သတင်း

ဦးသိန်းစိန်ရဲ့ သမဝါယမစနစ် ဆိုရှယ်လစ်ကို ပြန်အသက်သွင်းတာလား

This article has been converted from Zawgyi One to Unicode

ဇွန် ၂ရက်က သုဝဏ္ဏမိုးလုံလေလုံအားကစားကွင်းမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်နိုင်ငံဖြစ်နေတာကြောင့် အခြေခံလူတန်းစားတွေဖြစ်တဲ့ တောင်သူလယ်သမားတွေနဲ့ လက်လုပ်လက်စား အလုပ်သမားတွေအတွက် သမဝါယမအသင်းတွေကတဆင့် အသေးစား ချေးငွေတွေ ထုတ်ပေးဖို့ စီစဉ်ပေးမယ်ဆိုလို့ ဆိုခဲ့ပါတယ်။

နိုင်ငံပိုင်သတင်းစာတွေမှာလည်း သမ္မတကြီးရဲ့ မိန့်ခွန်း အပြည့်အစုံနဲ့ သမဝါယမ အသင်းဝင်တွေရဲ့ ထင်မြင်ယူဆချက်တွေ ၊ အရစ်ကျစနစ်နဲ့ ရောင်းချပေးနေတဲ့ အနှေးယာဉ်ဆိုက်ကားတွေရဲ့ ဓာတ်ပုံတွေကိုလည်း ဝေဝေဆာဆာ ဖော်ပြပေးခဲ့ပါတယ်။

ဒီကိစ္စကို ဧရာဝတီက စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေကို သဘောထားတီးခေါက်ကြည့်တော့ သူတို့က သမ္မတကြီးနဲ့ သမဝါယမဝန်ကြီး ဦးကျော်ဆန်းတို့ရဲ့ လူထုလူတန်းစားပေါင်းစုံ စုဝေးပွဲဟာ မြန်မာ့ဆိုရှယ်လစ်ကာလကို ပြန်ပြောင်းမြင်ယောင်စေပြီး  ထောက်ခံတင်ပြထားတဲ့ သမဝါယမစနစ် ဟာလည်း တန်းစီတိုးရပြီး နီးစပ်ရာ မျက်နှာသာပေးတဲ့ လွန်လေပြီးသော ဆိုရှယ်လစ်ခေတ်ကို အသက်သွင်းသလိုသာဖြစ်စေမှာမို့ ထိထိရောက်ရောက် ဖြစ်မယ်လို့ မထင်ကြောင်း ဆိုကြပါတယ်။

“ သမဝါယမ အသင်းတွေမှာက လာဘ်စားဖို့ပဲ စဉ်းစားနေကြတာ၊ ဝန်ထမ်းတွေက စနစ်တကျဖြစ်မယ် ဆိုရင် ဘယ်စနစ်နဲ့သွားသွားအောင်မြင်မှာပါ၊ တောင်သူတွေအတွက်ကလည်း မြေယာ ပြဿနာတွေ ကို မရှင်းဘဲ လယ်ယာမြေဥပဒေ တိတိကျကျ မထွက်ဘဲနဲ့တော့ အဆင်မပြေနိုင်ပါဘူး၊ သမ္မတကြီး စီစဉ်တာကောင်းပေမဲ့ လူတွေရဲ့ စနစ်မကျရင်တော့ ဘယ်လိုမှ ပြောင်းလဲလို့ ရမှာမဟုတ်ဘူး” လို့ ရန်ကုန်အဝေးသင်တက္ကသိုလ် ဘောဂဗေဒဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောပါတယ်။

သမဝါယမအသင်းများဟာ စုဆောင်းငွေများ ပြန်မအပ်နိုင်ခြင်း၊ အသင်းပိုင်ပစ္စည်းများ ပျောက်ဆုံးနေခြင်း တို့ ကြောင့် လူများက ယုံကြည်မှုလျော့နေကြောင်း၊ အောက်ခြေအဆင့်ဝန်ထမ်းများကြောင့် အမှန်တကယ်လိုအပ်နေသူများထံ ငွေများ၊ ပစ္စည်းများ မရောက်တာမို့ တိုင်ကြားလာမှုများရှိကြောင်း အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကလည်း ပြောပါတယ်။

“ သမ္မတကြီးက ဆင်းရဲနွမ်းပါးမှုလျော့ချမယ်ဆိုရင်တော့ အရင်သမဝါယမလို မဖြစ်ဖို့တော့ လိုအပ်လိမ့်မယ်။ သမဝါယမ ဝန်ကြီးကလည်း ပြန်ကြားရေးဌာနက လာတာဖြစ်တာကြောင့် သတင်းအချက်အလက်တွေကို အမှန်အတိုင်းသိအောင် လုပ်ပေးသင့်တယ်။ လုပ်ဆောင်ချက်တွေက အောက်ခြေအထိ တကယ်ရောက်ဖို့ လိုတယ်၊ ဒါဆိုရင်တော့ အခု ဆောင်ရွက်မယ့် ငွေချေးလုပ်ငန်းက မျှော်လင့်ချက်ထားလို့ရတာပေါ့။ မဟုတ်ရင် တော့ အရင်တိုင်းပဲပြန်ဖြစ် သွားနိုင်တယ်”လို့ ဦးသိန်းညွှန့်က ပြောပါတယ်။

