လာမည့် ဇွန်လလယ်ပိုင်းတွင် ကျင်းပမည့် ညီနောင် တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်း (NBF) ၏ ရှမ်းပြည်နယ် တောင်ကြီး ညီလာခံတွင် ဖက်ဒရယ်စနစ် ပေါ်ပေါက်ရန်အတွက် ၈ ပြည်ထောင်စုမူကို ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဧရာဝတီသို့ ပြောသည်။
“ကျနော် မေလ ၃ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့တော့ ၈ ပြည်ထောင်စုပုံစံ စဉ်းစားသင့်ပြီလို့ ပြောခဲ့တယ်။ တိုင်း ၇ ခုကို ပေါင်းပြီးတော့ ပြည်မပြည်နယ် တခု အဖြစ် သတ်မှတ်ပေးဖို့ပါ” ဟု သူက ဆိုသည်။
၈ ပြည်ထောင်စုမူ ဆိုသည်မှာ ဗမာကိုလည်း တိုင်းရင်းသား အဖြစ် သတ်မှတ်၍ ပြည်နယ် တခုသာပေးရန်နှင့် ယခု ဖွဲ့စည်းပုံဖြစ်သော ပြည်နယ်နှင့်တိုင်း ၁၄ ခု အစား တိုင်းရင်းသား ၈ မျိုးကို အခြေခံ၍ ၈ ပြည်ထောင် စနစ်ကို
ပုံဖော်ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် တိုင်း ၇ တိုင်းနှင့် ပြည်နယ် ၇ ခုဟူ၍ ခွဲခြားထားသော ပုံစံကို ပြန်သုံးသပ် စေချင်ကြောင်း၊ ၈ ပြည်ထောင် စနစ်ကို ပြန်သွားရန် လိုအပ်ပြီး ဗမာသည်လည်း တိုင်းရင်းသားပင် ဖြစ်ကြောင်း ဒေါက်တာ အေးမောင်က ရှင်းပြသည်။
ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်းက ဇွန်လလယ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ တိုင်းရင်းသား အခွင့်အရေးများ အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ညီလာခံတရပ် ကျင်းပမည်ဖြစ်ရာ ၈ ပြည်ထောင်မူကို
တင်ပြလာပါက ဆွေးနွေးသွားမည် ဖြစ်ကြောင်း ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဆလိုင်းကျဲလွဲထောင်းက ပြောသည်။
“အကုန်လုံး ပြည်နယ် ဆိုတာကတော့ အချိန်ယူရမယ်။ ကျနော်တို့က ဘယ်မူကိုမှ တရားသေ ဆုပ်ကိုင်မသွားဘဲနဲ့ တိုင်းရင်းသား အခွင့်အရေး ပြည့်ပြည့်၀၀ ရမယ်ဆိုရင် အကုန်လုံးနဲ့ ပေါင်းလုပ်မယ်” ဟု ၎င်းက ဆိုသည်။
NBF အနေဖြင့် ၈ ပြည်ထောင်မူကို လက်ခံရန် အဆင်သင့် မဖြစ်သေးသော်လည်း ရေရှည်တွင် ယင်းမူကို အကောင် အထည်ဖော်ရန် တိုင်းရင်းသား ခေါင်းဆောင်များက ဆန္ဒရှိနေကြောင်း သိရသည်။
ညီနောင် တိုင်းရင်းသားများ ပါတီ ဖက်ဒရေးရှင်းသည် အမြဲတမ်း အဖွဲ့ဝင် တိုင်းရင်းသား ၇ ပါတီရှိပြီး လေ့လာသူ တိုင်းရင်းသား ၁၃ ပါတီရှိကြောင်း၊ တောင်ကြီး ညီလာခံတွင် အမြဲတန်းအဖွဲ့ဝင် ၁၅ ပါတီအထိ ရှိလာမည်ဟု
ခန့်မှန်းထားကြောင်း ယင်းဖက်ဒရေးရှင်း ခေါင်းဆောင်များက ပြောသည်။
ဖက်ဒရယ်စနစ် ပေါ်ပေါက်ရန် ၈ ပြည်ထောင်မူကို သဘောကျသော်လည်း တိုင်းရင်းသား ခေါင်းဆောင်အားလုံး စားပွဲဝိုင်း ထိုင်၍ သေချာဆွေးနွေးရန် လိုအပ်ရုံသာမက လက်ရှိ နိုင်ငံ့ ခေါင်းဆောင်များကိုပါ သေချာစွာ ရှင်းပြရန် လိုအပ်ကြောင်း ကချင် တိုင်းရင်းသား ခေါင်းဆောင် ဒေါက်တာတူးဂျာက ဆိုသည်။
