အမေရိကန် ပြည်ထောင်စုသို့ ပြီးခဲ့သည့် မေလအတွင်းက သမ္မတ ဦးသိန်းစိန်နှင့် အတူ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် လိုက်ပါသွားခြင်းဖြင့် အမေရိကန်နှင့် မြန်မာ တပ်မတော်နှစ်ရပ်အကြား တရားဝင်ဆက်ဆံရေး ပြန်လည် စတင်လိုက်ပြီ ဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက စင်ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှဒေသ လုံခြုံရေးဆိုင်ရာ ညီလာခံ (Shangri La Dialogue 2013) ၌ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ချက်ခ် ဟေဂယ် (Chuck Hagel) က “မြန်မာပြည်က လက်ရှိအပြောင်းအလဲတွေကို စစ်တပ်အနေနဲ့ ထောက်ခံပြီး လူအခွင့်အရေးကို လေးစားလိုက်နာတဲ့ အရပ်သားအစိုးရ အားထားရတဲ့ စစ်တပ်ဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အပြန်အလှန် ဆက်ဆံရေးကို သေသေချာချာ တွက်ပြီး ဆက်ဆံရေး စတင်နေပါပြီ” ဟု ပြောဆိုသွားကြောင်း VOA သတင်းဌာနက ဖော်ပြသည်။
|
လာမည့်နှစ်တွင် အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီကျွန်း၌လည်း အမေရိကန်နိုင်ငံနှင့် မြန်မာအပါအဝင် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ တွေ့ဆုံဆွေးနွေးရန် အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ဖိတ်ခေါ်ထားသည်။
ထိုသို့ အမေရိကန်နှင့် မြန်မာတပ်မတော်အကြား ဆက်ဆံရေး တိုးတက်လာခြင်းသည် ပြီးခဲ့သည်နှစ် အောက်တိုဘာလက နေပြည်တော်သို့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် စစ်ဘက်အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဖရန်စစ် ဝီယာစင်ကီ (Francis Wiercinki) နှင့်အတူ လက်ထောက် ကာကွယ်ရေး ဝန်ကြီး ဗီကရမ် ဆင်း (Vikram Singh)၊ အမေရိကန် စစ်တပ်မှ အဆင့်မြင့် အရာရှိကြီးများ လာရောက်ပြီးနောက် ထိုသို့ ဆက်ဆံရေး ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ရေး လေ့လာသူများက ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၏ ယခု အမေရိကန်ခရီးစဉ်မှာ ပဏာမ အစပျိုးမှုတခုသာဖြစ်ပြီး မကြာမီ ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း သွားရောက်လည်ပတ်မည်ဟု ခန့်မှန်းနေကြသည်။
ဤကဲ့သို့ ဆက်ဆံရေး စတင်နိုင်လိုက်ခြင်းကြောင့် မြန်မာစစ်တပ် အနေဖြင့် အမေရိကန်ထံမှ ကာကွယ်ရေးဆိုင်ရာ နည်းပညာ တချို့ ရရှိနိုင်မည့်အပြင် မြန်မာစစ်တပ် အရာရှိကြီးများ အမေရိကန် စစ်တက္ကသိုလ်များနှင့် သင်တန်းကျောင်းများတွင် ပြန်လည် တက်ရောက်ခွင့်နှင့် ဒေသတွင်း စစ်ရေးလေ့ကျင့်မှု တချို့တွင်လည်း ပါဝင်နိုင်မည် ဖြစ်သည်။
မြန်မာတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးက “အပယ်ခံ ဖြစ်နေတာထက်စာရင် လွတ်လပ်တဲ့ နိုင်ငံတပ်မတော်ချင်း ဆက်ဆံတာ အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ ဒါမှလည်း စွမ်းရည်ပြည့်ဝတဲ့ ခေတ်မီတပ်မတော် ဖြစ်လာမယ်” ဟု ဆိုသည်။
