအောင် သို့မဟုတ် ကြီးထွားလာအောင် အခွင့်အလမ်းပေးခြင်းပင် ဖြစ်လေသည်။ စိတ်ပါဝင်စားသည့် ပြင်ပ လေ့လာသုံးသပ်သူများ အနေဖြင့် သက်ဆိုင်ရာနိုင်ငံမှ ပုဂ္ဂိုလ်များကိုသာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲခွင့်ပေးခြင်းသည် အကောင်းဆုံးဟုသော အယူအဆကို နှစ်သက်နိုင်သော်လည်း လစ်ဘရယ်အယူအဆကို အလွန်အမင်း သက်ဝင် ယုံကြည်ပြီး တိုင်းတပါး ယဉ်ကျေးမှုများကို ဂရုပြုတတ်သည့် ပြင်ပနိုင်ငံများမှ ပုဂ္ဂိုလ်များသည်ပင် ထိုကဲ့သို့သော အယူအဆကို မကောင်းသည့် အယူအဆဟု ရှုမြင်သင့်လေသည်။

ပဋိပက္ခလွန် ကာလတွင် ပေါ်ပေါက်လာသည့်  ဖွဲ့စည်းပုံ အခြေခံ ဥပဒေများနှင့် နိုင်ငံရေး သဘောတူညီချက်များသည် အများအားဖြင့် သာမန်ပြည်သူများ၏ သဘောဆန္ဒများကို ကိုယ်စားမပြုကြဘဲ ၎င်းတို့သည် နဂိုမူလ အာဏာ စွဲကိုင်ထားသူများနှင့် အခွင့်ထူးခံ ထိပ်ဆုံး လူတန်းစား၏ သဘောဆန္ဒများအရ ရေးဆွဲထားကြသည်က များသည်။ ယင်းလူတန်းစားသည်  ပြိုင်ဘက်များ သို့မဟုတ် သာမန်ပြည်သူများဖြင့် အာဏာကို ခွဲဝေသုံးစွဲခြင်းထက် ယင်းတို့၏ အကျိုးစီးပွားကိုသာ ရှေ့တန်းတင်သူများ ဖြစ်ကြသည်။ အမျိုးသမီးနှင့် လူ့အခွင့်အရေး အဖွဲ့များ၊ ကျောင်းသား ခေါင်းဆောင်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အခွင့်ထူးခံများထက် သာမန်ပြည်သူများဖြင့် နီးစပ်သူ အားလုံးတို့သည် အခွင့်ထူးခံ မဟုတ်သည့် ပြည်သူများ၏ အသံကို ထိရောက်စွာ ကြားသိနိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲချမှတ်သည့် လုပ်ငန်းစဉ်နှင့် နည်းနာများကို သိရှိနားလည်ရန် လိုအပ်သည်။

ထိုသို့မဟုတ်ပါက မြစ်ဖျားခံရာသည် ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ စည်းမျဉ်း အသစ်များသည် အမျိုးမျိုးသော အခွင့်ထူးခံများ၏ အသုံးချခြင်းကို ခံရနိုင်ကာ ပြည်သူများက မထိန်းချုပ်နိုင်ခြင်း၊ ထိန်းချုပ်နိုင်စွမ်း မရှိခြင်း ဖြစ်ဖို့ များလေသည်။ အကယ်၍များ အခွင့်ထူးခံများ၏ လွှမ်းမိုးချယ်လှယ်မှုသည် အရှိတရား ဖြစ်ခဲ့လျှင် ကျွနု်ပ်တို့အနေဖြင့် အကောင်းဆုံး မျှော်လင့်နိုင်သည်မှာ ယင်းတို့သည် ရေတိုတွင် မိမိပါတီ အနိုင်ရရေးထက် ရေရှည် တည်ငြိမ်မှုနှင့် နိုင်ငံတော် တည်ဆောက်ရေးကို ပိုမိုဦးစားပေးရန် ဆုံးဖြတ်လိမ့်မည်ဟူ၍ ဖြစ်သည်။ ထိုကဲ့သို့ ဆုံးဖြတ်ခြင်းဖြင့် အခွင့်ထူးခံများ၏ အာဏာကို တနည်းတဖုံ ထိန်းချုပ်မည့် ပြည်သူအားလုံး ပါဝင်နိုင်သည့် စည်းမျဉ်းများကို ခံယူကျင့်သုံးလိမ့်မည်။ တောင်အာဖရိကနိုင်ငံတွင် အသားအရောင် ခွဲခြားမှုစနစ်လွန် ၁၉၉၀ အစောပိုင်း နှစ်များသည် ထိုသို့ ဆုံးဖြတ်ချက်ချမှတ်ခြင်း၏ အကောင်းဆုံး နမူနာပင် ဖြစ်သည်။

