ဘာသာရေး လူမျိုးရေး လှုံ့ဆော်မှု ကာကွယ်ရန် မယ်ဒလင်း အောဘရိုက် တိုက်တွန်း
This article has been converted from Zawgyi One to Unicode
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မယ်ဒလင်း အောဘရိုက်သည် နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့များ၏ ခေါင်းဆောင်များအနေဖြင့် ဘာသာရေး၊ လူမျိုးရေးများနှင့် ပတ်သက်ပြီး လှုံ့ဆော်ခြင်းများ၊ လှုံ့ဆော်သူများကို ကြိုးစား တားဆီးသင့်ကြောင်း ရန်ကုန် တက္ကသိုလ်ဝင်း အတွင်းရှိ စိန်ရတု ခန်းမ၌ ယနေ့ ဇွန်လ ၄ ရက်တွင် ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံလိုပဲ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ ဘာသာပေါင်းစုံတို့ နေတဲ့အတွက် ကူရာကယ်ရာမဲ့ ပြည်သူတွေကို လုံခြုံမှုရှိအောင် ကာကွယ်ပေးရမယ်။ လူမှုရေး ငြိမ်းချမ်းတည်ငြိမ်မှုတွေ မရှိရင် ကမ္ဘာကြီးက သင်တို့နိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြမှာ မဟုတ်ဘူး။ အပြစ်မဲ့တဲ့ ပြည်သူတွေကို အကြောက်တရား အောက်မှာ ဘယ်နည်းနဲ့မှ မနေစေသင့်ဘူး” ဟု မယ်ဒလင်း အောဘရိုက်က တွေ့ဆုံပွဲတွင် ပြောသည်။
“အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဒီမိုကရေစီ နည်းလမ်းကျ ဖြေရှင်းဖို့အတွက် ဉာဏ်ပညာလိုတယ်။ ခွဲခြားဆက်ဆံတာတွေ၊ နှိပ်ကွပ်တာတွေကို လူမှုရေးနဲ့ နိုင်ငံရေး ကဏ္ဍတိုင်းက ခေါင်းဆောင်တွေက အတူတူ ဆန့်ကျင်ဖို့လည်းလိုတယ်” ဟုလည်း ဆိုသည်။
မယ်ဒလင်း အောဘရိုက်သည် မြန်မာပြည်သို့ ၅ ရက်တာ ခရီးစဉ် လည်ပတ်ရန် သောကြာနေ့က ရန်ကုန်မြို့သို့ ဆိုက်ရောက်လာပြီး အစိုးရအရာရှိများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံခဲ့သည်။
မယ်ဒလင်း အောဘရိုက်သည် ၁၉၉၅ ခုနှစ်က ဘီလ် ကလင်တန် အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံတမန်အဖြစ် လာရောက်ဖူးပြီး ထိုအချိန်က စစ်ခေါင်းဆောင် တဦးဖြစ်သည့် ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် စစ်ဗိုလ်ချုပ်များ၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့်တွေ့ဆုံခဲ့သည်။
ယခုအကြိမ် လာရောက် လည်ပတ်ရာတွင်မူ ယခင်နှင့်မတူ “သမ္မတ အသစ်တဦးက ပြုပြင်ပြောင်းလဲရေး လမ်းစကို ဖွင့်ပေးခဲ့ပြီး ဒီမြေကို အမှောင်ကျစေခဲ့တဲ့ မူဝါဒတွေကို ဖယ်ရှားခဲ့ပြီး” ဖြစ်ကြောင်း မယ်ဒလင်း အောဘရိုက်က ရန်ကုန်တက္ကသိုလ် မိန့်ခွန်းတွင် ပြောဆိုသည်။
မြန်မာနိုင်ငံသို့ ယခု လာရောက်ခြင်းမှာ ကိုယ်ပိုင် အတွေးအမြင်ဖြင့်သာဖြစ်ပြီး အမေရိကန် ပြည်ထောင်စု သို့မဟုတ် အခြားသူတဦးတယောက်၏ ကိုယ်စားလှယ်တဦး အနေဖြင့် လာခဲ့ခြင်းမဟုတ်ကြောင်း ဆိုသည်။
အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချယ်လ်နှင့် အမေရိကန်သံရုံးမှ တာဝန်ရှိသူများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ထွန်းနှင့် ဝန်ထမ်းများအပြင် တက္ကသိုလ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ ရှေ့မှောက်တွင် မယ်ဒလင်း အောဘရိုက်က “လွှတ်တော်နဲ့ သမ္မတကြား၊ နိုင်ငံရေးပါတီများ၊ ပြည်သူတွေနဲ့ စစ်တပ်အပါအဝင် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှုမရှိဘဲ အောင်မြင်တဲ့ ဒီမိုကရေစီစနစ်တရပ် ဖြစ်လာမှာမဟုတ်ဘူး။ ယုံကြည်မှုမရှိရင် ဘာတွေဖြစ်လာမယ်ဆိုတာကို ကျမတို့ မြင်တွေ့ခဲ့ပြီးပြီ”ဟု ပြောဆိုသည်။
ယုံကြည်မှုများ မရှိခြင်းကြောင့် ရွေးကောက်ပွဲ ရလဒ်များကို လျစ်လျူရှုခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်ကို ရာဇဝတ်မှုသဖွယ် ဆက်ဆံခြင်း၊ လူနည်းအုပ်စုကို နှိပ်ကွပ်ခြင်း၊ ဆရာ၊ ဆရာမများကို အမှန်တရားအစား အလိမ်အညာများသာ သင်ကြားစေခြင်း၊ အာဏာရှိသူများက အာဏာ အလွဲသုံးစားသုံး၍ တိုင်းပြည်ဘဏ္ဍာနှင့် ၎င်းတို့သာ ကြွယ်ဝအောင်လုပ်ခြင်း တို့ကို ပြန်လည် ဖြစ်ပွားလာစေနိုင်သည်ဟု သတိပေးသည်။
ထို့အပြင် အမေရိကန် ပြည်ထောင်စုသည်လည်း တချိန်တခါက ဘာသာရေးအရ လူနည်းစုများကို နှိပ်ကွပ်ခဲ့ကြောင်း၊ ကျေးကျွန်ခွဲခြားမှု အသားအရောင် ခွဲခြားမှုနှင့် ပြည်တွင်းစစ်တို့ကို ဖြတ်သန်းခဲ့ဖူးကြောင်း၊ အမျိုးသမီးများအား မဲပေးပိုင်ခွင့် ပိတ်ပင်ခဲ့ဖူးကြောင်း ထည့်သွင်းပြောဆိုသည်။
“အခက်အခဲတွေကြားမှာ အမေရိကန်ပြည်ထောင်စု လွတ်မြောက်ပြီး ရှင်သန်လာတာဟာ ကျမတို့ရဲ့ အမှားတွေကနေ ကျမတို့ သင်ယူနိုင်ခဲ့ပြီး ဒီမိုကရေစီရဲ့ ကတိကဝတ်တွေဖြစ်တဲ့ တူညီတဲ့ အခွင့်အရေး အခွင့်အလမ်းတွေနဲ့အညီ နေထိုင်နိုင်အောင် ကြိုးပမ်းခဲ့တာကြောင့်ပါ” ဟု မယ်ဒလင်း အောဘရိုက်က ပြောဆိုသည်။
ထို့အပြင် အင်ဒိုနီးရှား၊ တောင်အာဖရိက နှင့် ဥရောပအလယ်ပိုင်းနိုင်ငံများ၏ အသွင်ကူးပြောင်းမှုတွင် မတူကွဲပြားမှုများကို လက်ခံနားလည်တတ်ပြီး ဒီမိုကရေစီစနစ်ကို အောင်မြင်စေခဲ့ကြောင်းလည်း ဆိုသည်။