ယခု နှစ်ဆန်းပိုင်းကလည်း အာရှ- ပစိဖိတ် ဒေသအတွင်း အကြီးဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည့် ရွှေမြွေဟောက် (Cobra Gold) စစ်ဆင်ရေးကိုလည်း မြန်မာ့တပ်မတော် အနေဖြင့် ပထမဆုံးအကြိမ် လေ့လာခွင့်ရရှိခဲ့ပြီး ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ အတွင်းရေးမှူး ဗိုလ်ချုပ်ဟောင်း ဦးဌေးဦးကလည်း ဤသို့ နှစ်နိုင်ငံ ကာကွယ်ရေးကဏ္ဍ ဆက်ဆံရေး၌ ပြန်လည် အသက်ဝင်လာခြင်းသည် ကောင်းသော လက္ခဏာတရပ်ဟု ဆိုသည်။
အမေရိကန်နှင့် မြန်မာ တပ်မတော်များ ဆက်ဆံရေးကို ပြန်ကြည့်လျှင် ဖဆပလ အစိုးရ လက်ထက်ကတည်းက စတင်ခြင်းဖြစ်ပြီး ထိုစဉ်က တိုင်းရင်းသားနှင့် ကွန်မြူနစ်သူပုန်တို့ကိုသာ ရင်ဆိုင်ခဲ့ရသည့် မြန်မာတပ်မတော်သည် တရုတ်ဖြူ တပ်များကို ရင်ဆိုင်ရသည့်အခါ အခက်အခဲများ ကြုံတွေ့ခဲ့ရပြီးနောက် တပ်မတော် ခေါင်းဆောင်များက စစ်စွမ်းရည်နှင့် ဖွဲ့စည်းပုံကို အသေအချာ ပြင်ဆင်ရန်အတွက် စဉ်းစားလာခဲ့ကြသည်။
ထိုအတွက် ဗြိတိသျှတို့နှင့် စစ်ရေးဆက်ဆံမှု အခန်းကဏ္ဍ ပြီးဆုံးသွားသည့်အခါ အမေရိကန်တို့နှင့် အနီးကပ် ဆက်ဆံခဲ့သည်။
တပ်မတော် လေ့ကျင့်ရေးနှင့် စီမံရေး ညွှန်ကြားရေးမှူး (DMT) ဗိုလ်မှူးချုပ် မောင်မောင်က ပထမဦးစွာ တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးအဖွဲ့ (Psychological Warfare Team) ကို အမေရိကန် စစ်တက္ကသိုလ်များသို့ စတင် စေလွှတ်ကာ လေ့လာစေခဲ့သည်။
နောက်ပိုင်းတွင် အမေရိကန်၌ တောတွင်း တိုက်ခိုက်ရေး (Ranger Course)၊ ကွန်မန်ဒို (Commando Course)၊ အမြောက် အရာရှိငယ် သင်တန်း၊ ဆက်သွယ်ရေး သင်တန်း၊ ခြေလျင်တန်းမြှင့် သင်တန်း၊ လေထီးသင်တန်း စသည့် စစ်သင်တန်း အမျိုးမျိုးအပြင် စစ်ဦးစီး တက္ကသိုလ်များကိုပါ တက်ရောက်ခွင့် ရရှိခဲ့သည်။
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) ထံတွင် မြန်မာတပ်မတော် အရာရှိကြီးများဖြစ်သည့် “မျက်မှန် တင်ဦး” ဟု လူသိများသော ဗိုလ်မှူးချုပ် တင်ဦး၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးလေးမောင် စသူတို့သည် ထောက်လှမ်းရေး သင်တန်းနှင့် နည်းပညာပိုင်းကို သင်ကြားခွင့် ရရှိခဲ့သည်။
အဆိုပါသင်တန်းများသို့ သွားရောက်မည့် စစ်တပ်အရာရှိကြီးများ အနေဖြင့် အင်္ဂလိပ်စာ၊ စီးပွားရေး၊ ပထဝီ၊ နိုင်ငံရေးသိပ္ပံ စသည့် ပညာရပ်များကို အမေရိကန်သံရုံး ပြည်သူဆက်ဆံရေး ဌာနနှင့် ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမများထံတွင် သုံးလခန့် လေ့လာသင်ကြားရသည်။