ကျွနု်ပ်တို့ တွေ့မြင်ခဲ့သည့်အတိုင်း ရည်ရွယ်ချက်များ စစ်မှန်သော်လည်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကုထုံးဖြင့် ပဋိပက္ခဒဏ်ခံ နိုင်ငံများကို ကုသမှု ပြုခြင်းတွင် ပြင်ပမှ ပါဝင်ကူညီမှု၏ မှတ်တမ်းသည် အကောင်းနှင့်အဆိုး ရောပြွန်းနေသည်။ ပြင်ပ ပုဂ္ဂိုလ်များသည်လည်း ထိုစစ်မှန်သည့်  ရည်ရွယ်ချက်များ အစဉ် ရှိခဲ့ကြသည်မဟုတ်။ ထိုအချက်များနှင့် အခြားသော အကြောင်းရင်းများကြောင့် ပြင်ပမှ ပါဝင်ကူညီမှုအပေါ် သံသယများရှိခြင်းကို နားလည်နိုင်သော်လည်း အတိုင်းအတာ တခုထိသာ ဖြစ်သည်။ ထို့အပြင် ပြင်ပမှ ပါဝင်ကူညီမှုသည် တနည်းအားဖြင့် မရှောင်လွှဲနိုင်သည့်အရာ ဖြစ်သည်။ ဒီမိုကရေစီသည် မည်သည့်အခါမှ အစကနေ ပြန်တည်ဆောက်ခြင်း မဟုတ်၊ သို့တည်းမဟုတ် ဒီမိုကရေစီသည် နိုင်ငံတနိုင်ငံ၏ အသွင်သဏ္ဍာန် စစ်စစ်များဖြင့် နိုင်ငံတွင်းမှာသာ တွေ့ရှိသည့် အရာလည်း မဟုတ်ဟု ဒီမိုကရေစီ မြှင့်တင်ရေး ကျွမ်းကျင်သူ သောမတ်စ် ကာရိုးသားစ်က မှတ်ချက်ချခဲ့သည်။ မည်သည့်နေရာတွင် ကျင့်သုံးသည်ဖြစ်စေ ဒီမိုကရေစီသည် ဥရောပမှသည် ပစိဖိတ်သမုဒ္ဒရာနှင့်  ထိုနှစ်နေရာကြားရှိ နိုင်ငံအားလုံး၏ သင်ခန်းစာများ အတွေ့အကြုံများကို ရယူပြီး ရေးဆွဲထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ နည်းစနစ်များ၊ စည်းမျဉ်းများ ပေါင်းစပ်ထားခြင်းသာ ဖြစ်သည်။

