ဗြိတိသျှ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ် (Sir David Richards) သည် မြန်မာနိုင်ငံသို့ ၂ ရက်တာ ခရီးစဉ်အဖြစ် ယမန်နေ့ညနေက စတင်ရောက်ရှိနေပြီ ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ၁၉၆၂ ခုနှစ် ဦးနေဝင်းက တိုင်းပြည်အာဏာ သိမ်းပြီးနောက်ပိုင်း ဗြိတိသျှ စစ်တပ်အကြီးအကဲ တဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်နှင့် ဇနီးတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် ဇာနည်ဝင်း၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မောင်ဦးလွင်၊ မင်္ဂလာဒုံ လေတပ် စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mr.Andrew Heyn နှင့် စစ်သံမှူးတို့က ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနက ဖော်ပြသည်။
ဗြိတိသျှ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံတွင် တော်လှန်ရေး ကောင်စီအစိုးရ တဖြစ်လဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ၊ န.ဝ.တ၊ န.အ.ဖ စစ်အစိုးရများ လက်ထက်က မြန်မာနိုင်ငံနှင့် တပ်မတော်ချင်း ဆက်ဆံရေး မရှိခဲ့ပေ။
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာပြီးနောက် ၂ နှစ်ကျော် ကာလအတွင်း အနောက်နိုင်ငံများနှင့် ဆက်ဆံရေး လမ်းပွင့်ခဲ့ပြီး ပိတ်ဆို့ အရေးယူမှုများလည်း တဆင့်စီ ဖြေလျှော့ပေးခဲ့သည်။
ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ် တိုးတက်မှုများ ရှိလာသည့် နောက်ပိုင်း ဗြိတိန်အစိုးရက မြန်မာအစိုးရနှင့် နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှုကို မြှင့်တင်လာခဲ့သကဲ့သို့ စစ်သားချင်း ဆက်ဆံရေးကို ပြန်လည် စတင်လိုက်ခြင်း ဖြစ်သည့်အတွက် အရေးကြီးသည့် ခရီးစဉ်အဖြစ် လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။
ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်သည် လာမည့်လတွင် တပ်မတော် အကြီးအကဲတာဝန်မှ အနားယူမည်ဖြစ်ပြီး သူ၏နေရာအား ဗိုလ်ချုပ်ကြီး နီကိုလပ်စ် ဟူတန်က ဆက်ခံမည်ဖြစ်ကြောင်း သိရသည်။
ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လာပြီး နောက်ပိုင်း ဗြိတိန်တပ်မတော် အနေဖြင့်လည်း မြန်မာ့တပ်မတော်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်း ရှိလာသကဲ့သို့ အမေရိကန် ပြည်ထောင်စုကလည်း မြန်မာ့တပ်မတော်နှင့် စပ်တပ်ခြင်း ထိတွေ့ဆက်ဆံမှုကို စတင်လာခဲ့သည်။
မကြာသေးမီက နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး သိပ္ပံက စင်ကာပူနိုင်ငံ၌ စီစဉ်ကျင်းပခဲ့သော ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အမေရိကန် ကာကွယ်ရေး ဝန်ကြီး Mr. Chuck Hagel က မြန်မာ့ အပြောင်းအလဲများအပေါ် မြန်မာ့တပ်မတော်က အခိုင်အမာ ထောက်ခံရန်နှင့် လူ့အခွင့်အရေး လေးစားရန်၊ အရပ်သား အစိုးရ၏ အားထားရသော စစ်တပ်ဖြစ်စေရေးတို့ကို ရည်ရွယ်ကာ စစ်တပ်ချင်း ဆက်ဆံရေးကို စတင်ပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်ဟု သိရသည်။
အမေရိကန်၏ အာရှဗဟိုပြု မဟာဗျူဟာအရ အာရှဒေသအနာဂတ် လုံခြုံရေး၊ ငြိမ်းချမ်းရေးတို့ကို အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကို အမေရိကန်က အိမ်ရှင်အဖြစ် ပထမဆုံး ကျင်းပမည် ဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့လည်း အာဆီယံဒေသ ကာကွယ်ရေး ဝန်ကြီးများကို ဖိတ်ကြားကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောသည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။
နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေး ဝန်ကြီးများ၊ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ၊ အစိုးရ ထိပ်တန်း တာဝန်ရှိသူများ တက်ရောက်ခဲ့သည့် ရှန်ဂရီလာ ဆွေးနွေးပွဲကို မေလ ၃၁ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ စင်ကာပူ နိုင်ငံတွင် ကျင်းပခဲ့ရာ ကာကွယ်ရေးဆိုင်ရာ သံတမန်ဆက်ဆံရေးနှင့် ပဋိပက္ခ တားဆီးနှိမ်နင်းရေးဟူသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှ ဒု ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်က ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း သမ္မတ အိုဘားမားနှင့် ဆွေးနွေးရာတွင် မြန်မာ စစ်ဘက်နှင့် လုံခြုံရေး အရာရှိများကို အမေရိကန်မှ လေ့ကျင့်သင်ကြားပေးရေး ကိစ္စတို့လည်း ပါဝင်ခဲ့သည်။
မြန်မာ့အရေး လှုပ်ရှားသူများက မြန်မာစစ်တပ်နှင့် လုံခြုံရေး တပ်ဖွဲ့များအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိနေသေးကြောင်း၊ ပဋိပက္ခများကို ကိုင်တွယ်ရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မညီဘဲ အင်အားသုံး ဖြေရှင်းမှုများ ရှိနေကြောင်း ထောက်ပြကြသည်။
သို့အတွက် အမေရိကန်နှင့် ဗြိတိန်နိုင်ငံကြီးများ၏ စစ်တပ်များ အနေဖြင့် မြန်မာစစ်တပ်အား လူ့အခွင့်အရေးကို လေးစားသည့် တပ်မတော်၊ ဒီမိုကရေစီကို ကာကွယ်သည့် တပ်မတော်ဖြစ်ရေး လုပ်ဆောင်ခြင်းသည် ကောင်းမွန်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဦးကိုကိုကြီးက ဧရာဝတီကို ပြောသည်။
“သမ္မတ အိုဘားမား လာတုန်းက ကျနော် သီးခြားတွေ့စဉ် ပြောဖြစ်တာက အစိုးရချင်း ဆက်ဆံရေးတင်မကဘဲ မြန်မာ စစ်တပ်ကိုလည်း ဆက်ဆံဖို့နဲ့ မြန်မာ့တပ်မတော်ကို တကယ့် တပ်မတော် စစ်စစ်ဖြစ်လာဖို့၊ လူ့အခွင့်အရေး လေးစားဖို့၊ ဒီမိုကရေစီ ကာကွယ်နိုင်ဖို့တွေ မျှဝေ လေ့ကျင့်ပေးသင့်တယ်လို့ အကြံပြုခဲ့သေးတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။