လူ့အခွင့်အရေးလား၊ လူဦးရေ ထိန်းချုပ်မှုလား
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ်အစိုးရက ဒေသန္တရ အမိန့်တခု ထုတ်သည်။ ထိုအမိန့်မှာ ဘူးသီးတောင် မောင်းတောနေ ဘင်္ဂါလီမိသားစုများ ကလေးနှစ်ယောက်ထက် ပိုမယူရေး (Two Child policy) ဖြစ်သည်။ ဒါကို မေ ၂၇ တွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအမိန့်သည် လူလူချင်း ခွဲခြား ဆက်ဆံခြင်းဖြစ်၍ လူ့အခွင့်အရေး ချိုးဖောက်ရာ ရောက်သည်ဟု ဝေဖန်သည်။ ထိုဝေဖန်မှုက အတန်ငယ် ဂယက်ထသွားသည်။ ထောက်ခံသူတွေရှိသလို ကန့်ကွက်သူတွေလည်း ရှိသည်။ ကန့်ကွက်သူ တွေထဲမှ တချို့က ဇွန်လ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့၌ ဆန္ဒပြမည်ဟူသော သတင်းများ ထွက်ပေါ်လာပြန်သည်။
ထိုနေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သို့ ရခိုင်လူငယ်တချို့ ရောက်လာသော်လည်း ဆန္ဒပြဖို့မဟုတ်၊ အခြေအနေကို လာအကဲခတ်တာ ဟုဆိုသည်။ ရခိုင်ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဤသတင်းမှာ ကောလာဟလပါ ဟုပြောသည်။ သို့သော် မေ ၃၁ က စစ်တွေခရိုင်မှာရှိသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ်ရုံး ၈ ခု ကတော့ ရခိုင်ပြည်နယ် အစိုးရ၏ ဒေသန္တရအမိန့်ကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။ သို့သော် NLD ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ရခိုင်ပြည်နယ်ဥက္ကဋ္ဌဖြစ်သူ ဦးညီပု ကတော့ ထုတ်ပြန်ချက်ကို မသိဟုဆိုပြန်သည်။
ပြည်နယ် သဘောထားမဟုတ်ဟု ပြောပြန်သည်။ သို့သော် (သို့သော်တွေ များသွားတာ သီးခံဖတ်ရှုပါ) ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ “ဒီဒေသမှာ နေကြည့်မှ ဒီအမိန့်ဟာ လိုအပ်တယ်ဆိုတာ သဘော ပေါက်မယ်၊ ကျနော်ကတော့ လက်ခံတယ်” ဟု ဆိုသည်။
ဘူးသီးတောင် မောင်းတောဒေသတွင် ဘင်္ဂါလီဦးရေ လျှင်မြန်စွာတိုးပွားနေတာ တနိုင်ငံလုံးသိကြသည်။ အိမ်ထောင်စုတစု တွင် မိသားစုဝင် ရှစ်ဆယ်ကျော် ရှိနေတာပင်တွေ့ရသည်။ ပထဝီနိုင်ငံရေး အရကြည့်လျှင် ကပ်လျှက်ဒေသမှာ ဘင်္ဂါလီတို့ ဌာနေ ဘင်္ဂလားဒေ့ရှ် ဖြစ်နေသဖြင့် အင်မတန် အန္တရာယ်များသည်။ အချိန်မရွေး ထိုဒေသများကို လူဦးရေအရ ဝါးမျိုကာ တဘက်နိုင်ငံ လက်အောက် ရောက်ရှိသွားနိုင်သည်။ ရိုဟင်ဂျာ အမည်ခံကာ ပြည်နယ်ထူထောင်ခွင့် တောင်းမည်။ ဘင်္ဂါလီ တို့သည် မြန်မာနိုင်ငံက ပြဌာန်းထားသော ဥပဒေနှင့်ညီလျှင် နိုင်ငံသားဖြစ်ခွင့်ရှိ၏။ သို့သော် တိုင်းရင်းသား မဟုတ်သဖြင့် ပြည်နယ်ထူထောင်ခွင့်မရှိ။ ဒါက အမျိုးသားလုံခြုံရေး ပြဿနာ။ ပြီးတော့ အားလုံးနှင့်ဆိုင်သော နိုင်ငံတော် အကျိုးစီးပွား ဖြစ်သည်။ အစိုးရ အကျိုးစီးပွား မဟုတ်ပါ။
ကျနော်တို့ငယ်ငယ်က ဖျားနာချောင်းဆိုးလျှင် ဗမာဆရာနှင့် မိဘများကပြ၏။ ထိုဆရာက တိုင်းရင်းဆေး အမျိုးမျိုးကို ရော ဂါကြည့်ကာ ခွဲခြားပေး၏။ သို့သော် ဘာဆေးပဲဖြစ်ဖြစ် သူညွှန်ကြားတာက “ကွမ်းရွက်ပြုတ်ရည်” နှင့် သောက်ရမည်ဟူ၏။ အခု ကျနော်တို့ဆီတွင် ဒီမိုကရေစီဟု အသံကျယ်လာကတည်းက လူ့အခွင့်အရေး ဆိုသောစကားလုံးမှာ ထည်လဲသုံး “ကွမ်းရွက်ပြုတ်ရည်” ဖြစ်လာသည်။
သမုတိ လောကကြီးထဲ၌ လူ့အခွင့်အရေး ဆိုသောဝေါဟာရ၏ စံနှုန်း၊ တန်ဖိုး၊ အနက် အဓိပ္ပာယ် တို့သည်လည်း သမုတိ သဘောဆောင်သည်ကို မေ့လျော့နေကြသည်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တာကို လူကြိုက်များစေလိုလျှင် “လူ့အခွင့်အရေး” ဟု တံဆိပ်ကပ်လိုက်ကြသည်။ ဥပမာ မွတ်စလင် လူ့အဖွဲ့အစည်းတွင် ယောက်ျားတဦးလျှင် ဇနီးလေးယောက် တရားဝင် လက်ထပ်ခွင့်ပြုထားခြင်းမှာ သူတို့ဘာသာဓလေ့ လူ့အခွင့်အရေး ဖြစ်သည်ဆိုသော အချက်ကို မငြင်းလိုပါ။ ထို့ကြောင့် မြန်မာ့လူ့အဖွဲ့အစည်းတွင် ထာဝရကျင့်သုံးလာသော တလင် တမယား စနစ်ကြောင့် မြန်မာယောက်ျားများ လူ့အခွင့်အရေး ဆုံးရှုံးနေကြပါသည်ဟု ကြွေးကြော်တောင်းဆိုရန် သင့်တော် ပါမည်လား။ ယင်းကိစ္စမှာ ကျနော်တို့ လူ့အဖွဲ့အစည်းက ကျေကျေနပ်နပ် နှစ်သက်စွာ လက်ခံထားသော ကိစ္စသာ ဖြစ်ပါသည်။
ဂရိခေတ်ကောင်းစဉ် ကာလကပင် ပလေတိုက လူဦးရေကန့်သတ်ရန် ပြောဆိုဖူးသည်။ ရှေးဟောင်း တရုတ်ပြည်၌လည်း လူဦးရေ များလွန်းတာကိုကြည့်၍ ပညာရှိ ကွန်ဖျူးရှပ်က လူဦးရေနှင့် နေထိုင်ရာပတ်ဝန်းကျင် သဟဇာတ ဖြစ်ရမည်ဟု လမ်းညွှန်ဖူးသည်။ ဂေဟဗေဒ (Ecology) သဘောကို တော်တော်စောစောက သဘောပေါက်သည်။ ပရေရီ မြက်ခင်းပြင်တွင် မြက်စားသတ္တဝါ တွေရော အသားစားသတ္တဝါတွေပါ ရောနှောနေထိုင်ကြသည်။ သူတို့ရဲ့ တိုးပွားနှုန်းကို သဘာဝတရား ကြီးက သဘာဝကျစွာ ထိန်းချုပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်တို့သည် လူတို့ကဲ့သို့ ဆင်ခြင်တုံတရား မရှိသောကြောင့် ဖြစ်သည်။
တရုတ်ပြည်သည် One Child Policy ခေါ် တအိမ်ထောင် ကလေးတယောက်မူဝါဒ ချမှတ်ကျင့်သုံးရာမှ ယနေ့ စီးပွားရေး အင်အားကြီး နိုင်ငံဘဝရောက်ခဲ့ရတာ ငြင်းမရ။ အစိုးရသည် နိုင်ငံနှင့် လူမျိုးအတွက် သူ၏အာဏာကို လိုအပ်သလို သုံးစွဲ နိုင်သည်။ ကမ္ဘာ့ နိုင်ငံအတော် များများမှာပင် လူဦးရေထိန်းချုပ်မှု ရှိကြသည်။
Population Theories ခေါ် လူဦးရေဆိုင်ရာ သဘောတရားနှင့် ပတ်သက်၍ ထင်ရှားသူတဦးမှာ သောမတ်စ် ရောဘတ် မားသုစ် (Thomas Robert Malthus) ဖြစ်သည်။ သူက လူဦးရေ များပြားလာခြင်းကြောင့် လူမှုရေး၊ စီးပွားရေး ပြဿနာများ ဖြစ်ထွန်းလာကြောင်း ထောက်ပြခဲ့၏။ အထူးသဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု။ နောက်ဆက်၍ ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် အလုပ်လက်မဲ့ ပေါများခြင်း၊ လူဦးရေ တိုးတက်မှုနှုန်း (Geometrical Progression – GP) သည် နှစ်ဆတိုးပုံစံ (၂.၄.၈.၁၆.၃၂) ဖြင့် တိုးတက်နေခြင်းဖြစ်သည်။ ယင်းမှာ ပုံသေနှုန်းဖြစ်၍ ဘင်္ဂါလီတို့ တိုးတက်မှုနှုန်းဆိုလျှင် ဇနီးလေးယောက်ဟု သတ်မှတ်ကာ ထိုနှုန်းကို ၄ ဖြင့်သာ မြှောက်ကြည့်ပေတော့။ စားနပ်ရိက္ခာ တိုးတက်မှုနှုန်းမှာမူ AP (Arithmetical Progression) ဖြစ်ရာ အချိုးအစားအရ (၂.၄.၆.၈.၁၀) ဖြင့်သာ တိုးပွားနေသည်။ ထို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရန် လူဦးရေထိန်းချုပ်မှု (Population Control) မှာ လိုအပ်သည်ဟု ဆိုလေသည်။
လက်ရှိ မြန်မာနိုင်ငံတွင်လည်း သားဆက်ခြားရေး ပညာပေးဖြင့် လူဦးရေ တိုးတက်မှုနှုန်းကို ထိန်းချုပ်ထားခဲ့သည်။ ယခင်က အိမ်ထောင်စုတစုလျှင် သားသမီးငါးယောက် ပျမ်းမျှအခြေအနေမှ ယခုအခါ ပျမ်းမျှ သုံးယောက် အခြေအနေသို့ ရောက်ရှိ နေလေသည်။ ငါးယောက်နှင့် အထက်မွေးသော အိမ်ထောင်စုများမှာ ကလေးတိုင်းကို ကျန်းမာအောင် ဂရုမစိုက်နိုင်၊ အဟာရ ပြည့်ဝအောင်လည်း မကျွေးမွေးနိုင်၊ ပညာလည်း ဆုံးခန်းတိုင်အောင် သင်ကြားမပေးနိုင်။ သို့ဖြင့် ထိုလူ့အဖွဲ့အစည်းသည် စိတ်ရောကိုယ်ပါ ချို့တဲ့သော၊ ပညာမဲ့သော မျိုးဆက်များကိုသာ ပြန့်ပွားအောင် ဖန်တီးပေးလေတော့သည်။
ဘူးသီးတောင်၊ မောင်းတောတွင် ကြုံတွေ့နေသော အခြေအနေမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ ထိုဒေသရှိ ကြီးမားသော လူဦးရေ ပေါက်ကွဲမှု (Population Explosion) က စိတ်မချမ်းသာဖွယ်ရာ အကြမ်းဖက်မှုများကို မွေးထုတ်ပေးခဲ့လေသည်။ ဤပြဿနာ စတင်၍ ပေါ်ပေါက်လာရခြင်း၏ ဇစ်မြစ်ကို လေ့လာကြည့်ပါ။ အသိဉာဏ်ရှိသောလူများ ကျူးလွန်ရန် စိတ်ပင် မကူးရဲသော ရာဇဝတ်မှုကို ကျူးလွန်ရန် ဝန်မလေးသူတွေ တိုးပွားလာတာကို ဒီအတိုင်း လူ့အခွင့်အရေး မျက်မှန်စိမ်း တပ်၍ ထိုင်ကြည့်နေပါက တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးမှာ ကြာလေဝေးလေ ဖြစ်ရပေတော့မည်။
အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာမှ အဲဒီအကြမ်းဖက်သူတွေကို ဖမ်းဆီးထိန်းချုပ်ဖို့ စိတ်ကူးကောင်း စိတ်ကူး နေပေလိမ့်မည်။ ကျနော့် သဘောကတော့ လူတွေကို ဖြစ်ပြီးမှ ထိန်းချုပ်တာထက်၊ ဘာမှ မဖြစ်သေးခင် လူဦးရေကို ထိန်းချုပ်တာက ပိုမို သင့်လျှော်သည်ဟု ထင်မြင်မိလေသည်။