နိုင်ငံတိုင်းဖြင့် သင့်လျှော်သည့် တမျိုးတည်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေကုထုံး မရှိသည်မှာ အများသိ ဖြစ်သည်။ မတူညီသည့် အခြေအနေများ၊ နိုင်ငံတနိုင်ငံချင်းစီအလိုက် မှန်ကန်စွာ သုံးသတ်နိုင်မှုများသည် အစဉ်အမြဲ အရေးကြီးသည်။ သို့သော် သီအိုရီများကို လေ့လာဆန်းစစ်ခြင်းသည်လည်း အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ အခြေခိုင်မာရန်အတွက် အရေးကြီးသည့် ပုံမှန် အစိတ်အပိုင်းများနှင့် ပုံစံများ ရှိသည်ဆိုသည်မှာ သေချာသောကြောင့်  ဖြစ်သည်။ ယင်းတို့သည် ဒီမိုကရေစီကို အောင်မြင်စွာ ဆွတ်ခူးနိုင်ရန် သို့တည်းမဟုတ် အောင်မြင်မှု မရရှိဘဲ ကျရှုံးခြင်းကို မကြာခဏဆိုသလို အဆုံးအဖြတ်ပေးသည့်  အရာများ ဖြစ်သောကြောင့်ဖြစ်သည်။ အကောင်းဆုံး  ပြင်ဆင် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပင်သည်လျှင် အမှန်စင်စစ် ဆိုးဝါးသည့် လူမှုစီးပွား အခြေအနေများကို ဖန်တီးပေးသည့် ကံကြမ္မာဆိုး၏ ရိုတ်ပုတ်မှုအောက်မှ မကယ်တင်နိုင်ဆိုသည့် မှတ်ချက်သည် မှန်ကောင်း မှန်နိုင်သော်လည်း ညံ့ဖျင်းစွာ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထိခိုက်နစ်နာအောင် များစွာ ပြုလုပ်နိုင်သည်။ မတူကွဲပြားမှုများပြားသည့် လူ့အဖွဲ့အစည်းများတွင် မကြာခဏ ဆိုသလို တွေ့ရတတ်သည့် ညီညွှတ်ရေး ပျက်ပြားမှုနှင့် မတည်ငြိမ်မှုများကို ပိုမိုဆိုးဝါးစေသည်။ ဆန့်ကျင်ဘက် ဥပမာပြရလျှင် စပိန်နှင့် ကနေဒါ နိုင်ငံများသည် ညီညွှတ်သည့် ပြည်ထောင်စုများအဖြစ် အတူတကွ ယှဉ်တွဲနေထိုင်နိုင်နေသည်မှာ အင်မတန် ထူးခြားစွာနှင့် အမျှော်အမြင်ကြီးမားစွာ ရေးဆွဲထားသည့် ဖယ်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများကြောင့် ဖြစ်သည်။ အက်စ်တိုနီးယားနှင့် ကင်ညာနိုင်ငံများမှ ပြည်သူများသည် ယနေ့တိုင်အောင် သမ္မတစနစ် သို့မဟုတ် ပါလီမန် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေများအပေါ် မည်သည့်ဖွဲ့စည်းပုံကို ရွေးချယ်ရမည်ကို အငြင်းပွားလျှက်ပင် ရှိသေးသည်။

အစိုးရတခုကို ရွေးချယ်ခြင်း ကိစ္စသည် တင်ကြို ခန်းမှန်း၍ မရသည့် အရာတခုဖြစ်ပြီး အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေနိုင်သည်။ ၁၉၄၈ ခုနှစ်တွင် ဒီဖက်မာလန်၏ အမျိုးသားပါတီ အာဏာရလာခဲ့ပြီး ယင်း၏ ပြိုင်ဘက်ပါတီများ အားလုံး စုစုပေါင်း ရရှိသည့် မဲအရေအတွက်ထက် ၁၀ ရာခိုင်နှုန်း လျှော့ရမှုအပေါ် အခြေခံပြီး မကောင်းဆိုးဝါး အသားအရောင် ခွဲခြားရေးစနစ်ကို ခိုင်မာအောင် ပြုလုပ်ခဲ့သည်။ အဆိုပါ ရလဒ်ကိုလည်း တောင်အာဖရိကနိုင်ငံ၏ ပုံမှန်မဟုတ်သည့် မဲအများဆုံး ရရှိသူကို အနိုင်ပေးသည့် first-past-the-post (တမဲဖြင့် ကပ်နိုင်စေကာမူ) လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်သည့်စနစ်က အထောက်အပံ့ ပြုခဲ့သည်။

