သတင်း

ဧရာဝတီတိုင်း အနှံ့ ထွန်တုံးတိုက်ပွဲများ ဖြစ်ပွားနေ

This article has been converted from Zawgyi One to Unicode

ဧရာဝတီတိုင်း ဒေသကြီး ၈ မြို့နယ်အတွင်းရှိ လယ်ယာမြေသိမ်းဆည်းခံ လယ်သမားများက ၎င်းတို့လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲ ဆင်နွဲှမှုများ ပြုလုပ်ကြောင်း သိရသည်။

ပန်းတနော်၊ မအူပင် ၊ ကျောင်းကုန်း၊ ၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ကန်ကြီးထောင့်၊ သာပေါင်းနှင့် ငပုတော မြို့နယ်များတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လယ်သမားများက ထွန်တုံးတိုက်ပွဲ ဆင်နွှဲ၍ လယ်ယာမြေများကို ထွန်ယက်စိုက်ပျိုးမှုများ လုပ်ဆောင်နေကြခြင်း ဖြစ်သည်ဟု ဒေသခံ လယ်သမားများက ပြောသည်။

ပန်းတနော်မြို့နယ်တွင် ဦးကြည်ငြိမ်း ပိုင်ဆိုင်သည့် ဖိုးလမင်း ကုမ္ပဏီက သိမ်းဆည်းထားသော လယ်ယာမြေဧက ၅၀၀၀ ကျော်အနက် ကဒုံကနိ ကျေးရွာအနီးရှိ လယ်ဧက ၅၀၀ ကျော်အား လယ်သမားများက ပြန်လည်ရယူကာ ဝင်ရောက် ထွန်ယက်စိုက်ပျိုးနေ ကြောင်း သိရသည်။

“ကျမကတော့ လယ်ထွန်ပြီးလို့ ပျိုးတောင်ကြဲထားပြီးပြီ။ ကျမတို့မှာ လုပ်စရာ ဒီလယ်လေးပဲ ရှိတာ။ အစိုးရကလည်း ဖြေရှင်းပေး မယ်ဆိုပြီးတော့ မိုးစပါးစိုက်ချိန်သာရောက်လာတယ်။ ဘာမှ ဖြစ်မလာဘူး။ အဲဒီတော့ ကျမတို့လည်း မစောင့်နိုင်တော့ဘူး။ ကိုယ့် လယ်ကို ကိုယ့်ဘာသာ ဝင်ထွန်ပစ်လိုက်တယ်”ဟု ပန်းတနော်မြို့နယ် ခနွဲကပို ကျေးရွာမှ လယ်သူမတဦးက ဧရာဝတီကို ပြော သည်။

ဖျာပုံမြို့နယ် ကျိုက်ကမ္ဘာကျေးရွာအုပ်စုမှ လယ်သမား ၂၀၀ ကျော်က ယခင်ကျေးရွာ ဥက္ကဋ္ဌဟောင်းများ သိမ်းဆည်းထားသည့် လယ်မြေဧက ၄၀၀ ကျော်ကို ဝင်ရောက်ထွန်ယက် စိုက်ပျိုးမှုများလုပ်ဆောင်ခဲ့ပြီး ငပုတောမြို့နယ် ကညင်ငူကျေးရွာတွင်လည်း ဧရာဝတီ တိုင်းဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးဌာန(စစစ) မှ ၂၀၀၁ ခုနှစ်က သိမ်းဆည်းထားသည့် လယ်မြေဧက ၄၀ ကျော်ကို မူလပိုင်ရှင်တောင်သူများက ထွန်တုံးတိုက်ပွဲဆင်နွှဲ၍ ပြန်လည်ရယူ လုပ်ကိုင်နေသည်။

“သိမ်းတုန်းက စသုံးလုံး ဝန်ထမ်းသက်သာချောင်ချိရေးဆိုပြီး သိမ်းသွားတာ။ ပြေစာ အထောက်အထားတွေပြလည်း မရဘူး။ ကျနော်တို့မှာ လယ်ယာတွေမရှိတော့ ကလေးတွေလည်း ကျောင်းထုတ်ရ၊ စားဝတ်နေရေးလည်း ကျပ်တည်းခဲ့ကြပါတယ်။ အခုက မိုးက ရွာနေတော့ ထွန်ယက်ဖို့အချိန်ကျနေပြီ။ စိုက်ချိန်တန်လို့ မစိုက်ဘဲနေရင် စပါးက ရိတ်တဲ့အချိန်ကျတော့ အဆင်မပြေတော့ဘူး။ လေလွင့်ပျက်စီးမှုတွေ ကြုံရနိုင်တယ်။ အဲဒီတော့ မစောင့်နိုင်တော့ဘဲ ကိုယ့်လယ်ကို ဝင်ထွန်ကြတာပါ”ဟု လယ်မြေ ဧက ၂၀ အသိမ်း ခံခဲ့ရသည့် ကညင်ငူကျေးရွာမှ ဦးစန်းဝင်းက ပြောသည်။

သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စုတွင်လည်း ဧရာရွှေဝါကုမ္ပဏီက နိုင်ငံတော်သို့ ပြန်အပ်သည့် လယ်ယာမြေ ၅၆၂ ဧကကို ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီက ယာယီလုပ်ကိုင်ခွင့် ချထားပေးရာတွင် မကျေနပ်သည့်အတွက် ဒေသခံတောင်သူများက ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ခဲ့ကြသည်။

