ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူအားလုံး ပါဝင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှု ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ပြည်တွင်းပြည်ပရှိ သက်ဆိုင်သူများ အားလုံး ပါဝင်တွေ့ဆုံနိုင်ရေး ရည်ရွယ်ပြီး ကျင်းပပြုလုပ်ရန်ရှိကြောင်း သိရသည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်ချက်တွင် ငွေရတု အခမ်းအနား ကျင်းပရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံပြုပြင် ပြောင်းလဲမူတွင် အဓိကအကျဆုံးနှင့် မဖြစ်မနေဆောင်ရွက်ရမည့် အမျိုးသားရေး လိုအပ်ချက်ဖြစ်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး မူအပေါ်အခြေခံ၍ နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်သူအားလုံး တွေ့ဆုံနိုင်ရန် ဖြစ်ကြောင်း ဆိုသည်။
”အခမ်းအနားကတော့ ၈ ရက်နေ့မှာ လုပ်မယ်။ ဒါပေမယ့် ကျနော်တို့က နိုင်ငံရေး အနှစ်သာရရှိရှိနဲ့ တွေ့ဆုံတဲ့ပုံစံ လုပ်မှာဆိုတော့ ကြိုပြီးတော့ ၆ ရက်နေ့ကနေ စဖို့ လုပ်ထားတယ်။အကြမ်းဖျဉ်း လျာထားချက်ပါ”ဟု ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုမြအေးက ဆိုသည်။
တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရခြင်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသော ပြည်တွင်းပြည်ပ
နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ယနေ့ထက်တိုင် အသွင်သဏ္ဍာန်မျိုးစုံဖြင့် တိုက်ပွဲဝင်ခဲ့ကြသော တိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများအားလုံး ပြန်လည်စုစည်းကြရန်ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားသည်။
အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း အားလုံးနှင့် အစိုးရတာဝန်ရှိသူများကိုပါ ဖိတ်ကြားသွားမည်ဟုလည်း သိရသည်။
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ဖြတ်သန်း ကြီးပြင်းခဲ့ကြသူများ ရန်ကုန်တွင် စုစည်း ဆွေးနွေးပြီး ငွေရတုအခမ်းအနား ကျင်းပရေးလုပ်ငန်းကော်မတီဝင် ၁၆ ဦးကို ဖွဲ့စည်းထားသည်။ ယင်းလုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယနေ့ ဇွန်လ ၂ ရက် မွန်းတည့် ၁၂း၀၀ နာရီတွင် ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှစ်လေးလုံးအရေးတော်ပုံဟု ခေါ်ဆို သုံးနှုန်းကြသော ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ၁၉၈၈ မတ်လ ၁၃ ရက် စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် အရပ်သားများ စကားများ ရန်ဖြစ်ရာမှ လုံခြုံရေးရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်မှုဖြင့် စက်မှုတက္ကသိုလ်ကျောင်းသား နှစ်ဦး သေဆုံးခဲ့သည်ကို ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသားများက ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းမှ စသည်။
ယင်းနှစ် ဩဂုတ်လတွင် စီးပွားရေး ချွတ်ခြုံကျအောင် အုပ်ချုပ်မှု ညံ့ဖျင်းခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို မြို့ကြီး အတော်များများတွင် အထွေထွေသပိတ်မှောက်ခဲ့ကြရာ စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုကြောင့် လူ ထောင်ချီ၍ သေဆုံးခဲ့သည်။ စစ်ဗိုလ်ချုပ်ဟောင်း နှစ်ဦးဖြစ်သူ ဦးနေဝင်းနှင့် ဦးစိန်လွင်တို့ သမ္မတရာထူးမှ နှုတ်ထွက်ပေးရပြီး အရပ်သား ဒေါက်တာ မောင်မောင် သမ္မတဖြစ်လာသည်။