၁၉၇၀ ပြည့်နှစ်တွင် ချီလီနိုင်ငံ ရွေးကောက်ပွဲ၌ ကျင့်သုံးခဲ့သည့် သမ္မတ ရွေးချယ်တင်မြှောက်ပွဲ စနစ်က မဲအရေအတွက် စုစုပေါင်း၏ သုံးပုံတပုံ ရရှိသည့် မာ့စ်ဝါဒီ သမ္မတ အယာန်ဒေးကို အာဏာ အများအပြား ပေးအပ်ခဲ့သည်။ သို့သော် အဆိုပါ ဆန္ဒမဲပေးသူ စုစုပေါင်း၏ သုံးပုံတပုံ၏ ထောက်ခံမှုနှင့် ရရှိခဲ့သည့် အာဏာသည်ပင် ရေရှည် မတည်တံ့နိုင်ကြောင်း သက်သေပြခဲ့သည်။ တောင်အာဖရိက တိုက်ရှိ လီဆိုသို နိုင်ငံလေးတွင် ၁၉၉၈ ခုနှစ်က ရွေးကောက်ပွဲများ၌ အာဏာရအစိုးရက မဲအရေအတွက် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကို ရရှိပြီး ယင်းနှင့်အတူ ပါလီမန်တွင် အမတ်နေရာ တနေရာမှလွဲ၍ အားလုံးကို အနိုင်ရရှိခဲ့သဖြင့် အတိုက်အခံများက အလွန်အမင်း အမျက်ဒေါသ ထွက်ခဲ့ကြပြီး အာဏာသိမ်းမှုကို ကြိုးပမ်းခဲ့ကြသည်။ အဆိုပါ အာဏာသိမ်းမှုမှနေ၍ တိုင်းပြည်က ယနေ့တိုင် နာလန်မထူနိုင်သေးပါ။

၂၀၀၂ ခုနှစ်၌ တူရကီနိုင်ငံတွင် တရားမျှတရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (AKP) က မဲစုစုပေါင်း၏ သုံးပုံတပုံဖြင့် ပါလီမန်တွင် သုံးပုံနှစ်ပုံသော အမတ်နေရာများကို အနိုင်ရရှိခဲ့သည်။ လွှတ်တော်တွင် အမတ်နေရာရဖို့အတွက် မဲအရေအတွက် အားလုံး၏ ၁၀ ရာခိုင်နှုန်း အနည်းဆုံးရရန် လိုသည်ဆိုသော ကန့်သတ်ချက် တူရကီနိုင်ငံတွင် ရှိသည်။ ဆန္ဒမဲပေးသူ ထက်ဝက်ကျော်သည် ထို ၁၀ ရာခိုင်နှုန်း ကန့်သတ်ချက်ကို မကျော်နိုင်သော နိုင်ငံရေးပါတီများကို မဲပေးခဲ့ကြပြီး (AKP) ပါတီမှလွဲ၍ အခြားပါတီတခုသည်သာ လွှတ်တော်အမတ်နေရာများ ရယူနိုင်ခဲ့သည်။ အဆိုပါ ထက်ဝက်ကျော်သော ဆန္ဒမဲပေးသူများသည် ယခုအခါ တူရကီ အမျိုးသားလွှတ်တော်တွင် ယင်းတို့ ထောက်ခံသည့် အမတ် သို့မဟုတ် ပါတီတခုကိုမျှ မတွေ့နိုင်ချေ။ ထိုကဲ့သို့သော အခြေအနေသည်  အဆုံးတွင် AKP ပါတီအတွက်  တရားဝင်မှုဆိုင်ရာ ပြသနာများ ပေါ်ပေါက်လာပြီး ပါလီမန်နှင့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း အများအပြားကို ပြုပြင်ပြောင်းလဲရန် အစီအစဉ်များ လိုအပ်လာနိုင်သည်။

