အဓိကရုဏ်း ဖြစ်ပွားခဲ့သည့် လားရှိုးမြို့တွင် ယနေ့ ဇွန်လ ၃ ရက် တနင်္လာနေ့မှ စတင်၍ ဈေးနှင့် ကျောင်းများ ပုံမှန်ပြန်ဖွင့်ကာ မန်ဆူ ရှမ်းကျောင်းနှင့် ခရိုင် အားကစားရုံတွင် ခိုလှုံနေရသည့် မွတ်စလင် ဒုက္ခသည်များ အားလုံးကိုလည်း ယနေ့ နံနက်ပိုင်းတွင် နေအိမ်များသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
“အိမ်ထောင်စု ၂ စု မပြန်နိုင်သေးပါဘူး။ တစုက နေအိမ်မီးရှို့ခံလိုက်ရလို့ လောလောဆယ် နေစရာ မရှိသေးလို့ နေရစ်ခဲ့တာပါ။ တစုကတော့ နေအိမ် အနည်းငယ် ပျက်စီးသွားလို့ အခု ပြင်ပေးနေပါတယ်။ ပြီးရင်တော့ သူတို့လည်း ပြန်ကြမှာပါ။ အားလုံး အေးအေးဆေးဆေး ပါပဲ” ဟု ပြည်နယ် ပြန်ကြားရေးရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
နေအိမ်ဖျက်ဆီးခံရသည့် ဒုက္ခသည် အိမ်ထောင်စု ၂ စုကို လားရှိုးမြို့ ရပ်ကွက် ၇ အထက ၂ ကျောင်းရှေ့ရှိ ပန်းသေးကျောင်း သို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။ အဓိကရုဏ်း ကာလအတွင်း နေအိမ်စွန့်ခွာ ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း ၁၃၉၉ ဦး၊ အိမ်ထောင်စုအားဖြင့် ၂၇၃ စုကို လုံခြုံရေး အင်အား အပြည့်အစုံဖြင့် နေအိမ်များသို့ ပြန်ပို့လိုက်ကြောင်း သိရသည်။
အဓိကရုဏ်း စတင်ဖြစ်ပွားပြီး နောက်တရက် မေလ ၂၉ ရက်နေ့မှ စ၍ ပိတ်ထားခဲ့သော မြို့မဈေးကြီးကိုလည်း ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ပြီး ဈေးရောင်းဈေးဝယ် ပုံမှန် စည်ကားလျှက်ရှိကြောင်း ပြည်နယ် ပြန်ကြားရေးရုံးမှ တာဝန်ရှိသူက ဆိုသည်။
ဈေးနှင့် ကျောင်းများ ပုံမှန် ပြန်ဖွင့်ထားသော်လည်း မေလ ၂၈ ရက်နေ့ကတည်းက ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ကိုမူ ရုပ်သိမ်းခြင်းမရှိဘဲ ည ၈ နာရီမှ မနက် ၄ နာရီ အထိ လျှော့ချပေးလိုက်ကြောင်း သိရသည်။ ပုဒ်မ ၁၄၄ ကြေညာချက်နှင့် အလားတူ ဖြစ်ရပ်မျိုး ထပ်မဖြစ်စေရန် ကြေညာချက်များကို သက်ဆိုင်ရာမှ ယာဉ်တန်းဖြင့် ရပ်ကွက်များအတွင်း လိုက်လံ ကြေညာနေဆဲဖြစ်ကြောင်း သိရသည်။
“ဒုက္ခသည်တွေ အိမ်ပြန်ပို့ပြီဆိုတော့ အားလုံး ပိုပြီး သတိဝီရိယ ရှိဖို့ လိုလာပြီ။ အဲဒါကြောင့် လှည့်လည် ကြေညာမှုကို အရင်ကထက် ပိုလုပ်ပါတယ်။ နောက်ပြီး သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးတွေကို တာဝန် တရပ်အနေနဲ့ကို လူစိမ်းတွေ့လား၊ ထူးခြားဖြစ်စဉ်ရှိလား စတာတွေ ကိုင်တွယ်ဖို့ တာဝန်ပေးထားပါတယ်” ဟု လားရှိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောသည်။
နေရပ်ပြန် မွတ်စလင်များ၏ လုံခြုံရေးကို မြို့နယ်မှ ဖွဲ့စည်းထားသော အဖွဲ့၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် နယ်မြေအလိုက် ထားရှိသော နယ်မြေမှူးများမှ တာဝန်ယူမည်ဖြစ်ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ထားစဉ်အတွင်း ကုန်စည် စီးဆင်းမှု အရှိန်မပျက်စေရန်အတွက် မူဆယ်၊ မန္တလေး ကားများကို တိုးဂိတ်များတွင် စုစေပြီး ၁ နာရီခြား တကြိမ် ပုံမှန် ဖြတ်သန်းခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
အဓိကရုဏ်းကြောင့် မြန်မာငွေ ကျပ်သိန်းပေါင်း ခြောက်ရာ ရှစ်ဆယ့် လေးသိန်းကျော် ဆုံးရှုံးခဲ့ရကြောင်း၊ အဓိကရုဏ်းတွင် ပါဝင်သည်ဟု ယူဆရသူ ၄၄ ဦးကို ဖမ်းဆီးရမိပြီး ဖြစ်ကြောင်း ပြည်နယ် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။