ဒေါသထွက်နေသော ဆန္ဒပြသူများက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အပြီးတိုင်ဖျက်သိမ်းရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေးတို့ တောင်းဆိုပြီး နိုင်ငံရေးအရ စေ့စပ်မရဖြစ်နေချိန် လုယက်ဖျက်ဆီးမှုများ၊ သတ်ဖြတ်မှုများ လူထုအကြား ပြန့်ပွားလာပြီး တပ်မတော်က အာဏာသိမ်းယူရာ ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသူများ ထပ်မံပစ်သတ်ခံခဲ့ရသည်။
”ကျနော်မျက်စိထဲမှာ ပြန်မြင်နေတာက ဗိုလ်ချုပ်အောင်ဆန်းပုံလေးကို ကိုင်ပြီးတော့မှ ကတ္တရာလမ်းမပေါ်မှာ ချီတက်ရင်း ကျဆုံးသွားတဲ့ မောင်နှမတွေကို သတိရတယ်။ ကတ္တရာလမ်းမပေါ်မှာ အဖြူအစိမ်းလေးတွေနဲ့ အလံလေးတွေကိုင်ပြီး လဲကျသူတွေအများကြီးပါ။ သူတို့ပေးဆပ်မှုတွေကြောင့် ဒီနေ့လို ခေတ်တစ်ခေတ်ကို ရောက်လာတာလို့ ကျနော်မြင်တယ်”ဟု ကိုမြအေးက ဆိုသည်။
၈၈ အရေးတော်ပုံကာလသည် မတရားသော အစိုးရတစ်ရပ်ကို တော်လှန်ရန် လူထု လူတန်းစား အလွှာအားလုံး စုစည်းမိသောအချိန်ဟု ပြောချင်ကြောင်း၊ တိုင်းပြည်တွင် လူထုအားလုံး ညီညွှတ်သော အချိန်ကာလတခုအဖြစ် အမှတ်ရနေကြောင်း၊ တံတားနီ အရေးအခင်းတွင် ကျောင်းသားကျောင်းသူများ အရိုက်ခံရခြင်းကို တွေ့၍ ၈၈ အရေးအခင်းတွင် ပါဝင်လာခဲ့မိကြောင်း ၈၈ ကာလတွင် အခြေခံပညာကျောင်းသားများ သမဂ္ဂတွင် ဝင်ရောက်လှုပ်ရှားခဲ့သူ ကိုသီဟ (NHK) က ပြောသည်။
”ဒီအရေးအခင်းကြောင့် ဆိုရှယ်လစ်အစိုးရ ပြုတ်ကျသွားတယ်။ ဘာပဲဖြစ်ဖြစ် အာဏာသိမ်းလိုက်တဲ့ အစိုးရကလည်း ဒီမိုကရေစီဆိုတာကြီးကို အာမခံပေးလိုက်ရတယ် အဲဒီအချိန်တုန်းက ပြည်သူတွေညီညွတ်ခဲ့သလို အခုပြန်ရအောင်လုပ်နိုင်ရင် ကျနော်တို့လိုချင်တဲ့ ပန်းတိုင်ရပြီ”ဟု ဆိုသည်။
ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ခုသို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းနိုင်ရေး လှုပ်ရှားမှုသည် ၈၈ ဒီမိုကရေစီအရေးတော်ပုံပင် ဖြစ်ကြောင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ကိုမြတ်စံက ပြောသည်။
”စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးသွားတာကို အကြောင်းပြုပြီးတော့ ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးပါ။ အစပိုင်းမှာ ကျောင်းသားတွေပဲ ပါပေမယ့် နောက်ပိုင်းမှာ ရဟန်းရှင်လူ ပြည်သူအားလုံးပါလာတယ်။ လူထုက သူတို့လိုချင်တာကို လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်တာပဲ။ နောက်ပိုင်းကျမှ အကြမ်းဖက်မှုတွေပါလာပြီးတော့ ဒီမိုကရေစီတောင်းဆိုမှုကို ပုံပျက်သွားအောင်လုပ်လိုက်တာပဲ”ဟု သူကဆိုသည်။
ရှစ်လေးလုံး အရေးတော်ပုံတွင် တက်ကြွစွာပါဝင်ခဲ့သူ ကိုဗထူးမောင်က” အမှတ်ရဆုံး အဖြစ်အပျက်က ဒေါ်ခင်ကြည် ဈာပနမှာပါ။ လူအုပ်ကြီးက အရမ်းများလာတဲ့အခါ လူအုပ်ကြီးကို ဖောက်ခွဲပစ်ဖို့ စဉ်းစားမိတယ်။ အဲဒီအချိန်မှာ အကိုက ဖမ်းဝရမ်းအထုတ်ခံထားရတော့ စိတ်ကလဲလှုပ်ရှားနေတယ်။ လူထုကို နိုင်မြန်မာရေးတဲ့သီချင်းကို ဝေထားတယ် ကမ္ဘာမကြေဘူး ဆိုတာလေ။ အစိုးရ အသံလွှင့်ရုံရှေ့ရောက်တော့ လူအုပ်ကို အော်ပြောလိုက်တယ်။ ကျနော်က အမေဒေါ်ခင်ကြည်လို့ အော်ပါမယ်။ ခင်ဗျားတို့က သက်တော်ရာကျော်ရှည်ပါစေလို့ အော်ပေးပါလို့ ပြောလိုက်တယ်။ အမှန်က ကောင်းရာသုကတိလားပါစေ အော်ခိုင်းရမှာ။ လူအုပ်ကလည်း မသိဘူး။ အကိုက ရှေ့ကနေ အမေဒေါ်ခင်ကြည်လို့ အော်တယ်။ လူအုပ်က သက်တော်ရာကျော် ရှည်ပါစေလို့ လိုက်အော်တယ်ဗျာ။ ပြီးမှ ပြန်သတိရပြီး ကောင်းရာသုကတိလားပါစေလို့ ပြန်အော်ခိုင်းရတယ်”ဟု အမှတ်တရ ဆိုသည်။