အစိုးရက ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို လက်ဆောင်အဖြစ် ကားလိုင်စင်တွေ ချပေးတာကို တိုင်းရင်းသား အဖွဲ့တွေကလည်း လက်ခံခဲ့ကြတဲ့အတွက် ဝေဖန်သံတွေ ထွက်ပေါ်လာပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အစိုးရဘက်က ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြားခဲ့ပြီး အဲဒီ အခမ်းအနားမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ကားလိုင်စင် လုပ်ရာမှာ အခွန်လျှော့ပေါ့ခွင့်၊ အခမဲ့ လုပ်ခွင့်တွေပါတဲ့ စာအိတ်တွေကို တဖွဲ့ချင်းစီ လက်ဆောင်အဖြစ် ပေးခဲ့တယ်လို့ ချင်းအမျိုးသား တပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူးချုပ် ဒေါက်တာ ရွှေခါးက ပြောပါတယ်။
အဲဒီပွဲမှာ အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲထားတဲ့ CNF ကလည်း တက်ရောက်ခဲ့ပြီး ကားအစီး ၆၀ အတွက် လိုင်စင် အခမဲ့ ပြုလုပ်ခွင့်၊ လျှော့ပေါ့ခွင့်တွေ ပါဝင်တဲ့ စာအိတ် ရရှိခဲ့သလို တက်ရောက်လာတဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ရတယ်လို့ ဆိုပါတယ်။
“ပြည်ထောင်စုနေ့ လုပ်တဲ့အချိန်မှာပဲ စာအိတ်နဲ့ အကုန်လုံး ပေးလိုက်တယ်။ ဦးအောင်မင်းက ပေးတာပါ။ ပါးစပ်ကလည်း ပြောပြပါတယ်၊ ကျနော်တို့ ဒီလိုဒီလို စီစဉ်ထားပါတယ်ပေါ့။ ကျနော် သိသလောက်တော့ တခြားအဖွဲ့တွေ (အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်း သားအဖွဲ့တွေ) လည်း ရပါတယ်” လို့ ဒေါက်တာ ရွှေခါးက ဧရာဝတီကို ပြောပါတယ်။
အဲဒီအထဲမှာ ခေါင်းဆောင်ပိုင်းတွေအတွက် ကားအစီး ၂၀ စာကိုတော့ လိုင်စင်အခမဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပြီး တပ်ရင်း တပ်ဖွဲ့တွေအတွက် အစီး ၄၀ ကိုတော့ အခွန် ၆၀ ရာခိုင်နှုန်း ဆောင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
CNF အနေနဲ့ ရရှိလာတဲ့ ကားအစီး ၆၀ ကို ဒေသဆိုင်ရာ ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့နဲ့ ညှိနှိုင်းပြီး ခေါင်းဆောင်တွေအတွက် ဇိမ်ခံကား အစီး ၂၀ အပါအဝင် ကုန်တင်ကားတွေနဲ့ မီနီဘတ်စ်ကားတွေ အိန္ဒိယ နယ်စပ်ကနေတဆင့် တင်သွင်းပြီး လိုင်စင်လည်း အားလုံး ပြုလုပ်ပြီးသွားပြီ ဖြစ်ကြောင်း ဒေါက်တာ ရွှေခါးက ပြောပါတယ်။
အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်စဉ် ကာလမှာ အခုလို ကားလိုင်စင်တွေပေးပြီး စည်းရုံး ဆွဲဆောင်နေတဲ့အပေါ် ငြိမ်းချမ်ရေးနဲ့ ဒီမိုကရေစီ အရေးအတွက် စိုးရိမ်မိကြောင်း ချင်းတိုးတက်ရေးပါတီ (CPP) ရဲ့ အထွေထွေ အတွင်းရေးမှူး ပူးရှိန်းထွန်းက ဧရာဝတီကို ပြောပါတယ်။
“ဆွဲဆောင်မှု ပေးလိုက်တာပေါ့နော်၊ နိုင်ငံတော် ပေါ်လစီအရ အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်လာထိုးကြပါ၊ ကျနော်တို့ ဘာတွေပေးမယ်ဆိုတဲ့ ဟာမျိုး တဖက်က မက်လုံးပေးတာပေါ့နော်။ တဖက်မှာကျတော့ ဘာသွားဖြစ်လဲဆိုတော့ လက်နက်ကိုင်မှ အခွင့်အရေးရမယ်ဆိုတဲ့ အမြင်မျိုးသည် လူငယ်တွေထဲမှာ ရောက်သွားမယ်ဆိုရင် မြန်မာပြည်အတွက် အန္တရယ် အများကြီး ရှိတယ်” လို့ ပူးရှိန်းထွန်းက ပြောပါတယ်။
CNF အနေနဲ့ အစိုးရစီက ဆွဲဆောင်မှုတွေကို အခုမှ ရရှိခဲ့တာ မဟုတ်ဘဲ အပစ်အခတ်ရပ်စဲရေး စတင် ဆွေးနွေးစဉ်ကတည်းက မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာ သစ်ထုတ်လုပ်ရေး လုပ်ကိုင်ခွင့်တွေကို ရရှိထားတယ်လို့ သူက ဆက်ပြောပါတယ်။