ထိုအချက်များကို တင်ပြဆွေးနွေးပြီးသည့် အခါတွင် အဘယ်ကြောင့် ကျွနု်ပ်တို့သည် ရွေးကောက်ပွဲ ဒီမိုကရေစီကို တည်ဆောက်ရန် ပြင်းပြစွာ သံန္နိဋ္ဌာန် ချနေကြပါသနည်း။ ကျွနု်ပ်တို့အနေဖြင့် ဒီမိုကရေစီ ပန်းတိုင်သို့ ရောက်ရှိရန် ထိုကဲ့သို့သော မှောင်မိုက်ပြီး ပျင်းရိငြီးငွေ့စရာကောင်းသည့်  လမ်းကို လျှောက်လှမ်းရပြီး ရောက်ပြန်လျှင်လည်း အဆိုပါနိုင်ငံအတွက် ဒီမိုကရေစီသည် မည်သည့်ပုံစံ ရှိသင့်သနည်းဆိုသည်ကို  အများသဘောတူ လက်မခံနိုင်ကြချေ။ ထိုအခါတွင် အဘယ်ကြောင့် ကျွနု်ပ်တို့ ဒီမိုကရေစီ ရရှိအောင် ကြိုးပမ်းနေပါသနည်း။ ဒီမိုကရေစီသည် ဆင်းရဲချမ်းသာ၊ လူမျိုးတမျိုး သို့မဟုတ် တိုင်းရင်းသား လူမျိုးပေါင်းစုံ အတူယှဉ်တွဲ နေထိုင်သည့် တိုင်းပြည်များအားလုံးအတွက် ယဉ်ကျေးသိမ်မွေ့မှုနှင့်အတူ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အကောင်းဆုံး မျှော်လင့်ချက်ဖြစ်သည်ဟူသော ယုံကြည်မှုက တွန်းအားပေးနေသောကြောင့် ဖြစ်သည်။ ထိုအယူအဆကို ပညာရှင်များအကြား တိုးတက်များပြားစွာ လက်ခံလာပြီး လက်တွေ့နိုင်ငံရေး နယ်ပယ်တွင်လည်း တနေ့တခြား တိုးပွားလာနေသည်။ အဒမ် ပရက်စ်ဝေါစကီ (Adam Przeworski) က ဒီမိုကရေစီသည် ယနေ့ထက်တိုင် ပဋိပက္ခများကို ထိန်းချုပ်ရန် အကောင်းဆုံးသော နည်းလမ်း ဖြစ်သည်ထင်သည်ဟု ဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဒီမိုကရေစီ၏ အနှစ်သာရသည် စည်းမျဉ်းများအား ပြောင်းလဲပြင်ဆင်နိုင်မှု သို့မဟုတ် စနစ်တကျ ဖွဲ့စည်းထားသည့် မသေချာမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ အကယ်၍များ နိုင်ငံရေးသမား တို့အနေဖြင့် –

(က) ရွေးကောက်ပွဲတွင် အနိုင်ရနိုင်သည်ဟု လက်ခံယုံကြည်ထားခဲ့လျှင်

(ခ) ၎င်းတို့အနေဖြင့် ပထမအကြိမ်တွင် အနိုင်မရရှိခဲ့လျှင်တောင် ထပ်မံ ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်း ရှိသည်ဟု သိနားလည်ထားလျှင် နှင့်

(ဂ) ၎င်းတို့၏ အခြေခံ အခွင့်အရေးများကို ဆက်လက် ကျင့်သုံးနိုင်လိမ့်မည်၊ ယင်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆီးပေးလိမ့်မည်နှင့် အမြဲတစေ ရှုံးနိမ့်ခဲ့လျှင်တောင် ကျယ်ပြန့်သည့် အုပ်ချုပ်ရေး ကိစ္စရပ်များတွင် အတော်အသင့် သြဇာလွှမ်းမိုးနိုင်လိမ့်မည်ဟု မျှော်လင့်ချက် ထားနိုင်ခဲ့လျှင် နိုင်ငံရေးသမားများအတွက် ဒီမိုကရေစီ လမ်းကြောင်းဖြင့် ယင်းတို့၏ အကျိုးစီးပွားကို ဖွေရှာခြင်းသည် ယုတ္တိတန်သည့် အရာဖြစ်သည်။