မြန်မာနိုင်ငံရှိ မွတ်စလင်များကို ဦးတည်တိုက်ခိုက်သည့် နေအိမ်များ ဗလီများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဘာသာရေး စာသင်ကျောင်းများကို တိုက်ခိုက်ခြင်း၊ လူ့အသက်ဆုံးရှုံးရသည့် သတင်းများကို ကမ္ဘာက တွေ့မြင်ခဲ့ရပြီး ထိုကဲ့သို့ ဘာသာရေး လူမျိုးရေးကို အခြေခံ၍ အကြမ်းဖက်သည်ကို မိမိကဲ့သို့ ပြည်သူများ လက်ခံမည် မဟုတ်သည်ကို မိမိအနေဖြင့် ယုံကြည်သည်ဟုလည်း ဆိုသည်။
အစိုးရတာဝန်နှင့် National Democratic Institute ၏ ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်စဉ် တလျှောက်လုံး အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ် ကူးပြောင်းလာသည့် နိုင်ငံများကို မြင်ဖူးကြောင်း၊ အသွင်ကူးပြောင်းမှုတိုင်းသည် တမူထူးခြားသော်လည်း ၎င်းတို့တွင် တူညီသည့် အပိုင်းများရှိကြောင်း၊ ၎င်းတို့အနက် အရေးအကြီးဆုံးနှင့် အခက်ခဲဆုံးအပိုင်းသည် စိတ်ရှည် သည်းခံရန်ပင်ဖြစ်သည်ဟု မယ်ဒလင်း အောဘရိုက်က ပြောသည်။
စစ်မှန်သည့် ဒီမိုကရက်တစ်စနစ်တွင် ခေါင်းဆောင်များက နိုင်ငံသားများအတွက် တရားဥပဒေနှင့်အညီ တာဝန်ရှိပြီး၊ လက်နက်ကိုင် တပ်ဖွဲ့များကို အရပ်သားများက ထိန်းချုပ်ရမည်ဖြစ်ကာ မည်သည့်ပါတီသည် အင်အားကြီးနေသည်ဖြစ်စေ အတိုက်အခံများ၏ အခွင့်အရေးကို စောင့်ရှောက်ပေးရမည် ဟုလည်း ပြောသည်။
“ဒီမိုကရေစီအတွက် အဓိကစိန်ခေါ်မှုတခုက မတူညီတဲ့ တိုင်းရင်းသား၊ ကိုးကွယ်ရာဘာသာနဲ့ သာသာစကားတွေဟာ စည်းလုံးညီညွတ်မှုအတွက် အခြေခံ အုတ်ချပ်တွေဖြစ်ပြီး အတားအဆီးတွေ မဟုတ်ဘူး” ဟု ပြောခဲ့သည်။
နိုင်ငံတွင်း အုပ်ချုပ်ရေးဆိုင်ရာ အင်စတီကျူးရှင်းများ မြှင့်တင်ရန်၊ လူ့အဖွဲ့အစည်းများ ချဲ့ထွင်ရန်၊ မှန်ကန်သည့် အစီအစဉ်များကို ချမှတ်ရန်၊ ပြုပြင်ပြောင်းလဲမှုများမှ တည်ငြိမ်သည့် ခေတ်မီသည့် ကြီးပွားချမ်းသာသည့် အေးချမ်းသည့် နိုင်ငံဖြစ်လာရန် ပြည်သူများအနေဖြင့် နေ့စဉ်ပြုလုပ်သွားရန် လိုသည်ဟုလည်း ဆိုသည်။
“စောစောကပြောတာတွေကို တခြားဘယ်သူမှ လာလုပ်ပေးမှာမဟုတ်ဘူး။ သင်တို့ကိုယ်တိုင်ပဲ လုပ်ရမှာ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအပြင် အာရှ၊ ဥရောပနဲ့ ကမ္ဘာတလွှားက အခြားနိုင်ငံတွေက မိတ်ဆွေတွေကလည်း ကူညီပေးနိုင်ပါတယ်” ဟု မယ်ဒလင်း အောဘရိုက်က ပြောဆိုသွားခဲ့သည်။