ကျောင်းကြိုပို့ ဘတ်စ်များ ပြေးဆွဲလိုလျှင် မထသသို့ ဆက်သွယ်နိုင်ပြီ
This article has been converted from Zawgyi One to Unicode
ကျောင်းဖွင့်ရာသီတွင် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန်အတွက် ကျောင်းကြိုပို့ ဘတ်စ်များ ပြေးဆွဲလိုသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ – ဗဟို) ဥက္ကဋ္ဌက ပြောသည်။
“School Bus တွေက လိုအပ်တာအမှန်ပဲ။ အဲဒီစနစ်ကို တကယ် ကျင့်သုံးသင့်တယ်။ အခုဆွဲနေတဲ့ လိုက်ထရပ် တွေက ကလေးတွေအတွက် လုံခြုံမှုလည်းမရှိဘူး။ ဘတ်စ်ကား ဆွဲချင်သူတွေ ဆက်သွယ်ပေးပါ။ ပြေးဆွဲခွင့် ရနိုင်အောင် ကျနော်တို့ သေသေချာချာ ဆွေးနွေးပြီး တိုင်းဒေသကြီး အစိုးရဆီကို တင်ပေးပါ့မယ်” ဟု မ.ထ.သ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။
ရန်ကုန်မြို့တွင် မော်တော်ယာဉ်ဟောင်း အပ်နှံကာ ယာဉ်သစ်များ ဝယ်ယူခွင့် ပြုလိုက်ပြီးနောက်ပိုင်း နေရာအနှံ့ ယာဉ်ကြော ပိတ်ဆို့မှုများ ဆက်တိုက်ကြုံတွေ့နေရာ၊ ကျောင်းဖွင့် ရာသီ ပြန်လည်ရောက်ရှိလာပါက ယခုထက် ပိုမို ဆိုးလာမည်ကို စိုးရိမ်ကြောင်း ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်မောင်းများက ပြောကြသည်။
“ကလေး အယောက် ၁၀၀ မှာ ၇၀ လောက်က ကိုယ်ပိုင်ကားနဲ့ ကျောင်းလာတာ ဆိုတော့ ယာဉ်ကြောတွေ ပိတ်တယ်။ ကျောင်းတွေ ပိတ်ချိန်တောင် ဒီလောက်ပိတ်နေတာ၊ ကျောင်းဖွင့်ချိန် ဆိုရင်တော့ မလွယ်ဘူး” ဟု ရန်ကုန် အနောက်ပိုင်း လိုင်စင်ဖြင့် ပြေးဆွဲနေသည့် မြို့တော် တက္ကစီယာဉ်မောင်း တဦးက ဆိုသည်။
ကျောင်းကြို/ ပို့ ဘတ်စ်ကားများ ပြေးဆွဲခြင်းကို အကောင်အထည် ဖော်သင့်သော်လည်း နံနက် ကျောင်းတက်ချိန်နှင့် ညနေကျောင်းဆင်းချိန် ၂ ချိန်သာ ပြေးဆွဲရမည်ဖြစ်ရာ ရင်းနှီးမြှုတ်နှံမှုနှင့် ငွေကြေးပြန်လည် ရရှိနိုင်မှု မမျှတ ခြင်းကြောင့် ယာဉ်ပိုင်ရှင်များ အနေဖြင့် အခက်အခဲရှိနိုင်ကြောင်း ဦးလှအောင်က ပြောသည်။
ဆက်လက်၍ ၎င်းက “တက္ကသိုလ် ကြို/ ပို့ ယာဉ်တွေဆိုရင် ပိုင်ရှင်နဲ့ ကျောင်းသားတွေကို အရင် ဆွေးနွေးပြီးညှိရတယ်။ School Bus တွေ လုပ်ဖို့အတွက် ဂျာနယ်တစောင်မှာ တွေ့ရတဲ့ ကားကုမ္ပဏီကို ကျနော်တို့ လိုက် စုံစမ်းသေးတယ်။ သူ့ကို စံနမူနာ ဆွဲပြခွင့်ပြုပြီး ကျန်တဲ့ လိုင်းတွေလည်း ဆွဲခိုင်းလို့ ရအောင်၊ သူတို့ကို ဆက်သွယ်လို့ မရလို့။ အခု ဆွဲချင်တဲ့ သူရှိရင် လိုအပ်တာတွေ ဆွေးနွေးပြီး ကျနော်တို့ ကူညီပေးပါ့မယ်” ဟု ပြောသည်။
ရန်ကုန်မြို့တွင်းရှိ ဒဂုံမြို့နယ်၊ လသာမြို့နယ်၊ ကမာရွတ် မြို့နယ်များတွင် ငွေကြေး တတ်နိုင်သည့် မိသားစုမှ ကလေးများ အများဆုံး တက်ရောက်သည့် ကျောင်းများ တည်ရှိကြပြီး ကားရပ်နားကွင်း လုံလောက်စွာ မရှိသည့် အစိုးရ စာသင်ကျောင်း များကြောင့် နှစ်စဉ် ကျောင်းဖွင့်ရာသီတိုင်း ယာဉ်ကြော ပိတ်ဆို့မှု အများဆုံး ဖြစ်ပေါ်လျှက် ရှိသည်။
ရန်ကုန်မြို့တွင် ကျောင်းသား ကလေးငယ်များအတွက် ပုဂ္ဂလိက ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ကျောင်းကြိုပို့ ယာဉ်များ ရှိသော်လည်း အများစုမှာ လုံခြုံရေး အားနည်းသည့် လိုက်ထရပ် ကားများဖြစ်ကာ၊ တချို့က လိုက်အေ့စ်ကားများကို အသုံး ပြုကြသည်။
ယခုနှစ်မှ စတင်၍ စာသင်ကျောင်းများ တည်ရှိရာ လမ်းများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စင်္ကြံလှီး ကားပါကင် များကို လုပ်ဆောင်လျှက် ရှိကြောင်း တွေ့ရသည်။