“ဧရာရွှေဝါက နိုင်ငံတော်ကို ပြန်ပေးပြီးသားလယ်တွေကို ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဆီကို အပ်လိုက်တယ်။ ကော်မတီက ယာယီလုပ်ကိုင်ခွင့်ချပေးရာမှာ မူလပိုင်ရှင် လယ်သမားတွေကို ချမပေးဘဲ ဧရာရွှေဝါဆီကနေ သီးစားခပေးပြီး ယခင် လုပ်ကိုင်နေတဲ့ ယူနစ်လယ်သမားတွေကို ချပေးတဲ့အတွက် မကျေနပ်လို့ လယ်သမားတွေက ထွန်တုံးတိုက်ပွဲ လုပ်ကြတာပေါ့”ဟု သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ပြောသည်။

အလားတူ မအူပင်မြို့နယ် မလက်တိုကျေးရွာ ၊ ကျောင်းကုန်းမြို့နယ် သဲခုံကျေးရွာ၊ မော်လမြိုင်ကျွန်းမြို့နယ် ကြက်လျှာကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ် ခုံဇင်ကုန်းကျေးရွာတို့တွင်လည်း အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းခံထားရသော လယ်ယာမြေများကို မူလပိုင်ရှင် လယ်သမားများက ပြန်လည်ရယူ လုပ်ကိုင်နေကြသည်။

သိမ်းဆည်းခံထားရသည့် လယ်ယာမြေများနှင့်ပတ်သက်၍ ရသင့်ရထိုက်သည့်လယ်များကို ဥပဒေနှင့်အညီ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ထွန်တုံးတိုက်ပွဲ ပြုလုပ်ရာတွင် တပါးသူ ပိုင်ဆိုင်သောလယ်မြေအတွင်း ဝင်ရောက်ထွန်ယက်မိပါက ဥပဒေအရ တရားစွဲမှုများ ခံရနိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဆန်းမောင်က ပြောဆိုထားသည်။

တိုင်းဒေသကြီးအစိုးရက ဒေတတချို့ရှိ ထွန်တုံးတိုက်ပွဲများကို တားမြစ်ခြင်းများ ရှိသော်လည်း အကြမ်းဖက်ဖြိုခွင်းမှုများ ယနေ့တိုင် ပြုလုပ်ခြင်းမရှိသေးပေ။

“မူလပိုင်ရှင် လယ်သမားတွေ လက်ထဲကို လယ်ယာမြေတွေ ပြန်မရောက်မခြင်း ထွန်တုံးတိုက်ပွဲတွေက ဖြစ်နေမှာပါပဲ။ တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒီလယ်ယာမြေပြဿနာ တွေကို ဖြေရှင်းမယ်ဆိုရင် အခုက အချိန်မီပါသေးတယ်။ ဒါဟာ အချိန်ဆွဲထားလို့မရဘဲ အလျှင်အမြန်ဖြေရှင်းရမယ့် ပြဿနာ၊ ဧရာဝတီတိုင်းဒေသကြီးအတွက် အရမ်းအရေးကြီးတဲ့ ပြဿနာမို့လို့ ကျနော်တို့ အခုလို ထပ် ကာ ထပ်ကာ တိုက်တွန်းပြောဆိုနေတာ ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး တောင်သူလယ်သမားနှင့်ရေလုပ်သားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂ ဥက္ကဋ္ဌ ဦးသိန်းဝင်း က ပြောဆိုသည်။

လယ်ယာမြေပြဿနာများဖြေရှင်းရာတွင် အစိုးရက မိမိအစီအစဉ်ဖြင့် ဖြေရှင်းနေခြင်းထက်၊ လယ်သိမ်းခံရသူလယ်သမား၊ တောင်သူ လယ်သမားအရေး ဆောင်ရွက်နေသူ သမဂ္ဂ ကွန်ရက်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးအစိုးရနှင့် လယ်သိမ်းသူအဖွဲ့အစည်းများ စားပွဲဝိုင်းတွင် တွေ့ဆုံကာ ဆွေးနွေးညှိနှိုင်းဖြေရှင်းခြင်းက အကောင်းဆုံးဖြစ်မည်ထင်ကြောင်း ဦးသိန်းဝင်းက ဆိုသည်။

ဧရာဝတီတိုင်းအနှံ့ စစ်တပ်၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာစသဖြင့် အဖွဲ့အစည်းမျိုးစုံက အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသော လယ် ယာမြေဧက ၁ သိန်းကျော်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျနော့်အနေနဲ့ကတော့ လယ်ယာမြေပြဿနာတွေကို အမြန်ဆုံး ပြေလည်စေချင်ပါတယ်။ ဘာလို့ဆိုတော့ လယ်ယာမြေတွေကို အကြောင်းပြုပြီး ကျနော်တို့ တိုင်းဒေသကြီးမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေဖြစ်လာမှာကို မလိုလားပါဘူး။ ဒါကြောင့် သိမ်း ဆည်း ခံရတာလည်း မှန်တယ်။ ပိုင်ဆိုင်ကြောင်း အထောက်အထားတွေလည်း ရှိတယ်ဆိုရင် မူလပိုင်ရှင်လယ်သမားတွေကို လယ် ယာမြေတွေ အမြန်ဆုံး ပြန်ပေးလိုက်တာ အကောင်းဆုံး ဖြစ်မယ်ထင်ပါတယ်”ဟု ငပုတောမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးတခုလုံးတွင် လယ်ယာမြေဧကပေါင်း ၃၇ သိန်းကျော်ရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများအရ သိရသည်။

Loading