မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့အနီး ဆာလာရမ်း (Sealyang) ဒေသရှိ ဈေး၌ အလုပ်လုပ်ကိုင်နေသည့် ကိုဝင်းခိုင်နှင့် နာဆစ် ခေါ် ကိုမင်းဇော် ဆိုသူတို့သည် မေလ ၃၀ နှင့် ၃၁ ရက်နေ့တို့တွင် အုပ်စုဖွဲ့ တိုက်ခိုက် သတ်ဖြတ်ခံလိုက်ရကြောင်း ကပုန်းမြို့နယ် နာရေးကူညီမှု အသင်းမှ ကိုဝင်းအောင်က ဧရာဝတီသို့ ပြောသည်။
ဒဏ်ရာ ရသူ ၁၀ ဦးခန့်ကို ဆေးရုံတင်ထားရပြီး ၁ ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း၊ ထိုလူနာများအား နီးစပ်ရာ မြန်မာနိုင်ငံသားများက ကူညီစောင့်ရှောက်ပေးနေကြောင်း၊ မြန်မာ ဘုန်းတော်ကြီးကျောင်းတွင်လည်း ခိုလှှုံနေသူ ၂၀ ကျော် ရှိကြောင်း၊ မြန်မာသံရုံး အနေဖြင့် ယနေ့အထိ လာရောက်ကူညီပေးမှု မရှိသေးကြောင်း သိရသည်။
သေဆုံးသူ နှစ်ဦးစလုံးသည် လည်ပင်းတွင် ဓားဒဏ်ရာဖြင့် သတ်ဖြတ်ခံရကြောင်း၊ အုပ်စုဖွဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းဖြစ်၍ လူသတ်တရားခံများကို အတိအကျ မသိရှိရသေးကြောင်း ကိုဝင်းအောင်က ဆိုသည်။
ဆာလာရမ်းဈေးသည် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးကဲ့သို့ ကုန်စိမ်းပစ္စည်းများ ရောင်းချသည့် ဈေးတခုဖြစ်ပြီး မြန်မာနိုင်ငံသား ရာချီ၍ အလုပ် လုပ်ကိုင်နေကြကြောင်း၊ လက်ရှိ အကြမ်းဖက် တိုက်ခိုက်မှုမျိုး ယခင်က မရှိခဲ့ကြောင်း၊ တိုက်ခိုက်သူများသည် အစွန်းရောက် မွတ်စလင်များ ဖြစ်နိုင်ကြောင်း၊ မလေးရှား အာဏာပိုင်များကလည်း ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးမှု မရှိသေးကြောင်း၊ ဆာလာရမ်းဈေး အပါအဝင် ကပုန်း အရပ်ဒေသ၌ မြန်မာတိုင်းရင်းသား ၁၀၀၀ ဝန်းကျင်ရှိကြောင်း ကပုန်းရှိ မြန်မာနိုင်ငံသားများက ပြောသည်။
မလေးရှားရောက် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုသည် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော မိတ္ထီလာ၊ လာရှှိုး ပဋိပက္ခများနှင့် ဆက်စပ်နိုင်ကြောင်း၊ ဆာလာရမ်း အရပ်၌ မြန်မာတိုင်းရင်းသားများ မနေရဲအောင် လုပ်ဆောင်ခြင်းဟု ထင်မြင်ကြောင်း၊ ယနေ့တွင် အခြေအနေ တည်ငြိမ်နေကြောင်း ကိုဝင်းအောင်က ဆိုသည်။
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနက မေးမြန်းရာ ဆာလာရမ်းဈေး၌ အလုပ် လုပ်နေသည့် မြန်မာနိုင်ငံသားတဦးသည် မေ ၃၀ ရက်နေ့ ညနေတွင် အပြန်လမ်း၌ လူတစု၏ အကြမ်းဖက် တိုက်ခိုက်ခံရကြောင်း၊ နောက်တနေ့တွင်လည်း မြန်မာတဦး အလားတူ တိုက်ခိုက်ခံရကြောင်း ဖြေဆိုသည်။
ဦးတင်လတ်က “အဲဒီဈေးနေရာက ဒုစရိုက်သမားတွေ ကျက်စားတဲ့နေရာပါ၊ မူယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူသတ်မှု စတဲ့ ဒုစရိုက် နယ်မြေဆိုတော့ ရဲတွေကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှု မရှိတဲ့နေရာပါ” ဟု ဆိုသည်။
ဆာလာရမ်းဈေး၌ တရားဝင်လာရောက် လုပ်ကိုင်နေသည့် မြန်မာများ၊ တရားမဝင် မြန်မာများနှင့်ဘင်္ဂါလီလူမျိုး အများအပြားလည်း အလုပ် လုပ်ကိုင်နေကြကြောင်း သံအမတ်ကြီး ဦးတင်လတ်က မြန်မာ့အသံသို့ ဖြေဆိုသွားသည်။
ကပုန်းနာရေး ကူညီမှုအသင်းမှ ကိုဝင်းအောင်ကမူ “ဒီဒေသမှာ လူမျိုးပေါင်းစုံ နေပေမယ့် မြန်မာနိုင်ငံသားတွေကို အဲလိုမျိုး အုပ်စုဖွဲ့ တိုက်ခိုက်တာ တခုမှ မရှိပါဘူး၊ အခုဟာက မြန်မာတိုင်းရင်းသားတွေကို ဒီနေရာမှာ မရှိစေချင်တော့တဲ့ သဘောနဲ့ တိုက်ခိုက် သတ်ဖြတ်တာလို့ ကျနော် မြင်ပါတယ်” ဟု ဆိုသည်။
အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်၍ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရဲချုပ်ရုံးများသို့ သံတမန် နည်းလမ်းအရ မြန်မာသံရုံးက အကြောင်းကြား၍ ကာကွယ်စောင့်ရှောက်ပေးရန် ဆောင်ရွက်ထားကြောင်း၊ ထူးခြားမှုရှိပါက မြန်မာသံရုံးသို့ ဆက်သွယ်ရန် သတိပေးထားကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများ တိုက်ခိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မေးမြန်းရန် ကွာလာလမ်ပူရှိ မြန်မာသံရုံးသို့ ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။