သို့သော် ဤအချက်ထက် နက်နဲသည့် အဆင့်တွင်မူ ဒီမိုကရေစီ၊ ရွေးချယ်မှု၊ လူသား၏ အဓိပ္ပာယ်နှင့် လူသားဆန်ဆန် နေထိုင်မှုတို့၏ ဆက်စပ်မှု ဖြစ်သည်။ အဆုံးစွန်တွင် ဒီမိုကရေစီ ဆိုသည်မှာ လူ့ဂုဏ်သိက္ခာနှင့် လူသားအားလုံး၏ ယဉ်ကျေးသိမ်မွေ့မှု ဖြစ်သည်။ ဒီမိုကရေစီသည် လူသားအချင်းချင်း အပြန်အလှန် လေးစားမှုကို နိုင်ငံရေးနည်းဖြင့် အဓိပ္ပာယ် ဖွင့်ဆိုခြင်း ဖြစ်သည်။ လွတ်လပ်မှုနှင့် ရွေးချယ်ပိုင်ခွင့်သည် လူ့ဂုဏ်သိက္ခာ၏ အဓိက အသွင်သဏ္ဍာန် ၂ ခု ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရေစီသည် လူ့ဂုဏ်သိက္ခာကို လေးစားမှုပြုသည့် နည်းလမ်းအားလုံးကို မဖော်ပြနိုင်သော်လည်း လက်တွေ့ပြောရလျှင် ယင်းသည် လူ့ဂုဏ်သိက္ခာအတွက် လိုအပ်သည့် အခြေအနေတခု ဖြစ်သည်။

အပြည့်အ၀ လည်ပတ်နေသည့် ဒီမိုကရေစီသည် လူသားများ မိမိတို့၏ လိုလားနှစ်သက်မှုများကို ဖော်ပြရန်နှင့် လူဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် အကောင်းဆုံးသော ဖန်တီးမှု ဖြစ်သည်။ သို့တည်းမဟုတ် ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန်ချာချီ၏ ပါလီမန် အောက်လွှတ်တော်တွင် ၁၉၄၇ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ပြောကြားခဲ့သည့် ထင်ရှားသည့် မိန့်ခွန်းထဲကကဲ့သို့ “ဒီမိုကရေစီသည် အကောင်းဆုံး သို့မဟုတ် ဉာဏ်ပညာ အရှိဆုံးစနစ်ဟု မည်သူကမျှ မဆို။ အမှန်စင်စစ် ဒီ်မိုကရေစီ စနစ်တွင် အပြစ်အနာအဆာများ အားနည်းချက်များ ရှိသော်လည်း တခြားသော အုပ်ချုပ်ရေး ပုံစံများလောက် မများ” ဟူသည့် မှတ်ချက်အတိုင်း ဖြစ်လေသည်။

ပထမပိုင်း ဖတ်ရှုရန်

(အင်ဒရူး ရေးနိုးစ် (Andrew Reynolds) သည် အမေရိကန်ပြည်ထောင်စု မြောက် ကာရိုလိုင်းနား တက္ကသိုလ်၊ ချာပယ်ဟေးလ်မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခတဦး ဖြစ်သည်။ သူသည် အာဖဂန်နစ္စတန်နှင့် ဆူဒန်နိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် ရွေးကောက်ပွဲ စနစ်များနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ကျွမ်းကျင်သူ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။ သူ၏ နောက်ဆုံး ထုတ်ဝေခဲ့သည့် စာအုပ်မှာ “The Architecture of Democracy: Constitutional Design, Conflict Management and Democracy (2002)” ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading