ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်းရှိ ဘင်္ဂါလီ (မွတ်စလင်) လူမျိုး အိမ်ထောင်စုတစုလျှင် ကလေးနှစ်ဦးသာ မွေးဖွားရန် ဒေသန္တရ အမိန့်ထုတ်ပြန်ခြင်းကို ထောက်ခံကြောင်း ထောင်နှင့်ချီ ပါဝင်သည့် ဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့၌ ယနေ့ပြုလုပ်ကြောင်း သိရသည်။
ရခိုင်အခြေစိုက် နိုင်ငံရေးပါတီများ ဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် နိုင်ငံရေး ပါတီများ၊ ရခိုင် လူမှု အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့ခန့်နှင့် သံဃာတော်များက ထောက်ခံ ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်ကြောင်း ဦးဆောင် ပါဝင်သည့် သံဃာတော် ဦးဝဏ္ဏသာမိက ဧရာဝတီကို မိန့်သည်။
၎င်းက “အစိုးရက ထုတ်ပြန်ထားတဲ့ ဒေသန္တရ အမိန့်ဟာ နယ်မြေဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး အတွက် အမှန် တကယ် လိုအပ်နေတယ်၊ ဒီဒေသန္တရ အမိန့်ကို ဘင်္ဂါလီတွေရှိတဲ့ ရခိုင်တပြည်လုံးမှာ ကျင့်သုံးဖို့ အတွက်လည်း ထောက်ခံတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော် ထောက်ခံရတာပါ” ဟု မိန့်သည်။
အစိုးရ၏ မောင်တောခရိုင်၌ ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ထောက်ခံကြောင်း၊ ထိုအမိန့်ကို ရခိုင်ပြည်နယ်တဝန်း ကျင့်သုံးနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ဆွဲ၊ တင်၊ စစ် စနစ်အား အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် စသည့် အချက် ၃ ချက်ကို တောင်း ဆိုထားကြောင်း သိရသည်။ ဆွဲ၊ တင်၊ စစ် ဆိုသည်မှာ နေရာဒေသ မြေပုံဆွဲခြင်း၊ မှတ်တမ်း တင်ခြင်း နှင့် စစ်ဆေးခြင်း တို့ ဖြစ် သည်။
“ဒီအချက်တွေဟာ နိုင်ငံတော်ကိုရော ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းကိုမှ မကောင်းတဲ့ ဆန္ဒနဲ့တုံ့ပြန်ဖို့ မဟုတ်ဘူး၊ ဒေသခံ တိုင်း ရင်းသားတွေရဲ့ လက်တွေ့ ခံစားနေရတဲ့ အကျိုးဆက်တွေကို အမှန်တကယ် သိရှိနားလည်ဖို့အတွက် ထုတ်ပြန်ရတာ၊ တောင်းဆိုရတာသာ ဖြစ်တယ်” ဟု ဦးဝဏ္ဏသာမိ က မိန့်ကြားသည်။
ယခု ဆန္ဒထုတ်ဖော်ပွဲ၌ လူမှုအဖွဲ့အစည်းပေါင်းစုံ၊ နိုင်ငံရေး ပါတီပေါင်းစုံ၊ ပြည်သူတရပ်လုံး ပါဝင်လာခြင်းသည် အမျိုးသား စည်းလုံး ညီညွှတ်ရေးအတွက် အင်အားတခုကို ဖြစ်ပေါ်စေ၍ အကျိုးကျေးဇူးများကြောင်းလည်း ဆရာတော်က မိန့်သည်။
ဆန္ဒထုတ်ဖော်သူများသည် စစ်တွေမြို့ ပြည်လုံးချမ်းသာ ဘုရားကြီးမှ စတင်၍ စစ်တွေကို စီတန်း လှည့်လည် လမ်းလျှောက် ခဲ့ကြကြောင်း၊ အာဏာပိုင်များကလည်း စောင့်ကြည့်ရုံမှအပ တစုံတရာ အနှောင့်အယှက် မပေးကြောင်း သိရသည်။
“ဒီပွဲကိုလုပ်ဖို့ ဒီလ ၈ ရက်နေ့မှာ ကျရောက်မယ့် မောင်းတောမြို့နယ် မီးရှို့မှုတွေဖြစ်ခဲ့တဲ့ နှစ်ပတ်လည်နေ့နောက်ပိုင်းမှ လုပ်မလားလို့ စဉ်းစားသေးတယ်။ ဒါပေမယ့် အားလုံးက စောစောလုပ်ပြီး စောစောပြည်သူ့အသံ ထုတ်ဖော်တာက ပိုကောင်းမယ်လို့ ယူဆပြီး ဒီနေ့မှာ လုပ်လိုက်ကြတာ” ဟု အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သော စစ်တွေမြို့မိမြို့ဖ တဦးဖြစ်သူ ဦးသာပွင့်က ဆိုသည်။
