ရန်ကုန် မြို့ပတ်ရထားများတွင် အီလက်ထရွန်းနစ် ကြိုတင်ငွေဖြည့်ကတ်ဖြင့် စီးနင်းမည့် စနစ်ကို အကောင်အထည် ဖော်နိုင်ရန် မြန်မာ့မီးရထားနှင့် i Pay ကုမ္ပဏီတို့ စတင်ညှိနှိုင်းနေပြီ ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောသည်။
“အကောင်အထည် ဖော်ဖို့တော့ သိပ်မခက်ဘူးလို့ ကျနော်ထင်တယ်။ အခုလည်း ကားနဲ့သင်္ဘောတွေမှာ လုပ်နေတယ်။ ဒါပေမယ့် ငွေကြေးကိစ္စ ညှိရမှာတွေရှိတယ်။ ကျနော်တို့က တနေ့ဝင်ငွေကို တနေ့ရှင်းတဲ့ စနစ်နဲ့သွားနေတာ ဆိုတော့လေ” ဟု မြန်မာ့မီးရထားမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးချစ်ကျော်မျိုးက ပြောသည်။
သူက ဆက်လက်၍ “သူတို့တွေဘက်ကလည်း ဘူတာတွေမှာ အဆောက်အဦး ဆောက်တာတွေ လုပ်ရဦးမယ်။ လောလောဆယ်မှာ ချက်ချင်းသာ မစနိုင်သေးတာ။ ကျနော်တို့ ညှိနေပါတယ်” ဟု ပြောသည်။
ရန်ကုန်မြို့တွင်း သွားလာရေးတွင် အီလက်ထရွန်းနစ် ငွေဖြည့်ကတ်သုံး စနစ်ကို ၂၀၁၂ တွင် စတင်ခဲ့သည့် i Pay ကုမ္ပဏီမှ အော်ပရေးရှင်း မန်နေဂျာ ဦးသန့်စင်က “ကျနော်တို့မှာ နည်းပညာ အဆင်သင့် ရှိပါတယ်။ မြို့ပတ်ရထားမှာ သုံးဖို့ အခု ဆွေးနွေးနေပါတယ်။ ဘူတာတွေကို ကွင်းဆင်း ကြည့်နေတယ်။ ရထားတွေ စီးကြည့်တယ်။ လက်မှတ်တွေ ဘယ်လို သွင်းတယ်၊ ထုတ်တယ်ဆိုတာတွေ ကြည့်တယ်။ တာဝန်ရှိတဲ့ သူတွေကလည်း ကျနော်တို့ကို လေ့လာကြည့်ဖို့ ပြောတယ်။ ပြီးတော့ တွေ့ရှိချက်တွေကို လက်ရှိစနစ်နဲ့ အံဝင်အောင် ဘယ်လိုလုပ်မယ် ဆိုတာ တင်ထားတယ်” ဟု ပြောသည်။
မြန်မာ့မီးရထားက လက်ရှိပြေးဆွဲနေသည့် ဈေးနှုန်း၊ လုပ်ထုံးလုပ်နည်းများ အတိုင်း ပြေးဆွဲသွားမည်ဖြစ်ပြီး မြို့ပတ်တွင် ဝန်ဆောင်မှု အဆင်ပြေပါက အဝေးပြေး လိုင်းများတွင်လည်း အဆင့်ဆင့်တိုးချဲ့နိုင်အောင် ဝန်ကြီးဋ္ဌာနနှင့် ညှိနှိုင်း စီစဉ်သွားမည်ဖြစ်ကြောင်း ဦးသန့်စင်က ဆက်လက်ပြောသည်။
ရန်ကုန်မြို့တွင် မြို့ပတ်ရထားများကို တနေ့လျှင် အစီး ၂၀ ခန့်ဖြင့်၊ စုစုပေါင်း အကြိမ် ၂၀၀ ပြေးဆွဲလျှက်ရှိကြောင်း မြန်မာ့မီးရထား၏ ကိန်းဂဏန်းများအရ သိရသည်။
ရထားစီးနင်းခ နှုန်းထားများမှာ ရိုးရိုးတန်း ၁၀၀ ကျပ်နှင့် အထူးတန်း ၂၀၀ ကျပ်တို့ဖြစ်သည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အများပြည်သူသုံး လိုင်းကားများနှင့် ပန်းဆိုးတန်း – ဒလ သင်္ဘောများတွင် i Pay ကတ်များဖြင့် စီးနင်းမည့်စနစ်ကို အကောင်အထည် ဖော်ထားပြီး သင်္ဘောစီးနင်းသူများက သုံးစွဲမှု ပိုများပြီး ပို၍ အဆင်ပြေကြောင်း i Pay ကုမ္ပဏီမှ သိရသည်။
နေ့စဉ်လုပ်ငန်းခွင်သို့ ရထားစီးနင်း သွားလာသူ မခင်အေးမွန်က “ကျမကတော့ ကားခကို ကတ်နဲ့ပေးတာမျိုးတော့ မသိဘူး။ ဒါပေမယ့် ရထားကို ကတ်နဲ့စီးရတာ ကြိုက်တယ်။ ရထားလာလို့ ပြေးတက်ရတဲ့ နေ့မျိုးတွေဆိုရင် ရထားလက်မှတ် အလောတကြီး ဝယ်စရာ မလိုတော့ဘူးပေါ့” ဟု သူ့အမြင်ကို ပြောသည်။
ရန်ကုန်မြို့တွင် နေထိုင်ပြီး နေ့စဉ် ကားနှင့် ရထားကို စီးနင်းအသုံးပြုလျှက်ရှိသည့် လူပေါင်း ၂၃ ဦးကို ကြိုတင်ငွေဖြည့် အီလက်ထရွန်းနစ် ကတ်စနစ်နှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ၁၀ ဦးက ကြိုက်နှစ်သက်ပြီး၊ ၁၁ ဦးက ကြိုက်နှစ်သက်ခြင်းမရှိဘဲ၊ ကျန် ၂ ဦးက ယင်းနှင့်ပတ်သက်၍ ၎င်းတို့ မသိရှိကြောင်း ဖြေကြားခဲ့သည်။
စတင် ဝန်ဆောင်မှုပေးသည့် ၂၀၁၂ ခုနှစ် ဧပြီမှ ယခုအချိန်အထိ i Pay ကတ်ပေါင်း ၅ သောင်းကျော် ရောင်းချခဲ့ပြီး နေ့စဉ် သုံးစွဲမှုမှာ လိုင်းကားများတွင် ပျမ်းမျှ လူဦးရေ ၁၈၀၀ ကျော်နှင့် သင်္ဘောစီးနင်းသူ ၂ ထောင်ကျော်ရှိကြောင်း ဦးသန့်စင်က ပြောသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ဘတ်စ်လိုင်း ၈ လိုင်းရှိ ယာဉ်အစီးရေပေါင်း ၃၀၀ တွင် i Pay စက်များ တပ်ဆင်ထားပြီး အရောင်း စင်တာငယ်ပေါင်း ၁၈ ခု ဖွင့်လှစ်ထားကာ၊ ထပ်မံ၍ ၂၅ ခု ဖွင့်သွားဦးမည် ဖြစ်ကြောင်း သိရသည်။
“တနေရာကမှ အမြတ်ရတာ မရှိသေးဘူး။ ကျနော်တို့ ဦးတည်ထားတာက လူတိုင်း ကတ်စနစ် အသုံးပြုနိုင်အောင် လုပ်သွားမယ်။ အားလုံး သုံးနိုင်တဲ့ အခါကျမှ ဘယ်လိုအမြတ်ရအောင် လုပ်မယ်ဆိုတာ ဆက်စဉ်းစားသွားမယ်” ဟု ဦးသန့်စင်က ပြောသည်။