ရခိုင်လူထု၏ လိုလားချက်ဖြစ်သော ရခိုင်နှစ်ပါတီ ပူးပေါင်းရေးကိစ္စ မအောင်မြင်ပါက မိမိတာဝန်ယူထားသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ နေရာမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ယင်းပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဧရာဝတီသို့ ပြောသည်။
“ရက်ပေါင်း ၆၀ အတွင်း ပါတီနှစ်ခု ပေါင်းစည်းနိုင်အောင် ကျနော်ကြိုးစားမယ်။ ရခိုင်နှစ်ပါတီ ရင်ကြားမစေ့နိုင်ဘူး ဆိုရင် ကျနော် ပါတီဥက္ကဋ္ဌ အဖြစ်က နုတ်ထွက်မယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ရခိုင်လူထုနှင့် သံဃာများက RNDP နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှစ်ပါတီ ပေါင်းစည်းနိုင်ရန် လိုလားနေကြ သော်လည်း လက်တွေ့တွင် ယင်းနှစ်ပါတီ ပူးပေါင်းရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။
RNDP သည် ၂၀၁၀ ရွေးကောက်ပွဲသို့ ဝင်ခဲ့ပြီး ရခိုင်ပြည်နယ် နေရာအများစုတွင် အနိုင်ရရှိခဲ့သော်လည်း ALD ကမူ ရွေးကောက်ပွဲကို သပိတ်မှောက်ကာ ရွေးကောက်ပွဲတွင် မဲမပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ သပိတ်မှောက်ရေး လှုပ်ရှားခဲ့သည်။ ALD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသော ပါတီ ဖြစ်ပြီး RNDP မှာ ၂၀၁၀ ရွေးကောက် ပွဲမတိုင်မီကမှ ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ALD က RNDP ကို နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ခဲ့သော်လည်း ရခိုင်လူထု၏ ဆန္ဒသဘောထားကို ငဲ့ကွက်၍ သည်းခံကာ နှစ်ပါတီ ပေါင်းစည်းနိုင်ရေးကို ဆက်လက် ကြိုးပမ်းသွားမည်ဟု RNDP အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အဲဒီ ALD ဟာ တော်တော်လေး ရက်ရက်စက်စက်ကို RNDP ပါတီကို တိုက်ခိုက်ခဲ့တယ် ဆိုတာ အမှန်တရားပဲ။ အဲဒါကို အတွင်းရေးမှူး တယောက်အနေနဲ့ ဒီအချိန်မှာ ပြောပါတယ်” ဟု သူက ဆိုသည်။
ရခိုင် နှစ်ပါတီပေါင်းစည်းရေး တခုတည်း ကိုသာမက ရခိုင်တမျိုးသားလုံး ညီညွတ်ရေးအတွက်ပါ အပြည့်အ၀ ဆန္ဒရှိကြောင်း ALD နာယက ဦးသာဘန်းကပြောသည်။
“ကျနော် တဦးတည်း သဘောထားကတော့ ပေါင်းချင်တယ်ဗျ။ ဒါပေမယ့် ဗဟိုကော်မတီရဲ့ ဆန္ဒကတော့ ကျနော် မသိသေးဘူး။ ကျနော်တို့ မဆွေးနွေးရသေးဘူး။ နှစ်ပါတီ ဆွေးနွေးပြီးရင်တော့ ပြောနိုင်မှာပါ” ဟု သူက ဆိုသည်။
ALD အနေဖြင့် RNDP ကို ပုဂ္ဂိုလ်ရေးအရရော၊ ပါတီအနေဖြင့်ပါ တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း၊ ၎င်းတို့ ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့် အတွက် ရွေးကောက်ပွဲတွင် မဲမပေးကြရေး စည်းရုံးခဲ့ခြင်း မျိုးသာရှိကြောင်း၊ RNDP အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောကိုယ်တိုင်လည်း ယခင်က ALD မှ ဖြစ်ကြောင်း ဦးသာဘန်းက ပြောသည်။
ရခိုင်ပြည်နယ်ရှိ လူထုနှင့် သံဃာထုက ရခိုင်နှစ်ပါတီ ညီညွတ်ရေးကို တောင်းဆိုနေကြသော်လည်း နိုင်ငံရေး အမြတ် ထုတ်လိုသူများက နှစ်ဘက်စလုံးတွင် ရှိနေကြောင်း ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။
ရခိုင်နှစ်ပါတီ ပေါင်းစည်းနိုင်ပါက ဗဟိုညီလာခံ ခေါ်ယူကာ ပါတီခေါင်းဆောင်များကို ဒီမိုကရေစီနည်းဖြင့် ရွေးချယ်၍ ပါတီတခုအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ပြည်ထောင်စုအတွက် အလွန်အရေးကြီးသော အစိတ်အပိုင်းတွင် တည်ရှိနေသောကြောင့် အချင်းချင်း ညီညွတ်ကြရန် လိုအပ်ကြောင်း ဒေါက်တာအေးမောင်က ရှင်းပြသည်။
“လူတဦးချင်းမှာ ရှိနေတဲ့ အတ္တတွေ မာနတွေကို ခဝါချကြတော့။ ပါတီတခု၊ လူတဦးဆိုတာမျိုးက တမျိုးသားလုံးနဲ့ နှိုင်းယှဉ်ရင် မြင့်မိုရ်တောင်နဲ့ ဆီးစေ့ လောက်ရှိတယ်။ အမှန်တကယ် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် လူထု တောင်းဆိုတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ပါ။ အခုက ကျနော်တို့ စာရွက်လေးကို ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ပစ်နေကြတာဗျ။ တွေ့ဆုံဆွေးနွေးဖို့ နေရာလေးတောင် မသတ်မှတ်နိုင်ဘူး ဖြစ်နေတယ်။ ကျနော်က နေ့သတ်မှတ်ချင်တယ်။
လာမယ့် ဇွန်လ ၁၅ ရက်မှာ ကျနော်တို့တွေ့မယ်။ ကျနော်တို့ ဘက်ကစပြီး ကမ်းလှမ်းပါတယ်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဘက်ကနေ ကျနော်တို့ပါတီ ဘက်က ကြိုက်တဲ့သူကို ကမ်းလှမ်းပါ။ ကျနော်တို့ လာတွေ့မယ်။ တတိယ အင်အားစုတခုရဲ့ ရှေ့မှာ တွေ့မယ်။ လုပ်ငန်း ကော်မတီဖွဲ့မယ်။ တွေ့ဆုံနိုင်ဖို့အတွက် လုပ်ငန်းကော်မတီက စီစဉ်ပေးပါ” ဟု သူက ပြောသည်။
သို့သော်လည်း RNDP ၏ ကမ်းလှမ်းမှု နှင့် ပတ်သက်၍ ALD ဘက်မှ တစုံတရာ တရားဝင် တုံ့ပြန်လာခြင်း မရှိသေးဟု သိရသည်။ ရခိုင်နှစ်ပါတီ ပေါင်းစည်းနိုင်ရေးသာ ခက်ခဲနေသည် မဟုတ်ဘဲ ချင်း၊ ရှမ်း၊ မွန် စသည့် တိုင်းရင်းသား ပါတီများမှာလည်း နှစ်ပါတီ ပေါင်းစည်းနိုင်ရန် ကြိုးစားလျှက်ရှိရာ ယနေ့အချိန်အထိ မအောင်မြင်ကြသေးကြောင်း ကြားသိရသည်။