တပ်မတော် ကာကွယ်ဦးစီးချုပ်ဟောင်းများ ဖြစ်သည့် ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင် တို့သည် အမေရိကန် စစ်ဦးစီး တက္ကသိုလ်၌ တက်ရောက်ခဲ့ဖူးသူများ ဖြစ်သည်။ အလားတူ စစ်ဘက် သုတေသနတပ်မှ ဒု ဗိုလ်မှူးကြီး မြင့်ဆွေ (စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇ၏ ဖခင်)၊ ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ်ချုပ် ဉာဏ်လင်း၊ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်မှူးကြီး အောင်ကိုး၊ စစ်ဥပဒေချုပ် ဗိုလ်ချုပ် သန်းဦး စသူများလည်း အမေရိကန် စစ်သင်တန်းဆင်းများ ဖြစ်သည်။
မြန်မာ့ တပ်မတော်ကိုလည်း အမေရိကန် စစ်တပ်များကဲ့သို့ တိုက်ခိုက်ရေးကို အားပြုသည့်ပုံစံသို့ ပြောင်းလဲ ဖွဲ့စည်းခဲ့သည့်အပြင် အမေရိကန် စစ်လက်နက်များကို ဝယ်ယူအသုံးပြုသည့်အတွက် အမေရိကန်စစ်တပ်မှ အရာရှိကြီးများလည်း လာရောက် သင်တန်းပေးခဲ့ဖူးသည်။
ထိုစဉ်က ကွန်မြူနစ် အရှေ့အုပ်စုနှင့် အရင်းရှင် အနောက်အုပ်စုကြား အားပြိုင်မှုများ ရှိနေသည့်အတွက် အမေရိကန်နှင့် မြန်မာ စစ်ရေးဆက်ဆံမှုများကို ကွန်မြူနစ် တရုတ်နိုင်ငံက အကဲခတ်စောင့်ကြည့်မှုများ ရှိခဲ့သည်။
စစ်ရေးအရ ဆက်ဆံရုံသာမက အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) နှင့် အနီးကပ် ဆက်ဆံမှုများ ရှိလာကာ တရုတ် နယ်စပ်တလျှောက် ထောက်လှမ်းမှုများ ပြုလုပ်လာသည့်အတွက် တရုတ်အစိုးရ၏ သတိပေးမှုကြောင့် ဗိုလ်မှူးချုပ် မောင်မောင် ရာထူးမှ ထုတ်ပယ်ခံရသည်အထိ ဖြစ်ပွားခဲ့သည်။
၁၉၆၆ ခုနှစ်တွင် တော်လှန်ရေးကောင်စီ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း အမေရိကန်နိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ရေးအရ ဆက်ဆံံမှုများကို တဖြည်းဖြည်း လျော့ချပစ်ခဲ့သည်။ စစ်တပ်ချင်း ဆက်ဆံရာတွင် မရှိမဖြစ် လိုအပ်သည့် မွမ်းမံသင်တန်းများမှလွဲ၍ တခြားသော သင်တန်းများကို သွားရောက် လေ့လာသင်ယူခြင်း မရှိတော့ပေ။
၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးသည့် အခါ၌မူ အမေရိကန် – မြန်မာ စစ်ရေးဆက်ဆံမှု လုံး၀ ပြတ်တောက်သွားခဲ့သည်။
ထို့အတွက် မြန်မာ့ တပ်မတော်သည်လည်း လက်နက်နှင့် နည်းပညာပိုင်း၌ တရုတ်၊ ရုရှား၊ ယူကရိန်း၊ မြောက်ကိုရီးယား စသည့် နိုင်ငံများကို မှီခိုလာရပြီး စစ်တပ်အရာရှိများလည်း တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ရုရှား စသည့်နိုင်ငံများရှိ စစ်ဦးစီး တက္ကသိုလ်များနှင့် သင်တန်းများသို့သာ သွားရောက် လေ့လာခဲ့ရသည်။
အလားတူ မြန်မာစစ်တပ် အနေဖြင့်လည်း စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး စွမ်းရည် ကျဆင်းလာပြီး နယ်စပ် တိုင်းရင်းသား ဒေသများတွင် လူအခွင့်အရေး ချိုးဖောက်မှုများ အများအပြား ဖြစ်ပေါ်လာကို တွေ့ရသည်။
ယခုကဲ့သို့ မြန်မာ့ တပ်မတော်အနေဖြင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် စစ်ရေးအရ ပြန်လည် ဆက်ဆံလာမှုများကို အိမ်နီးချင်း တရုတ်နိုင်ငံကလည်း စောင့်ကြည့်နေမည်မှာ မလွဲပေ။