“မျက်နှာစုံညီ ဆွေးနွေးရမယ်။ အဖြေရှာရမယ်။ ဒီကိစ္စက လောလို့ မရဘူးနော်။ တိုင်းဆိုတဲ့ အသုံးထက် အားလုံးကို ပြည်နယ်အဖြစ် လုပ်ချင်တာက ကောင်းပါတယ်။ အခုအချိန်က လုပ်ရင် စောနေဦးမလား လို့တော့ ထင်တယ်” ဟု သူက ဆက်ပြောသည်။
တိုင်းရင်းသား ခေါင်းဆောင်များ ပြောဆိုနေသော ၈ ပြည်ထောင်စု မူအစား လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင့်သုံးနေသော ဗဟိုချုပ်ကိုင်မှုကို လျှော့၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လုပ်ပိုင်ခွင့် ပိုမို ပေးခြင်းကသာလျှင် လက်တွေ့ကျမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသား လွှတ်တော်အမတ် ဦးရဲထွန်းက သုံးသပ်သည်။
လွှတ်တော်တွင် ရေးဆွဲထားသော တိုင်းရင်းသား လူနည်းစုများ အခွင့်အရေး ကာကွယ်ရေး ဥပဒေကြမ်းကိစ္စကို NBF ၏ တောင်ကြီး ညီလာခံတွင် အဓိက ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ယင်းဥပဒေကြမ်းသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်ကို ရေးဆွဲရန် တာဝန်ပေးထားသော ဥပဒေကြမ်း ဖြစ်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်ရန် စမ်းကြည့်သည့် သဘောဖြင့် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ တိုင်းရင်းသား ဒေသများ၏ သယံဇာတ ခွဲဝေမှုနှင့် ပတ်သက်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပုဒ်မ တခုကို ပြင်ဆင်နိုင်ရန် လွှတ်တော် အမတ်များ၏ လက်မှတ် လိုက်ယူခြင်းဖြင့် ကြိုးစားခဲ့သေးကြောင်း ဒေါက်တာအေးမောင်က ပြောသည်။
“ပြည်နယ်တခုရဲ့ လွတ်လပ်ပိုင်ခွင့် အကုန်လုံးကို အလွတ်လပ်နိုင်ဆုံး ပေးသင့်တယ်။ ကိုယ့်ပြည်နယ်ကို ကိုယ်တိုင် အုပ်ချုပ်ပိုင်ခွင့်၊ ကြိုးစားပိုင်ခွင့် ရရမယ်။ ကျနော်တို့ ရှင်သန်ခွင့် လိုချင်တယ်။ ရှင်သန်ခွင့်ဆိုတာ အုပ်ချုပ်ခွင့်တို့၊
ပြဋ္ဌာန်းခွင့် တို့ကို ပြောတာပါ။ ဗဟိုရဲ့ စည်းနှောင်မှုကတော့ ရှိရမှာပေါ့” ဟု သူက ဆိုသည်။
ယခင်က လူမျိုးစု လွှတ်တော်ဟူ၍ ရှိခဲ့ပြီး ယခင် လူမျိုးစုလွှတ်တော်နှင့် ယခု အမျိုးသားလွှတ်တော်က တူကြောင်း၊ အမျိုးသားလွှတ်တော်တွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ၁၂ ဦးကျစီ ပါဝင်ကြောင်း၊ သို့ရာတွင် လွှတ်တော် နှစ်ခု၏
လုပ်ပိုင်ခွင့် တူနေသောကြောင့် လွှတ်တော်နှစ်ရပ် ခွဲထားခြင်းမှာ အဓိပ္ပာယ် မဲ့နေသည်ဟု မြင်ကြောင်း ဒေါက်တာ အေးမောင်က ဆက်ပြောသည်။