သမဝါယမအသင်းများက ဝိုင်းကြီးချုပ်စနစ်ဖြင့် ငွေချေးပေးနေတယ်ဆိုပေမယ့် ဆင်းရဲနွမ်းပါးသူ လူထုအတွင်း မရောက်တာမို့ အများစုက ရပ်ကွက်များအတွင်း တရားမဝင် ငွေတိုးချေးဌားနေသူများထံမှာ အတိုးငွေ ကြီးကြီး ပေးနေရကြောင်း၊ ငွေတိုးချေးသူ နွမ်းပါးသူများ ငွေပြန်မဆပ်နိုင်ပါက ငွေချေးသက်သေခံလက်မှတ်ကို အတုပြုလုပ်ခြင်း၊ သက်သေခံ ငွေချေးလက်မှတ်မပါဘဲ တိုင်ကြားသော်လည်း တရားရုံးများက ငွေတိုးချေးသူများကို အနိုင်ပေးနေခြင်းများကြောင့် ဘဝပျက်နေသူ များပြားနေကြောင်း ဦးသိန်းညွန့်က ဆိုပါသေးတယ်။

“ မူဝါဒတွေ ချမှတ်တာများနေပေမယ့် အကောင်ထည်ဖော်တာက အားနည်းနေတယ်။ ပြည်သူတွေက အကျိုးခံစားရတာ မတွေ့သေးဘူး။ ပြောတော့ပြောပေမယ့် ရတဲ့သူရ မရတဲ့သူကမရနဲ့ ဆိုတော့ ထိရောက်မှုက မရှိဘူး။ အမိန့် ထုတ်နေတာတွေကလည်း အကောင်အထည်ဖော်နိုင်ရဲ့လားဆိုတာ ပြန်သုံးသပ်သင့်တယ်” လို့ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာစိုးထွန်းကလည်း ပြောပါတယ်။

လယ်ယာမြေဆုံးရှုံးသူများကို ငွေကြေးထုတ်ပေးခြင်းထက် စံပြလယ်ယာမြေများ ပြန်လည်ဖော်ထုတ်ပေးတာက ငွေချေးပေးခြင်းထက် အကျိုးရှိနိုင်ကြောင်း သူက အကြံပြုပါတယ်။

သမ္မတဦးသိန်းစိန်က  နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ဟာ လယ်ယာလုပ်ငန်းနဲ့ ယင်းအပေါ် အခြေပြု နေရတဲ့ လက်လုပ်လက်စားများဖြစ်ကြောင်း၊ မြို့ပေါ်ရပ်ကွက်များတွင်လည်း ရရာလုပ်ငန်းများပေါ် မှီကာ လုပ်စားနေကြရတဲ့ နေ့စားသမားများဖြစ်နေကြောင်း၊ ငွေအရင်းအနှီး မရှိတဲ့အတွက် လစဉ်မတန်တဆ အတိုးကြီးပေးပြီး ငွေချေးဌားနေကြရတာမို့ အဆင်းရဲဆုံးဖြစ်နေတယ်လို့ လူထု တွေ့ဆုံပွဲမှာ ပြောပါတယ်။

ဒါပေမယ့် သုဝဏ္ဏကွင်း လူထုစုဝေးတွေ့ဆုံပွဲမှာ သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းဝင်ထားတဲ့ အခြေခံလူတန်းစားများနှင့် စက်ရုံအလုပ်ရုံများမှ အလုပ်သမားများအတွက် အသေးစား ချေးငွေအဖြစ် ငွေကျပ်သန်း ၁၃၀၀ ကျော် ထုတ်ချေးရန်စီစဉ်ထားတယ်လို့ ဆိုတာမို့ သမဝါယမအသင်း မဝင်ထားတဲ့ နိုင်ငံတနံတလျားက ခေါင်းရွက်ဗျက်ထိုး ဆင်းရဲသားနင်းပြားတွေ၊ တောင်သူတွေ၊ လယ်ယာ အလုပ်သမားတွေဟာ ငွေချေးခွင့် ရကြမှာ မဟုတ်ပါ။

ဒါကြောင့် ဆင်းရဲမွဲတေမှုပပျောက်ရေး သမ္မတဦးသိန်းစိန်က ပြောပေမယ့် အောက်ခြေမှာ လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေကြောင်း၊ တောင်သူလယ်သမားများအတွက် ဥပဒေနဲ့ ကာကွယ်ပေးရန်တင်မက တကယ်ထိရောက်မှု ရှိမရှိ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း လယ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူ မစုစုနွေးက ပြောဆိုပါတယ်။

“ အောက်ခြေအဖွဲ့အစည်းတွေက လယ်သမားတွေကို နှုတ်ကတိမဟုတ်ဘဲ လက်တွေ့အကောင်ထည်ဖော်နိုင်အောင် ဆုံးဖြတ်ပေးစေချင်တယ်။ အခု လယ်ပြန်ပေးမယ့်ကိစ္စဆိုရင်လည်း လယ်သမားတွေကို ကရုဏာကြေးဆိုပြီး အစားထိုးပေးနေကြတယ်၊ လယ်သမားတွေက ကိုယ့်လယ်ယာ မြေရဲ့ တန်ရာတန်ကြေးနဲ့ လုပ်ကိုင်ခွင့် ပြန်လည်တောင်းဆိုနေတာပါ”လို့ မစုစုနွေးက ဧရာဝတီကို ပြောဆိုခဲ့ပါတယ်။

Loading