“CNF လို အဖွဲ့သေးသေးလေးတောင် ဒီလောက် အခွင့်အရေးတွေ ရနေမယ်ဆိုရင် အခြား ကရင်တို့၊ ရှမ်းတို့လို အဖွဲ့ကြီးကြီးတွေ ဆိုရင် ဘယ်လောက် ပေးနေရမလဲဆိုတာ စဉ်းစားစရာပါ။ နိုင်ငံတော်က ကစားနေတဲ့ ပေါ်လစီကတော့ ကျနော်တို့ တိတိကျကျ မှန်းလို့ မရသေးဘူးပေါ့နော်” လို့ ပူးရှိန်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု အနိမ့်ဆုံး စာရင်းမျာရှိနေတဲ့ ချင်းပြည်နယ် ဖွံ့ဖြိုးရေးအတွက်ကို ဒေသတွင်းမှာရှိတဲ့ ပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက လွတ်တော် အတွင်း၊ အပြင်မှာ ကြိုးပမ်းမှုတွေရှိခဲ့ပေးမယ့် အစိုးရက ထိထိရောက်ရောက် ပံ့ပို့ဆောင်ရွက်မှုတွေမရှိဘဲ CNF ကို ကွက်ပြီး အခွင့်အရေးတွေ ပေးခဲ့တဲ့အပေါ် ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် (Zomi Congress for Democracy – ZCD) ပါတီရဲ့ ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန်ကလည်း ဝေဖန်ပြောဆိုပါတယ်။
“ပြည်သူလူထု ကြားထဲမှာနေ အမြဲတမ်းရပ်တည်ပြီး လုပ်ဆောင်လာတဲ့ ကျနော်တို့လို့ အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေ၊ လမ်းတွေ ပြင်ပေးပါတို့၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့ ကျတော့ မျက်ကွယ်ပြုတယ်၊ လက်နက်ကိုင်တဲ့ လူတွေကျတော့ အခုလိုမျိုးအခွင့် အရေးတွေ ပေးတယ်ဆိုတာ တရားမျှတမှု မရှိဘူး။ အခုလို လုပ်တာဟာ ပြည်သူလူထုထဲက ပုန်ကန်ထကြွဖို့ အားပေးတာပဲလို့ အဲလိုပဲမြင်တယ်” လို့ ပူးကျင့်ရှင်းထန်က ဧရာဝတီကို ပြောပါတယ်။
ပူးကျင့်ရှင်းထန်ဟာ CRPP ခေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ အဖွဲ့ဝင်တဦးလည်း ဖြစ်သလို ၁၉၈၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ဇိုမီးအမျိုးသားကွန်ဂရက် (Zomi National Congress – ZNC) ပါတီရဲ့ အကြီးအကဲလည်းဖြစ်ပြီး သူ့ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ တီးတိန်၊ တွန်းဇံ၊ ကလေးနဲ့တမူးမြို့နယ် မဲဆန္ဒနယ်တွေမှာ အနိုင်ရခဲ့ပါတယ်။
ပြည်ထောင်စုနေ့က အစိုးရကပေးတဲ့ ကားလိုင်စင်ဟာ လက်နက်ကိုင် အဖွဲ့ငယ်တွေကို အစီးရေ ၆၀ ဝန်းကျင်ပေးပြီး အင်အားကြီး အဖွဲ့တွေကို ၁၀၀ ကျော်အထိပေးကြောင်း စုံစမ်းသိရှိရပါတယ်။ အဲဒီအထဲမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) ကလည်း အစီးရေ ၁၂၀ ရရှိခဲ့ကြောင်း ဧရာဝတီက သတင်းဖော်ပြပြီး (https://burma.irrawaddy.com/archives/40653) ဖြစ်ပါတယ်။
အစိုးရနဲ့နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးရဲ့ ပြောပြချက်အရ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေအနေနဲ့ ရရှိတဲ့ ကားအစီးရေထဲက ခေါင်းဆောင်တွေအတွက် ရတဲ့အစီးရေကိုသာ အသုံးပြုပြီး ကျန်တဲ့အစီးရေတွေကို စီးပွားရေးသမားတွေနဲ့ ချိတ်ဆက် ရောင်းချတယ်လို့ ဆိုပါတယ်။
“များသောအားဖြင့်တော့ ခေါင်းဆောင်ပိုင်းတွေအတွက် ရတဲ့ ကိုတာကလွဲပြီး ကျန်တဲ့အစီးရေတွေကို ဒီက စီးပွားရေးသမားတွေနဲ့ပဲ ချိတ်ပြီး ပြန်ရောင်းကြတယ်။ ဒီအခွင့်အရေးရတဲ့ သူတို့အဖွဲ့တွေအတွက်တော့ ကားတစီးကို သိန်းရာနဲ့ချီပြီး ဝင်ငွေရတာပေါ့” လို့ သူက ဧရာဝတီကို ပြောပါတယ်။
အခုလို အရေးကြီးတဲ့ နိုင်ငံရေး၊ စစ်ရေး ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ တန်ဖိုးကြီးတဲ့ ကားလိုင်စင် လက်ဆောင်ပေးတဲ့ သတင်းဟာ တိုင်းရင်းသားအဖွဲ့တွေ အကြားမှာ ပေါ်ပေါက်လာခဲ့ပြီး ဒီဖြစ်ရပ်ဟာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှုတွေရှိနိုင်ကြောင်း ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။