“စစ်မှန်တဲ့ ပြည်ထောင်စု ပုံစံ ဖော်နိုင်အောင် အမျိုးသားလွှတ်တော်ကို လူမျိုးစုလွှတ်တော်လို ဖန်တီးပေးရမယ်။ တိုင်း ၇ ခုကို ပေါင်းပြီးတော့ ပြည်မ ပြည်နယ်တခု အဖြစ် သတ်မှတ်ပေးဖို့လိုတယ်” ဟု သူက ရှင်းပြသည်။
နိုင်ငံခြားရေး၊ သံတမန်ရေး၊ ငွေရေးကြေးရေးတို့ကို ပြည်ထောင်စု အစိုးရက တိုက်ရိုက် ချုပ်ကိုင်သင့် သော်လည်း ပြည်နယ်များ အနေဖြင့် ဝန်ထမ်းခန့်အပ်ခွင့်၊ ဋ္ဌာနမျိုးစုံကို စီမံခန့်ခွဲခွင့်နှင့် ပြည်နယ် လုံခြုံရေးကို ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ယူခွင့် စသည့် အခွင့်အရေးများ ရလိုကြောင်း၊ ပြည်နယ်တွင် အနိုင်ရရှိထားသော သူများက ပါလီမန်တွင် အစိုးရဖွဲ့၍ အရေးကြီးသော ဝန်ကြီး နေရာများ ရယူခွင့် လိုအပ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုကြသည်။
ဖက်ဒရယ် ဝါဒသည် ခွဲထွက်ခြင်း မဟုတ်ဘဲ ပေါင်းစည်းခြင်းသာ ဖြစ်ကြောင်း၊ ဖက်ဒရယ်ကို ခွဲထွက်သည်ဟု ယူဆသူများမှာ ၁၉၆၂ ခုနှစ် အာဏာသိမ်းသူများနှင့် ၎င်းတို့ နောက်လိုက်များ၏ အယူအဆသာ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဖက်ဒရယ် စနစ် ကျင့်သုံးသော နိုင်ငံများသည် အတူတကွ ပေါင်းစည်းနေကြောင်း၊ ဖက်ဒရယ်စနစ်နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အတွက် ပေးလာသော အခြေအနေပေါ် မူတည်၍ လက်တွေ့ကျကျ ဆောင်ရွက်လိုကြောင်း ချင်းတိုင်းရင်းသား ခေါင်းဆောင်တဦးက
ပြောသည်။
“ကမ္ဘာပေါ်မှာ လူဦးရေ သန်းတရာကျော်တဲ့ နိုင်ငံကြီးတွေ အားလုံး ဖက်ဒရယ်စနစ်ကို ကျင့်သုံးနေပါတယ်။ ဖက်ဒရယ်ကို ခွဲထွက်တယ်လို့ ပြောတာ နိုင်ငံရေး လုပ်ကြံမှုပါ။ ကျနော်တို့ ဘယ်တုံးကမှ ခွဲထွက်ဖို့ မစဉ်းစားဘူး။ ဖက်ဒရယ် လုပ်ရင် ခွဲထွက်လို့ မရတော့ဘူး။ ဖက်ဒရေးရှင်း မလုပ်တော့ ပြောင်းပြန်အဓိပ္ပာယ် ဖြစ်သွားမယ်” ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲအများစု အနိုင်ရခဲ့ သော်လည်း ပါတီအနေဖြင့် အစိုးရ မဖွဲ့နိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအရ သမ္မတက ဝန်ကြီးချုပ်ကို အဆိုပြု နိုင်သောကြောင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှာ ကြံ့ခိုင်ရေးပါတီမှ ရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင်
ဦးခင်မောင်ကြီးက ပြောသည်။
“ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်ကပဲ ရွှေးရမယ်။ ကျနော်တို့က အများစု နိုင်ရဲ့သားနဲ့ နေရာမရဘူး။ State လို့ ခေါ်ပေမယ့် တကယ့် State အဆင့် မရသေးပါဘူး” ဟု သူက ဆိုသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပမည့် NBF ညီလာခံသို့ တိုင်းရင်းသားပါတီ ၂၀ ကျော် တက်ရောက် မည်ဟု စုံစမ်း သိရှိရသည်။