မလေးရှားနိုင်ငံ၊ ကမ်ပွန် ဘာရု အမ်ပန်အရပ်၊ ကားရေဆေးလုပ်ငန်း စင်တာအနီးတွင် အသက် ၂၀ အရွယ် မြန်မာ အမျိုးသားတဦး ထပ်မံ တိုက်ခိုက် သတ်ဖြတ်ခံရကြောင်း သိရသည်။
လွန်ခဲ့သည့် တနင်္ဂနွေနေ့ ညပိုင်းက အမည်မသိ လက်နက်ကိုင် လူတစုက တိုက်ခိုက်ခံခဲ့ရ၍ သေဆုံးခြင်းဖြစ်ကြောင်း စစ်ဆေးသူ ရဲများကို ကိုးကားပြီး New Straights Times သတင်းတပုဒ်က ဖော်ပြသည်။
သေဆုံးသွားသူ မြန်မာနိုင်ငံသားသည် ကားရေးဆေး လုပ်ငန်းစင်တာတခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ၎င်း၏ အိပ်ခန်းတွင် တခြား မြန်မာ ၇ ဦးနှင့်အတူ အိပ်နေစဉ် လူအုပ်စုတစုက အခန်းကို ချိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုမှ လွတ်မြောက်ရန် ထွက်ပြေးခဲ့သော်လည်း ထိုလူအုပ်စုက သူ့ကို ဖမ်းမိပြီး အကြိမ်ကြိမ် ရိုက်နှက်ခြင်းကြောင့် သေဆုံးသွားရခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းက ဆိုသည်။
ယင်း မြန်မာနိုင်ငံသား၏ အလောင်းအား ကားရေဆေး လုပ်ငန်းအနီး၌ ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ပြည်သူတဦးက မြင်တွေ့ခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ ဖြစ်ကြောင်းနှင့် အလောင်းကို မာလာယ တက္ကသိုလ် ဆေးပညာဌာန (University Malaya Medical Centre) သို့ စစ်ဆေးရန် ပို့ထားကြောင်း သိရသည်။
အမ်ပန် ဂျာယာ ရဲဋ္ဌာန ဒု အကြီးအကဲ Md Nazri Zawawi က ပြောရာတွင် သေဆုံးသူ၏ ရင်ဘတ်၊ ကျောကုန်း၊ လည်ပင်း၊ နံရိုးများတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း၊ သေဆုံးသူ၏ အခန်းဖော် ၂ ဦးလည်း ဒဏ်ရာများ ရခဲ့ကြောင်း ပြောဆိုထားသည်။
“ဒီ တိုက်ခိုက်မှုဟာ ဗန်ကား ၂ စီးနဲ့ လာရောက်ခဲ့တဲ့ မြန်မာနိုင်ငံက အုပ်စုတစုကပဲ လုပ်ခဲ့တယ်လို့ ကျနော်တို့ ယုံကြည်နေကြပါတယ်” ဟု သူက New Straights Times သို့ ပြောသည်။
မလေးရှား ရဲတပ်ဖွဲ့အနေဖြင့်လည်း အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အပူတပြင်း ကြိုးစားဖော်ထုတ်နေကြောင်း သူက ဆက်လက်ပြောသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ဆာလာရမ်းအရပ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို အမည်မသိ လူအုပ်စုက မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့၍ မြန်မာနိုင်ငံ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာ ရခဲ့သည့်အတွက် မလေးရှားရှိ မြန်မာနိုင်ငံသားများ စိုးရိမ်ပူပန်နေကြသည်။
သေဆုံးသူများသည် လည်ပင်းကို ဓားဖြင့်လှီးသတ်ခံရခြင်း ဖြစ်ပြီး လူသတ်တရားခံများကို ယခုထိ စုံစစ်ဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ အမည်မဖော်လိုသူ မြန်မာနိုင်ငံသား တဦးက ပြောသည်။