ဘင်္ဂါလီနွယ်ဖွား လူဦးရေတိုးပွားမှုကို ကန့်သတ်ထိန်းချုပ်ရန်အတွက် ပြည်နယ်အစိုးရမှ ထုတ်ပြန်သော အမိန့်ကို ထောက်ခံသည့် အပြင် ရခိုင်ပြည်နယ် မောင်းတောမြို့နယ်တခုသာမက ရခိုင်တပြည်နယ်လုံးတွင်ပါ ထုတ်ပြန်ရန်နှင့် စွဲ၊ တင်၊ စစ် ဆိုသော လူဦးရေ စာရင်းကောက်ခံမှုများကိုပါ အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော်ရန် တောင်းဆိုကြောင်း ဦးသာပွင့်က ဧရာဝတီသို့ ပြောသည်။
“ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့နီးတဲ့အတွက် ဘင်္ဂါလီလူမျိုးတွေကို ထိန်းချုပ်ဖို့ရာ လိုအပ်တယ်။ ဒါ့ကြောင့် ဒီဥပဒေကို ထောက်ခံတယ်။ ဒေသခံတွေအနေနဲ့က ဒီဒေသန္တရအမိန့်ကို ဆန့်ကျင်တာမှန်သမျှ ပြန်ပြီးဆန့်ကျင်သွားမယ်။ နောက် စွဲ၊ တင်၊ စစ် ဆိုတာကိုမှ အကောင်ထည် မဖော်နိုင်ရင် နောက်လာမယ့် ၂၀၁၄ ခုနှစ်မှာ လုပ်မယ့် သန်းခေါင်စာရင်း ကိစ္စတွေကို ဘယ်လိုလုပ်လို့ရမှာလဲ” ဟု ၎င်းက ဆိုသည်။
လူထုဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့ပေါ်ရှိ နိုင်ငံရေးပါတီမျိုးစုံမှ ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖ များအား လုံး ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ပျမ်းမျှ လူဦးရေ တစ်ထောင်ဝန်းကျင်ရှိနိုင်ကြောင်း သိရသည်။ လူထုက အတွင်းမှနေပြီး ရဟန်းတော်များမှ လူအုပ်ကြီးကို ကာရံကာ လိုက်ပါလာခဲ့ကြောင်း၊ နေ့လယ် ၁ နာရီတွင် ဘုရားကြီးအနီးရှိ ဝင်္ကပါကွင်းတွင် စတင်လူစုထွက်ခွာခဲ့ပြီး နေ့လည် ၂ နာရီကျော်တွင် လူစုပြန်လည်ခွဲခဲ့ကြကြောင်း၊ အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအတွက် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ခွင့်ပြုချက် တင်ပြခဲ့သေးကြောင်း သိရသည်။
“အာဏာပိုင်တွေ ခွင့်ပြုချက်ပေးခဲ့လားတော့ ကျနော်မသိဘူး။ ကျနော် အဲဒီဘက်မှာ မစီစဉ်တော့ မပြောတတ်ဘူး။ ဒါပေမယ့် အားလုံးက ခွင့်မပြုလည်း ဒီဆန္ဒဖော်ထုတ်ပွဲကို လုပ်ကြမှာပဲ” ဟု ဦးသာပွင့်က ဆက်ပြောသည်။
ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ပွဲတွင် နိုင်ငံရေး ပါတီဝင်များ ပါဝင်ကြသော်လည်း ပါတီအနေဖြင့် ပါဝင်ခြင်းမျိုးမဟုတ်ဘဲ ပြည်သူလူထု အနေဖြင့် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း ထိုကိစ္စအတွက် မည်သည့် ညွှန်ကြားချက်မျိုးမှ ပြုလုပ်ရန်မရှိကြောင်း ရခိုင်တိုးရင်းသားများတိုးတက်ရေးပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ဧရာဝတီသို့ ပြောသည်။
“တဦးချင်းစီရဲ့ ရခိုင်ပြည်သူတွေဆိုတာလည်း ပါတီဝင်တွေ ပါချင်ပါမှာပေါ့။ ဆန္ဒနဲ့ ပါကြတာဆိုတော့ ပါတီဘက်ကတော့ ဘာမှ လုပ်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
မောင်တော၊ ဘူးသီးတောင်ဒေသရှိ ဘင်္ဂါလီ မိသားစုတစုလျှင် ကလေး၂ ဦးသာ ယူရန်နှင့် တလင် တမယား စနစ်ကျင့်သုံးရန် ဒေသန္တရ အမိန့်ကို ၁၉၉၀ ဝန်းကျင် ကတည်းက ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထပ်မံထုတ်ပြန်ရန် လိုအပ် လာသည့် အတွက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း၊ ရခိုင်စုံစမ်းရေးကော်မရှင်ကလည်း ထိုသို့ အကြံပြုထားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ပြန်ကြား ရေး တာဝန်ခံ ဦးဝင်းမြိုင်ကလည်း ပြောသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထိုလူဦးရေ ထိန်းချုပ်သည့် ကိစ္စကို လူ့အခွင့်အ ရေးရှုထောင့်မှ ကြည့်ပြီး လူ့အခွင့်အရေး ချိုးဖောက်ကြောင်းပြောဆိုခဲ့မှုကို အမေရိကန်နိုင်ငံနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့မှ မြန်မာအစိုးရပေါ် ဖိအားပေးလာလျှင် ပြည်သူလူထုမှလည်း ၎င်းတို့၏ ဆန္ဒကိုထုတ်ဖော်ပြသခြင်းဖြင့် တွန်းလှန်နိုင်ရန် ယခုကဲ့သို့ လူထု ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့် ဒေသခံ လူငယ်ခေါင်းဆောင် ကိုအောင်သစ်စိုးက ဆိုသည်။
ကုလသမဂ္ဂမှ လူဦးရေ မပြန့်ပွားရေး အစီအစဉ်များ ဖော်ထုတ်လုပ်ကိုင်ခဲ့ခြင်းကလည်း လူဦးရေ ထိန်းချုပ်ခြင်း တမျိုးပင် ဖြစ်မည်ဟု ယူဆကြောင်း၊ ရခိုင်ပြည်နယ်အခြေအနေကို ရခိုင်လူထုက အသိဆုံးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေသန္တရ အမိန့်ကို ထုတ်ပြန်ထားသည့်တိုင် တရားမဝင် မွေးထားသည့် ကလေး ဦးရေ ၆၀၀၀၀ ရှိကြောင်း ရခိုင်ပဋိပက္ခ စုံ စမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများ အနေဖြင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိ၏ ခွင့်ပြုချက် မရှိဘဲ အိမ်ထောင်ပြူခွင့် မရှိကြောင်း၊ ထိုစည်းမျဉ်းသည် ဘင်္ဂါလီများထံမှ လာဘ်ယူရန် အခွင့်အရေး ဖန်တီးပေးထား သကဲ့သို့ ဖြစ်နေပြီး လက်တွေ့တွင် အကျိုးသက်ရောက်မှု မရှိသည်ကို တွေ့ရှိရကြောင်းလည်း အစီရင်ခံစာ က ဆိုသည်။
ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်ကို ဒေသဆိုင်ရာ အာဏာပိုင်များသည် လိုက်နာကျင့်သုံးမှုမရှိဘဲ အဂတိ လိုက်စားမှုများ လုပ်ဆောင်ခဲ့ကြသည့် အတွက် ယခုကဲ့သို့ တရားမဝင်မွေးဖွားသည့် ကလေးဦးရေ များပြားနေကြောင်း၊ ယခုတဖန် ထပ်မံထုတ်ပြန် လိုက်သည့်တိုင် လိုက်နာမှုမရှိပါက ထူးခြားမှု ရှိမည်မဟုတ်ကြောင်း ရခိုင်လူမှု အဖွဲ့များက ဆိုသည်။
“အစိုးရက ထုတ်ပြန်တဲ့အမိန့်ကို ဒေသဆိုင်ရာ အာဏာပိုင်တွေက အမှန်တကယ် ထိရောက်အောင် ဆောင်ရွက်စေချင်တယ်၊ လူမှုအဖွဲ့တွေကလည်း စောင့်ကြည့်ပြီး အစိုးရကို တိုက်တွန်းသွားမှာပါ” ဟု ဦးဝဏ္ဏသာမိ က မိန့်သည်။
မောင်တောမြို့နယ်၏ ဘင်္ဂါလီ လူဦးရေမှာ ၉၅ ရာခိုင်နှုန်းရှိပြီး ဘူးသီးတောင်ဒေသ၌ ၉၀ ရာခိုင်နှုန်းကျော် ရှိသည်။ ရခိုင်ပြည်နယ် တဝန်း၌ ဘင်္ဂါလီ ဦးရေ စုစုပေါင်း တသန်းကျော်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ စာရင်းဇယား များအရ သိရသည်။
မောင်တော၊ ဘူးသီးတောင် ဒေသ၌ မိသားစု တစုလျှင် လူဦးရေ ၃၀ မှ ၈၀ ဝန်းကျင် အထိရှိကြောင်း၊ ဘင်္ဂါလီ အမျိုးသားတဦးလျှင် မိန်းမ ၄ ဦး အထိ ယူထားသူများရှိကြောင်းလည်း အစိုးရ က မကြာခဏ ပြောဆိုလေ့ရှိသည်။
ရခိုင်ပြည်နယ်တွင်း ဆင်းရဲမွဲတေလွန်းသော ရပ်ရွာများတွင် သားဆက်ခြားရေး မိသားစုစီမံကိန်းကို နိုင်ငံတကာ ကျန်းမာရေး အထောက်အကူပြု အဖွဲ့များက ပညာပေးဆောင်ရွက်မှုများ ရှိခဲ့သည်။
ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ ဒသမ ၃သန်း ကျော်နေထိုင်ပြီး ရခိုင် ၊ သက်၊ ဒိုင်းနက်၊ မြို၊ ခမီး၊ ကမန်၊ မရမာကြီးနှင့် ဘင်္ဂါလီ လူမျိုး များနေထိုင်ကြကြောင်း ရခိုင် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဧရာဝတီသတင်းထောက် စနေလင်း ပူးပေါင်းရေးသားသည်။