တိုက်ခိုက်မှုများကြောင့် စိုးရိမ်နေကြသည့် မြန်မာနိုင်ငံသား တချို့သည် ကပုန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှှုံနေကြကြောင်း၊ မြန်မာသံရုံး အနေဖြင့် ယနေ့အထိ ဆက်သွယ် အကူအညီပေးမှု မရှိသေးကြောင်း သိရသည်။
မြန်မာ ၂ ဦးသေဆုံးသော ပထမအကြိမ် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အစိုးရပိုင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနက တယ်လီဖုန်းနှင့် မေးမြန်းခန်းတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်လတ်က အခင်းဖြစ်နေရာနှင့် ပတ်သက်၍လည်း ထည့်သွင်း ပြောဆိုခဲ့သည်။
“အဲဒီဈေးနေရာက ဒုစရိုက်သမားတွေ ကျက်စားတဲ့နေရာပါ၊ မူယစ်ဆေးဝါး ရောင်းဝယ်မှု၊ လူသတ်မှု စတဲ့ ဒုစရိုက် နယ်မြေဆိုတော့ ရဲတွေကလည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှု မရှိတဲ့နေရာပါ” ဟု သူက ဆိုသည်။
အဆိုပါ မေးမြန်းခန်းတွင် သံအမတ်ကြီး ဦးတင်လတ်၏ ဖြေကြားမှုသည် မည်သည့်တာဝန်ယူမှုမျှ မရှိသည်ကို ဖော်ညွှန်းခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာများ တိုက်ခိုက်ခံရပြီး သေဆုံးမှု ၂ ကြိမ် သတင်းထွက်ပေါ်ခဲ့သော်လည်း ၎င်းတို့ သိရှိရသလောက် ပျောက်ဆုံးနေသူများမှာ ၇ ဦးခန့်ရှိကြောင်း မလေးရှားရောက် မြန်မာတဦးက ပြောသည်။
“အခု မြန်မာ အလောင်းတွေ့တယ် ဆိုတာ ၂ ခုပဲ သတင်းတွေက ရေးနေကြတာ၊ ကျနော်တို့ သိရသလောက် ပျောက်နေ တာတွေချည်းပဲ အနည်းဆုံး ၇ ဦးလောက်ရှိသေးတယ်” ဟု သူက ဆက်ပြောသည်။
မလေးရှားရောက် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုသည် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော မိတ္ထီလာ၊ လာရှှိုး ပဋိပက္ခများနှင့် ဆက်စပ်နိုင်ကြောင်း၊ ဆာလာရမ်း အရပ်၌ မြန်မာများ မနေရဲအောင် လုပ်ဆောင်ခြင်းဟု ထင်မြင်ကြောင်း ယမန်နေ့က ဧရာဝတီ၏ ဆက်သွယ်မေးမြန်းမှုတွင် ကပုန်း နာရေး ကူညီမှုအသင်းမှ ကိုဝင်းအောင်က မှတ်ချက်ပေးထားသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဆာလာရမ်းဆေးရုံ၌ တက်ရောက်ကုသနေသူ မြန်မာအလုပ်သမား ထွန်းမော်သိန်း၊ ကိုကိုမောင်နှင့် စောဘာဘလူးဂေးတို့မှာ စိုးရိမ်စရာ မရှိကြောင်းနှင့် အဆိုပါ ဒဏ်ရာရသူများကို သံအမတ်ကြီး ဦးတင်လတ်နှင့် သံရုံးအမှုထမ်းများက သွားရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် အဆိုပါဆေးရုံတွင် မြန်မာ ၅ ဦး၊ ၆ ဦးခန့် တက်ရောက်ကုသခဲ့ပြီး ဒဏ်ရာသက်သာ၍ ဆေးရုံမှ ဆင်းသွားခဲ့သည်ဟု သံအမတ်ကြီးနှင့်အဖွဲ့ သိရှိရကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုးကား၍ အစိုးရသတင်းစာက ရေးသားထားသည်။